ဘ၀ဘဏ်စာကြည့်တိုက်လေး မွေးဖွားလာဖို့ ပထမ စိတ်ကူးဖြင့် တည်ဆောက်ကြည့်သည်။ စ စချင်း စောက်နဲ့ထွင်းဆိုသလို မလုံမလောက်လှသော ငွေကြေးများဖြင့် မည်သို့မျှ အဆင်မပြေနိုင်တော့သောအခါ လူတစ်ကိုယ်လုံး ရိုက်ချိုးခံထားရသလို ဖြစ်သွားသည်။ ခက်တော့ ခက်တာပဲ။ ငွေရှိမှ လုပ်မယ်ဆိုရင် သေသာ သွားမည်။ စာကြည့်တိုက် ဖြစ်လာမည်မဟုတ်။ ကိုယ့်ကိုယ်ကို အားတင်းကြည့်သည်။ ငွေ ဘယ်လိုရှာရင် ရနိုင်မလဲ။ သူ့မှာ ငွေက လွဲပြီး အရားအားလုံးပြည့်စုံနေပါသည်။
၁)ပတ်ဝန်းကျင်ကောင်းတယ်။
၂) ဆရာသမားကောင်းတွေနဲ့ သူငယ်ချင်းမိတ်ဆွေကောင်းတွေရှိတယ်။
၃) အချိန်ရှိတယ်။ (ပရဟိတလုပ်ဖို့ လုံလောက်တဲ့အချိန်)
၎) ယုံကြည်ချက်ရှိတယ်။
၅) ကိုယ့်ရဲ့ ပစ်မှတ်ကို ထိအောင် ဘယ်လိုနည်းနဲ့မှ နောက်မဆုတ်တမ်းစိတ်ဓာတ်ရှိတယ်။
ဒါနဲ့ စာကြည့်တိုက်အတွက် ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က ငွေသာတွင်းရွာ ဆရာတော်အပါအ၀င် ရပ်ရွာလူထုတွေနှင့် လုပ်ငန်းသဘော ပထမအကြိမ်ညှိနှိုင်းစည်းဝေးတိုင်ပင်လိုက်သည်။ ဆရာတော်ကလည်း လိုလိုချင်ချင်ပဲ စာကြည့်တိုက်အတွက် လုပ်ဆောင်သည့်နေရာတွင် ၀ိုင်းဝန်းကြဖို့ ရွာလူထုကို ဟောပြောသည်။ မုံရွာ ပဇ္ဇောတာရုံကျောင်းတိုက်မှ ဆရာကြီး ဦးနန္ဒိမာလင်္ကာရအပါအ၀င် အားလုံးဇာတိနွယ်ဖွား သံဃာများက အားပေးခဲ့သည်။ ဒါဆို သူ့မှာ စာကြည့်တိုက်နှင့် စာဖတ်အသင်းဖြစ်လာဖို့ အသိုင်းအ၀ိုင်းလုံလောက်ပြီ ထင်သည်။
တစ်ခါတစ်လေတော့လည်း စိတ်ဓာတ်ကျပါသည်။ ဘာမှလုပ်ကိုင်လိုစိတ် မရှိတော့။ လောကကြီးမှာ ပျော်ရွှင်မှု ဆုလာဒ်ဆိုတာ ထိုက်တန်သူမှ ရသတဲ့။ ကြားခဲ့ဖူးတာ။ အခုတော့ သူ လုံးဝမပျော်ရွှင်တော့ပါ။ ကိုယ့်ကိုယ်ကို သတ်သေသွားကြသည့် သူများရဲ့ ဝေဒနာကို တစ်ထပ်တည်းမကျတောင် ထပ်တူနီးပါး ခံစားမိလာခဲ့သည်။ တကယ်တော့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ “အခွင့်ရေးက ကိုယ့်စီမလာရင် ကိုယ်က အခွင့်အရေး ဆီ ရောက်အောင်သွားမယ်”ဆိုသော အမြင်လေးတစ်ခု သူ တစ်ခါက ရင်ဝယ်ပိုက် ခဲ့ဖူးသည်။
ဘာပဲဖြစ်ဖြစ် ။ အခု သူ ကြိုးစားလုပ်ဆောင်နေသည့် စာကြည့်တိုက်ဆိုသည်မှာ သူ့အတွက်တစ်ကိုယ်ရေ တစ်ကာယ အကျိုးစီးပွားမဟုတ်။ အများအတွက်ဖြစ်သည်။ နောက်ဆုံး ဘ၀ဘဏ်စာကြည့်တိုက်ရဲ့ဆောင်ပုဒ်ကို ဘာထားမလဲ လို့ သေချာစဉ်းစားသောအခါ.......
ဘ၀ဆိုတာအဆင်းရှိရင် အတက်ရှိမယ်
ဘ၀ဆိုတာ အလင်းရှိရင် အမှောင်ရှိမယ်။ဒီတော့ ..........
အခွင့်အရေးက ကိုယ့်စီမလာရင် ကိုယ်က အခွင့်အရေးဆီ ရောက်အောင်သွားမယ် ဟူသော စကားလုံးလေးကို ရွေးချယ်ဖြစ်လိုက်ပါတော့သည်။
ရေးသူ : အရှင်နေမိန္ဒာစာရ ( P/P No: A 010511)

1 comment:
ဂုဏ်ယူပါတယ်။ ဆက်လက်အောင်မြင်ပါစေ။
Post a Comment