4/12/09

ပြတ်တောက်သွားသော လက်ကလေးများ အကြောင်း

နေ့စဉ်လူတွေနဲ့ ဆက်ဆံပြောဆိုနေကြရတဲ့ အခါ လူ့အကြိုက်ချည်း လိုက်ဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။အချို့က နားလည်မှုတွေ ရှိကြပြီးတော့ အချို့ကတော့ သူတို့အကြိုက်ချည်း လိုက်ပြောဆိုမှ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးရပါတယ်။ အခုတလော ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ပြဿနာတွေက သူများအကြား လက်လျိုမိလို့ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေပါ။

(၁)
ရွှေပြည်ကြီးက မြို့တော်ရန်ကုန်မှာ ကျွန်တော်နဲ့ ညီရင်းအစ်ကိုလို ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတစ်ယောက်ရှိ ပါတယ်။ သူက အငှားကားမောင်းပြီး မိသားစုအတွက် ၀င်ငွေရှာနေတဲ့ သူ ဖြစ်သလို လူမှုဆက်ဆံရေးတွေ ပရဟိတ (အများအကျိုး)လုပ်တာလည်း စိတ်စေတနာကောင်းကောင်းနဲ့ အကျိုးဆောင်တတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ ယူထားတဲ့ ဇနီးက မိဘက သိပ်သဘောကျဟန် မရှိဘူးလို့ သိရပါတယ်။ သူ့အစ်မကတော့ ပြည်ပမှာ နေထိုင်နေတဲ့ သူပါ။ တစ်နေ့ သူ့အစ်မက ပြည်ပမှာ ခံစားနေရတဲ့ လူမှုဘ၀ဒုက္ခတွေကို ရင်ဖွင့်ရင်း ကျွန်တော့်သူငယ်ချင်းကို ပြောခိုင်းလိုက်ပါတယ်။ ပြောခိုင်းတဲ့အရာက ကိုယ့်ဇနီးကိုချည်း ဂရုစိုက်မနေဘဲ မိဘကိုလည်း ဂရုစိုက်ဖို့ မှာခိုင်းလိုက်တာပါ။ ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်းနဲ့ ဖုန်းပြောဖြစ်တော့ အဲဒီအကြောင်းလေး ထည့်ပြောလိုက်ပါတယ်။ သိပ်မကြာပါဘူး။ နောက်ရက်တွေ ဖုန်းခေါ်တော့ ဖုန်းပိတ်ထားတာနဲ့ချည်း တွေ့ကြုံခဲ့ရပါရောလား။ အခု ကျွန်တော် ရွှေပြည်ကြီးကနေ ထွက်လာတဲ့အထိ ဖုန်းအဆက်သွယ် ပြတ်ပြီး မတွေ့ဖြစ်ကြတော့ပါဘူး။
(၂)
တစ်ခါကတော့ ရွာက ကလေးမလေးတစ်ယောက်ပါ။ သူမ ရန်ကုန်ကို အကြောင်းကြောင်းကြောင့် လာရောက်နေတဲ့အချိန်မှာ ချစ်သူကောင်လေးက ရန်ုကုန်ကို နယ်က လိုက်လာပါတယ်။ ပြီးတော့ သူမကို တစ်ခါတည်း ခိုးသွားပါတော့တယ်။ ဒါနဲ့ ကောင်မလေးရဲ့ မိဘတွေ အဒေါ်တွေက ကျွန်တော့ ပယောဂ ပါတယ်ထင်ပြီး ကျွန်တော့်ကို အမျိုးမျိုး ပြောယုံတင်မကဘဲ ကျွန်တော့်မိဘတွေကိုပါ သွားရောက် ပြောဆိုတဲ့ အထိ လုပ်ခဲ့ကြပါရောလား။ ဒီလိုနဲ့ ကာလတွေ ကြာလို့ ခုနကကောင်မလေးနဲ့ ကောင်လေးလည်း သားသမီး ရလာတယ်ပဲ ဆိုပါစို့။ သူတို့လေးတွေ သားသမီးလည်း ရရော အရင်က ကျွန်တော်တို့ကို ပြစ်တင်ခဲ့တဲ့ ကျွန်တော့်မိဘတွေကိုပါ သွားရောက်ပြောဆိုခဲ့ကြတဲ့ ကောင်မလေးရဲ့ မိဘတွေ အဒေါ်တွေဟာ သူတို့ရဲ့ မြေးလေးကို သူတို့ရဲ့ တူတူမလေးကို သွားတွေ့ပြီး မုန်းဖိုးတွေ ပေးကြရင်းနဲ့ ပြန်လည်အဆင်ပြေသွားကြပါတယ်။ အပြင်လူဖြစ်တဲ့ ကျွန်တော်တို့တတွေကိုတော့ အခုချိန်အထိ မုန်းလို့ကောင်းတုန်း မေတ္တာပို့လို့ ကောင်းတုန်း ဖြစ်ပြီး အဲဒီမိန်းမခိုးတဲ့ ကိစ္စပြီးကတည်းက အဆက်အသွယ်မဖြစ်တော့တာ အခုချိန်ထိပဲ ဆိုပါတော့ဗျာ။
(၃)
နောက်အဖြစ်အပျက်လေးတစ်ခုကတော့ သိပ်ချစ်ပြီး သိပ်နားလည်မှုပြည့်ဝကြတဲ့ ချစ်သူနှစ်ယောက်။ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြပေမယ့် ဆုံနိုင်ခွင့် မရှိကြတဲ့အတွက် အချင်းချင်း ကူညီပေးဆပ်ရင်း အဝေးကနေ လွမ်းနေကြပြီး ရင်ဘတ်ချင်း နီးကြတဲ့ အဖြစ်တွေနဲ့ ဆက်ဆံနေကြရသူလေးတွေပါ။ ဒီလိုနဲ့ ရပ်ကွက်ထဲမှာ သူတို့နှစ်ယောက် သိပ်ရင်းနှီးလွန်းနေတာကို ဝေဖန်နေကြတဲ့ အတွက် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တစ်ယောက်က ဖာထေးရင်း ချစ်နေကြပါတယ်။ ကိုယ့်နာမည်ထက် သူ့နာမည် ညှိုးသွားမှာကို စိုးရိမ်နေကြတာနဲ့ သူတို့တတွေဟာ သူတို့ကိုဝေဖန်လေကန်နေတဲ့သူတွေနဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်သွားကြတာပေါ့။ အခုတော့ တစ်ယောက်နဲ့တစ်ယောက် နေရာတွေ ဝေးနေကြပေမယ့် ရင်ဘတ်ချင်းနီး နေကြချိန်မှာပဲ သူတို့လေးတွေကို ပြောဆိုခဲ့ကြတဲ့ သူငယ်ချင်းတွေ ဆွေမျိုးအသိုင်းဝိုင်းတွေနဲ့တော့ သူတို့လေး တွေရဲ့ ဆက်ဆံရေးဟာ အေးစက်စက်နဲ့ ပြတ်တောက်နေကြဆဲ့ပါပဲ။

ဆိုတော့ . . .
အစကို ပြန်ကောက်ရရင် လင်ကြားမယားကြား၊ မိဘနဲ့ သားသမီးအကြား၊ သမီးရည်းစားအကြား ဆိုတဲ့ မ၀င်သင့်တဲ့ အကြားတွေထဲ လက်သွားလျိုခဲ့မိတဲ့ သူသာ အကျိုးယုတ်ပါလားဆိုတဲ့ အဘိဓမ္မာနဲ့ ကျွန်တော် မောင်နေသစ်ခမျာ ပြတ်တောက်သွားတဲ့ လက်ကလေးတွေ ဘယ်နှချောင်းရှိပါလိမ့်ဆိုတာပဲ ပြန်ပြန်ရေတွက် နေမိကြောင်းပါခမျာ။ ။

No comments:

http://h1.ripway.com/twinpoe/favicon.ico