အကို အမိမြေက ခွဲခဲ့တာ သုံးလကျော် လေးလထဲရောက်ခဲ့ပြီပေါ့။ အကိုတွေ့နေရတဲ့ ဘ၀တွေ၊ မြင်ကွင်းတွေ၊ လူနေမှုအဆင့်အတန်းတွေ အားလုံး အကို့အတွက် အသစ်အဆန်းချည်းပဲလေ။ အကို ရွှေပြည်ကြီး အင်တာနေရှင်နယ်လေဆိပ်က ထွက်ခဲ့တုန်းက ဧပြီ (၅)ရက်နေ့၊ နောက်ချန်ဂီလေဆိပ်ကနေ ထွက်တော့ ဧပြီ(၂၅)ရက်နေ့ဆိုတော့ အခုဆိုရင် အမိမြေက ခွဲခဲ့တာ (၃)လကျော်ပြီပေါ့။ နာရီပေါင်း (၂၀)ကျော်ခရီးကို လေယဉ်စီးဖူးခဲ့တာ ဒါပထမဆုံးဆိုတော့ အကို ရင်ခုံသံတွေ မူမှန်မဟုတ်ခဲ့ဘူးဆိုတာ ၀န်ခံပါတယ်။ ဒါပေမယ့်..
ဘယ်လောက်ပဲ နေရတဲ့အဆင့်အတန်းတွေ ကောင်းကောင်း အကိုတို့ရဲ့ ထာဝရအာဟာရဟာ ပေါင်မုန့် ထောပတ်မဟုတ်ခဲ့ဘူးလေ။ ငပိရည်ကပဲ အကိုတို့အတွက် အကောင်းဆုံးပါပဲ။ ဆိုတော့ အကို ညီမလေးဆီ ဖုံးဆက်တော့ ညီမလေးက မေးတယ်နော်။ အမေရိကဆိုတာ ဘယ်လိုလဲတဲ့။ အကိုမဖြေဖြစ်ခဲ့ဘူး။ မဖြေဖြစ်ခဲ့ဘူးဆိုတာထက် မဖြေနိုင်ခဲ့ဘူးလေ။ တချို့က အထင်ကြီးတဲ့ စိတ်နဲ့ အကောင်းတွေ ပြောမယ်။ တချို့က အထင်သေးတဲ့စိတ်နဲ့ မကောင်းပြောမယ်။ ဒါလူ့သဘာဝပဲလေ။ အခု အကို ပြောချင်တာက အမေရိကန်နိုင်ငံရဲ့ ပုံရိပ်တွေပါ။ ပြီးတော့ အကိုခံစားတွေ့ကြုံနေရတဲ့ ရှုထောင့်တခုစီကပေါ့။
ညီမလေး ကြားဖူးတယ်မလား။ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်က ဆင်ဆိုတာ ဘယ်လိုပါလို့ ပြောကြတာလေ။ နှာမောင်းကို စမ်းမိတဲ့ ပုဏ္ဏားက ဆင်ဆိုတာ မြွေလိုပါလို့ ပြောသလိုပေါ့၊ ကိုယ်နဲ့ ထိတွေ့ရာကို ကိုယ်ကြည့်ပြီး ကိုယ့်ရှုထောင့်နဲ့ကိုယ် ပြောကြတာပဲမဟုတ်လား။ အခုလည်း နယူးယောက်မှာ အသိရှိတဲ့သူက ဒီအချိန်ဆို အမေရိကားမှာ ဘယ်နှနာရီလို့ ပြောမှာဖြစ်သလို့ ၊ ကာလဖိုးနီးယားမှာ အသိရှိတဲ့သူကလည်း ဒီအချိန်ဆို ဘယ်အချိန်ရှိပြီလို့ ပြောနေမှာပဲလေ။ အခု အကိုနေတဲ့ နေရာကနေဆို မြန်မာပြည်မှာ အခု နေ့ခင်း တစ်နာရီဆို ဒီမှာက ညတစ်နာရီခွဲလေ။ ဆိုတော့ အမေရိကားမှာ ပြည်နယ်ငါးဆယ်ဝန်းကျင် ရှိတာဆိုတော့ တစ်ပြည်နယ်နဲ့ တပြည်နယ်က စံတော်ချိန်နာရီတွေ မတူကြဘူးလေ။ပြည်နယ်တွေကလည်း တစ်ပြည်နယ် တစ်ပြည်နယ်ဆိုရင် အကျယ်ကြီးကိုး။ တချို့ပြည်နယ်ဆို အကိုတို့မြန်မာပြည်ထက် ကျယ်တယ်လေ။နောက် အကိုတို့ ရွှေပြည်ကြီးမှာ ရာသီဥတုတွေ ကွဲလွဲနေတာ ရှိသလိုပဲ ဒီမှာလည်း ရှိတာပဲပေါ့။ ကာလဖိုးနီးယားမှာ တောမီးလောင်နေချိန်မှာ မီနီဆိုတာလို ပြည်နယ်တွေမှာ ရေတွေ ခဲ့နေရောပေါ့။
ပြီးတော့ ပြည်နယ်တစ်ခုနဲ့တစ်ခုကလည်း အုပ်ချုပ်ပုံဥပဒေတွေ မတူကြပြန်ဘူး။ တချို့ပြည်နယ်က မြေဈေးချို မယ်။ တစ်ချို့ပြည်နယ်က ပညာရေးစရိတ်သက်သာမယ် စတာတွေ ကွာတာတွေလည်း ရှိနေတာပဲလေ။ပြီးတော့ အာမခံစရိတ်ကြီးမြင့်တာတွေ၊ အာမခံစရိတ်တွေ ကြီးလို့ အာမခံမထားဘူးဆိုရင် ရင်ဆိုင်ရတဲ့ ပြဿနာတွေက လည်း အများကြီး။
ဆိုတော့။ အမေရိကားမှာ အခြားပြည်နယ်က တစ်ယောက်ကို ညီမလေးက ဘယ်လိုလဲ အမေရိကလို့ မေးရင် အဲဒီတစ်ယောက်က သူနေထိုင်ရာပြည်နယ်နဲ့ ယှဉ်ပြောမယ်၊ အကို့ကို မေးရင် အကိုနေထိုင်ရာပြည်နယ်နဲ့ ယှဉ်ပြောမယ်။ ဒီတော့ အဲဒီလိုပြည်နယ်တွေ များတာ၊ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ဥပဒေတွေ၊ ကုန်ဈေးနှုန်းတွေ မတူတာတွေကို ညီမလေးအဲမ သိမထားဘူးဆိုရင် ညီမလေးကြားထားတဲ့ အမေရိကန် အကြောင်း လုံးဝပြီးပြည့်စုံတဲ့ အဖြေမဟုတ်ဘူးဆိုတာတော့ ညီမလေး သိထားဖို့လိုမယ်လေ။ ပြည်နယ်တွေအားလုံးကိုမှ ၀ါရှင်တန်ဒီစီမှာရှိတဲ့ ဗဟိုအစိုးရကနေ ပြန်လည်အုပ်ချုပ်တာပေါ့လေ။ အနှစ်ချုပ်ပြောရရင်တော့ အမေရိကားဆိုတာ အရင်းရှင်စီးပွားရေးစနစ်နိုင်ငံတစ်နိုင်ငံပါ။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ နတ်ပြည်ဖြစ်နေတဲ့ နိုင်ငံပါ။ ပြီးတော့ ရုပ်ဝတ္ထုတွေနောက်လိုက်ရင်း သေခြင်းတရားကို ဖြစ်ညစ်မေ့ထားလို့ရတဲ့ နိုင်ငံပါ။
ဒီတော့ ညီမလေးသာ နောက်လာဦးမယ့် စာတွေကို ဖတ်မိရင် အမေရိကဆိုတာ ဘယ်လို၊ အမေရိကမှာ နေတိုင်း နိုင်ငံကြီးသား ဖြစ်ရဲ့လား၊ သူတို့ဆီက အတွေ့အကြုံတွေဖတ်ပြီး သင်ခန်းစားယူလို့ ရမယ်လို့မျှော်လင့်ပါတယ်။
လောလောဆယ် အကိုကတော့ မိတ်ဆွေကြီးကိုရန်အောင်ရဲ့ အခွင့်ရေးတွေ များသလောက်၊ အခွင့်လမ်းတွေ ကျပျောက်သွားတတ်တယ်ဆိုတဲ့ အဖိုးတန်သတိပေးစကားလေးနဲ့ အရာရာကို ယှဉ်တွေး နေထိုင်နေဆဲပါ။
ညီမလေးအဲမ အမိမြေမှာ ကိုယ်စိတ်ချမ်းသာစွာ နေထိုင်ဖြတ်သန်းနိုင်ပါစေ။။
No comments:
Post a Comment