Showing posts with label ကဗျာPoem. Show all posts
Showing posts with label ကဗျာPoem. Show all posts

4/26/09

အဆက်အစပ်မရှိတဲ့ စာမျက်နှာတစ်ခုအကြောင်း(ကဗျာ)

အိပ်မက်တွေပဲလား
ခေါက်ရိုးကျိုးသွားတဲ့ ကုတ်အကျီတွေနဲ့
ညတွေက တစ်ဘက်လင်း တစ်ဘက်မှောင်။
စောင်တွေ အရေးပေါ်လိုအပ်နေတယ် ညီမငယ်ရေ...

ချန်ဂီ(မနက် နှစ်နာရီ၊မိနစ်နှစ်ဆယ်။၂၅/၀၄/၀၉)
အမေအိပ်မောကျနေပြီလား
သားက အနာဂတ်ကို ရွှေချဖို့
မသေချာမှုတွေနဲ့ ကမ္ဘာအပြားဆိုတဲ့ဆီကို ထွက်တယ်။
မေမေမပါခဲ့ဘူး။
ညီမငယ်ပေးလိုက်တဲ့သီချင်းနဲ့
လေစိမ်းတိုက်ခံနေတဲ့ ရင်ဘတ်နဲ့
မျောပါခဲ့။

မော်စကို(မနက်ဆယ်နာရီခွဲ၊၂၅/၀၄/၀၉)
အောက်တိုဘာတော်လှန်ရေး
ဗော့ဒကာအရက်
ဒေါက်တာဇီဗားဂိုး
အေဗရာမိုဗစ်
အာရှာဗင်
တစ်နာရီခွဲစာ ရုပ်ရှင်ကားနဲ့ မော်စကိုမှာ နားခဲ့။

ဖတ်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တိုင်းမှာ မေမေပါတယ်
ညီမငယ်ပါတယ်။
အစ်ကိုလို အစ်မလို ချစ်ရတဲ့ နံပါတ် လေးဆယ့်ငါးမိသားစုပါတယ်။

ဟူစတန်(ညနေ လေးနာရီ၊၂၅၊၀၄၊၀၉)
အားလုံးပြောင်းပြန်တွေ
သူများအိပ်ချိန် ကိုယ်မအိပ်နိုင်ဘူး
မနက်ခင်းအကျင့်တွေက ညနေပြောင်းကုန်တယ်။
တက်ကဆပ်ပြည်နယ်က လယ်သမားတွေကို ပြန်မြင်ယောင်တယ်။
လင်ကွန်းနဲ့မာတင်လူသာကင်းကို သတိရတယ်။

ဘာတွေဖြစ်ကုန်ပြီလဲ မေမေ
ကုသိုလ်တွေ နောက်ပြန်လုပ်လို့
ကံကြမ္မာ ပြောင်းပြန်အကျိုးပေးပြီး
သားရောက်နေတဲ့နေရာတွေက ပြောင်းပြန်ဖြစ်ကုန်တာလား။
နီးစပ်မှုတွေ ဝေးကွာကုန်လည်း
ဝေးကွာမှုတွေ နီးစပ်နေတာပဲ ကျေနပ်နေရုံ။

ခုံတန်းလေး ပြိုကျသွားရင် ညီမငယ်ကို ပြောပါ။
ခုံတန်းလေးပေါ်မှာ သားတို့တီးခတ်မယ့် အ၀ါရောင်တယောကလေးရှိတယ်။

(စင်္ကာပူ-အမေရိက ခရီးစဉ်အတွက် သတိတရ)

http://h1.ripway.com/twinpoe/favicon.ico