ယောနိသော မနသိကာရ (သို့မဟုတ်) ပြန်လည်ပြောဖြစ်ခဲ့မယ်ဆိုရင် (၁၉)
(၁)
နေ့ခင်းက
မိုးသက်လေပြင်းလေး တိုက်ခတ်ပြီး ခပ်ကြာကြာလေး မိုးရွာထားသည်မို့ အခန်းထဲမှာ အအေးပေးစက်
ဖွင့်ထားစရာမလိုတော့။ အပူချိန် လျှော့ကြသွားသည်ကိုက ကိုယ့်အတွက် ၀မ်းသာစရာပဲ မလား။
မဟုတ်ရင်.. အအေးပေးစက်ဖွင့်၊ မီတာခတက်၊ ပိုက်ဆံကုန်။ ပြီးတော့ အအေးပေးစက် ဖွင့်ထားချိန်ဆို
ကိုယ့်အခန်းကျဉ်းလေးက တကယ့်ကို ဆူညံနေသည်။
အခုတော့ကိုယ့်အခန်းကျဉ်းလေးကတိတ်ဆိတ်လို့။တချက်တချက် လေယာဉ်အတက်ဆင်း လေယာဉ်သံ လေးတွေကလွဲလို့
ဘာဆို ဘာမှမကြားရ။ အပြင်မှာလည်း အပူချိန်လျော့နေသည်ဆိုတော့ နောက်ဘေး ဘက်က မြက်ခင်းပြင်မှာ
သွားထိုင်ပြီး စာဖတ်နေရင် ကောင်းမလား။ ဒါမှမဟုတ်.. ကွန်ပျူတာ လေးယူပြီး အပျင်းပြေ မြက်ခင်းပြင်မှာပဲ
မြန်မာဗွီဒီယိုဆိုဒ်တွေကနေ မြန်မာကားလေး ကြည့်ရင် ကောင်းမလား။ တကယ်ဆို ကိုယ်က သည်နေ့ည
သင်တန်းသွားရမှာ။ ပျင်းတာနဲ့ မသွားရင်ကောင်းမလားလို့ တွေးပြီး အခန်းထဲ ၀င်ခါရှိသေး
သင်းတန်းတာဝန်ခံက သည်နေ့ သင်တန်းနားတဲ့အကြောင်း ဖုန်း ဆက်ပြောလိုက်တော့ စူဠလိပ် ရေထဲလွှတ်
လိုက်သလို ဘာပြောကောင်းမလဲ၊ကျေးဇူးတင်စကား မွှန်ထူနေအောင်ပြောဖြစ်လိုက်သည်။ အခါတိုင်းဆို
ညနေတိုင်းလိုလို သည်မြက်ခင်းလေးက ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေ ဆော့ကစားနေကြ နေရာ။
တခါတလေ Corn Hole Game ကစားတတ်သလို တခါတရံ Beer Pong Game လည်း ကစားတတ်သည်။ တခါတလေတော့
ကိုယ့်ဘာသာ ဘီယာပုလင်းလေးဘေးချပြီး စီးကရက်လေးဖွာရင်း အနားမှာ အစာရှာရင်း လာကစားနေတတ်သည့်
ယုန်ကလေးတွေကို ငေးကြည့်နေတတ်သည်။ (သည်လိုနေရတာကိုပဲ ကဗျာဆန်တယ် အထင်နဲ့ နေနေလိုက်တာ ယမကာလုလင်လေး
ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။)