ဘုရားခြေတော်ရာ လေးဆူ
က မ္ဘာမှာ ယဉ်ကျေးမှု ဘာသာတရားတွေ ခပ်များများတူတာဆိုလို့ သိပ်များများစားစား မရှိလှပါဘူး။ ဒါပေမယ့် အရှင်တို့ ရွှေတွေနဲ့ ခပ်ပါးပါးလေးတူနေတဲ့ နိုင်ငံတွေထဲမှာ ထိုင်းလို့ခေါ်ကြတဲ့ ယိုးဒယားဆိုတာလည်း ပါပါတယ်။ ဒီနေ့မနက်တော့ အရှင်တို့တတွေ ထိုင်းသီလရှင်တစ်ပါးရဲ့ အစီအစဉ်နဲ့ ခြေတော်ရာဘုရားကို ဖူးမြော်ခွင့်ရခဲ့ကြ ပါတယ်။ ထိုင်းသီလရှင်ဆိုလို့ ထိုင်းသူမဟုတ်ပါဘူး။ တောင်ကြီးသူမတစ်ယောက်ပါ။ သူမက ငယ်ငယ်ကတည်းက ထိုင်းမှာကြီးပြင်းခဲ့တာဆိုတော့ ထိုင်းသီလရှင်လို့ ပြောရင် ရမလားပဲ။ ထားတော့။ စိတ်ဝင်စားစရာက ခြေတော် ရာဘုရားရဲ့ သမိုင်းပါ။ သမိုင်းပြောပြတဲ့သူကလည်း ဗမာဦးဇင်းလေးတစ်ပါးပါ။ အကြောင်းကြောင်းကြောင့် ရွာက ထွက်လာတာ နှစ်တွေ အတော်ကြာနေပြီဆိုတော့ ဗမာလို ရေရေလည်လည် မပြောပြရှာတတ်တော့ပါဘူး။ သူသိသလောက် ရှင်းပြတာလေးက ဒီလိုပါ။
ဝိပဿီရှင်တော်ဘုရားလက်ထက်က ရဟန်းတော်တစ်ပါးရှိပါတယ်။(ပြောပြတဲ့ဦးဇင်းအဆိုအရ မြန်မာနိုင်ငံက မြို့နယ်သံဃနာယက ဥက္ကဌဆရာတော်လိုမျိုး ပါဝါရှိတဲ့ ရဟန်းတစ်ပါးတဲ့) အဲဒီရဟန်းတော်က ဘုရားပြင်ဖို့ ကျောင်းဆောက်ဖို့ ဆိုပြီး ဒကာ ဒကာမတွေဆီက အလှူငွေတွေ သက်ဆိုင်ရာ အဆောက်အဦ အတွက်လိုအပ် တဲ့ ပစ္စည်းတွေ အလှူပါသတဲ့။ ဒကာ ဒကာမတွေက ၀ိုင်းဝန်းလှူကြလို့ ကျောင်းတွေ ဆောက်ဖို့ စေတီတွေ တည်ဖို့ လုံလုံလောက်လောက် ရရှိခဲ့ပါရောပေါ့။ ဒါပေမယ့် အလှူခံဆရာတော်က ကျောင်းမဆောက် စေတီမတည်တော့ ဘဲ သူ့မိသားစုနဲ့ သူ့အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ သုံးပစ်လိုက်ပါတယ်။ အဲဒီလို လုပ်တဲ့ မကောင်းမှုရဲ့ အကျိုးကတော့ အဲဒီရဟန်းတော်ခများ အရှင်လတ်လတ် ကျောက်တုံးကြီးတစ်တုံးအဖြစ် အသွင်ပြောင်း ပြိတ္တာဖြစ်သွားရတယ်လို့ ဆိုပါတယ်။
ကကုသန္ဓ ဘုရားရှင်လက်ထက်ရောက်တဲ့အခါ ဘုရားရှင်က အဲဒီကျောက်တုံးကြီးပေါ်မှာ ခြေတော်ရာတစ်ဆူ။ ကောဏာဂုမ်ဘုရားရှင်လက်ထက်ရောက်တဲ့အခါ ဘုရားရှင် ခြေတော်ရာတစ်ဆူ။ ကဿပဘုရားရှင် လက်ထက် ရောက်တဲ့အခါ ဘုရားရှင်က ခြေတော်ရာတစ်ဆူ။ ဂေါတမဘုရားရှင်လက်ထက်ရောက်ပြန်တော့ ဂေါတမဘုရား ရှင်က ခြေတော်ရာတစ်ဆူဆိုပြီး ခြေတော်ရာလေးဆူ ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ ကျောက်တုန်းကတော့ တစ်တုံး တည်းလို့ ပြောရမလား။ ကျောက်ပြိတ္တာတစ်ကောင်တည်းလို့ ပြောရမလားပဲ။
ထားတော့။ ခြေတော်ရာ တွေမှာ ပထမ ကကုသန္ဓဘုရားရှင် ခြေတော်ရာက (၁၂)တောင်၊ ကောဏာဂုမ်ဘုရားရှင် ခြေတော်ရာက (၉) တောင်၊ ကဿပဘုရားရှင်ခြေတော်ရာက (၇)တောင်နဲ့ ဂေါတဘုရားရှင်ရဲ့ ခြေတော်ရာက (၄)တောင်ရှိပါတယ်။ တစ်ခုရှိတာက နောင်ပွင့်မယ့် အရိမေတ္တေယျဘုရား လက်ထက် ရောက်လို့ သာသနာနှစ် (၂၀၀) ကြာတဲ့အခါ အရိမေတ္တေယျဘုရားရှင် ခြေတော် လာချတော်မူမှပဲ ၀ဋ်ခံနေရတဲ့ ကျောက်ပြိတ္တာမောင်ပဉ္စင်းခမျာလည်း ဒီဝဋ်က လွတ်မှာမလွဲဆိုပဲ။
ဘာပဲဖြစ်ဖြစ် ရွှေပြည်ကြီးမှာ အငြင်းပွားနေကြတဲ့ ဘုရားရှင်ရဲ့ အရပ်တော် ပမာဏအတွက် ထည့်စဉ်းစားရမယ့် အချက်ကလေးတစ်ခုလို့တော့ ဒီအရှင် ဆင်ခြင်သုံးသပ်မိကြောင်းပါ။ ပြီးတော့ စာကြည့်တိုက် အဆောက်အဦ အတွက် ရံပုံငွေတွေ ရှာနေတဲ့ ဒီအရှင်တို့အတွက် သတိထားရမယ့် သင်ခန်းစာဖြစ်သလို၊ အများငွေတွေနဲ့ အများ အကျိုးလုပ်နေကြတဲ့ လုပ်နေကြမယ့် ဆရာတော်သံဃာတော်များအတွက် သတိပြုရမယ့် အချက်ဖြစ်တဲ့
အကြောင်း အတွေးကွင်းဆက်တွေ ထပ်နေမိကြောင်းပါပဲလေ။
No comments:
Post a Comment