Showing posts with label Essay (ခရီးသွား). Show all posts
Showing posts with label Essay (ခရီးသွား). Show all posts

12/21/08

အိမ်အပြန်


အရှင်အား ကူညီခဲ့သော မြန်မာဒကာမများ(သီရိကျော်လင်း၊ဒေစီနှင့် ကြူကြူနွယ်)





ဘုန်းကြီးနဲ့ ဓာတ်ပုံတွဲရိုက်ချင်ကြတဲ့ မိတ်ဆွေအချို့တွေ

ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးလေးနဲ့တင် မလုံလောက်အောင် Bangkok မှာ ကူညီခဲ့သူတွေ

အရှင် တည်းခိုခဲ့သော အိမ်မှ ဘန်ကောက်ရှုခင်း

ရွာ့အပြင်ထွက်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကမ္ဘ္ဘ္ဘာကြည့် ကြည့်ခွင့်လေး ရခဲ့တဲ့ တစ်လတာကာလဟာ အရှင့်အတွက်တော့ ကြည်နူး ကြေကွဲစရာတွေ များစွာတွေ့ခဲ့တဲ့ ကာလလေးတွေပါ။ တချို့ကြည်နူးစရာ တချို့ကြေကွဲစရာ ။ အတွေးမှာ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ခံစားချက်အချို့။ ရွှေပြည်ကြီးအတွက် ရင်ကွဲစို့နစ်မှုအချှို့။ လတ်ဆတ်ခွင့်မရှိတော့တဲ့ ခံစားချက်တွေကို မဟာမဲခေါင်မြစ်လယ်ခေါင်မှာ အော်ဟစ် ပေါက်ကွဲ သွန်ပစ်ခဲ့တယ်ဆိုပေမယ့် အရိပ်တွေကတော့ ရှိနေဦးမှာပါပဲလေ။

12/7/08

ရွှေပြည်တော် မျှော်တိုင်းဝေး

မဟာမဲခေါင်မြစ်ပေါ်မှ ရင်ခုံသံ
ရွာရပ်ဝန်းကို ဖန်တီးကြသော ကိုတွင်းပိုး။ ကိုနေသစ်နှင့် အခြား ကိုကျော်ဇေယျ ကိုမင်းမင်းတို့က စာသိပ်မရေးဖြစ်ကြ။ ဘာကြောင်းတွေ ရှိနေမှန်းမသိပါ။ အခု အရှင်ကတော့ အရှင်ရောက်နေတဲ့ နေရာ အရှင့်ရင်ထဲက စကားတွေကို တင်ဖြစ်တာပဲလေ။
အခုလည်း ဒီလိုလေးပဲ ရေးချင်နေမိတယ်။ မနေ့က မယ်ဆိုင်မြို့လေးကို ရောက်တော့ ရွှေပြည်ကြီးထဲ ၀င်ပြီး ကွမ်းယာ ၀င်ဝယ်ချင်မိတယ်။ ဒါပေမယ့် ၀င်ပြီးရင် ပြန်ထွက်လို့မရဘူးဆိုတော့ နီးလျက်နဲ့ ဝေးခဲ့ရတဲ့ အဖြစ်တစ်ခုနဲ့ ကြုံခဲ့ရတာပေါ့လေ။ မယ်ဆိုင်မှာတော့ သွေးစစ်ခဘယ်လောက်။ သန္ဓေဖျက်ခဘယ်လောက်ဆိုတဲ့ ဆိုင်းဘုတ်ကလေးအပါအ၀င် ရွှေမြန်မာတွေရဲ့ ဈေးဆိုင်တွေ မြင်တွေ့ခဲ့ရတယ်။ အလောင်းဘုရားဦးအောင်ဇေယျဘုရားလည်း မယ်ဆိုင်မှာရှိတာ သိခွင့်ရခဲ့တယ်။ ပြီးတော့ ရွှေပြည်ကြီးကို ဖုံးခေါ်တော့ တာချီလိတ်ဘက်ခြမ်းကနေ လာဈေးရောင်းနေတဲ့ ရွှေဆိုင်က ဂျီအက်စ်အမ်လေးနဲ့ အစ်မဆီ ဖုံးခေါ်လို့ ရခဲ့တာလည်း ပျော်ရွှင်ခဲ့ရတာပါပဲလေ။
မဟာမဲခေါင်မြစ်တွင်းမှ လာအိုနိုင်ငံဘက်မှ ထိုင်းဘက်ခြမ်းသို့

ရွှေပြည်ကြီးဘက်ကမ်းမှ ၀င်းဝင်း (ကာစီနိုကစားဝိုင်း)ကလပ်
ဒီပုံလေးကတော့ ရွှေတြိဂံဒေသက ရွှေပြည်ကြီးပိုင်နေရာဒေသတစ်ခုပါ။ ကြားရတဲ့သတင်းအရ ကာစီနိုကစား
ဝိုင်း ဆိုတာပါပဲ။ ဒါကိုတော့ ရွှေပြည်ကြီးဆီက ထိုင်းက အနှစ်သုံးဆယ်နဲ့ ငှားဖွင့်ခဲ့တာတဲ့။ အခုတော့ ရွှေပြည်ကြီးလက်ထဲ ပြန်ရောက်နေပြီလို့ ပြောကြသူလည်း ရှိရဲ့။

မယ်ဆိုင်ဘက်ကမ်းမှ ရွှေပြည်ကြီး သို့ အ၀င်

ဘာပဲဖြစ်ဖြစ် မြင်သာမြင်ရ မကြင်ရဘဲ ဝေးခဲ့ရတဲ့ အဖြစ်တွေပဲပေါ့။ တကယ်လို့သာ ရွှေပြည်ကြီးမဟုတ်ပဲ အခြားတစ်နေရာသာဆိုရင် စို့နစ်တဲ့ ရင်ခုံသံတွေနဲ့ မဟာမဲခေါင်မြစ်ပေါ်မှာ မျက်ရည်တွေ စိုနစ်ပါဦးမလား။
ဝေးနေရဦးမယ့် ရွှေပြည်ကြီးရယ်။ အခုတော့် မျှော်လေတိုင်းဝေးနေဦးရောပေါ့လေ။

11/30/08

ခြေတော်ရာများသို့ ဦးခိုက်ခြင်း( ချင်းမိုင်)


ဘုရားခြေတော်ရာ လေးဆူ
က မ္ဘာမှာ ယဉ်ကျေးမှု ဘာသာတရားတွေ ခပ်များများတူတာဆိုလို့ သိပ်များများစားစား မရှိလှပါဘူး။ ဒါပေမယ့် အရှင်တို့ ရွှေတွေနဲ့ ခပ်ပါးပါးလေးတူနေတဲ့ နိုင်ငံတွေထဲမှာ ထိုင်းလို့ခေါ်ကြတဲ့ ယိုးဒယားဆိုတာလည်း ပါပါတယ်။ ဒီနေ့မနက်တော့ အရှင်တို့တတွေ ထိုင်းသီလရှင်တစ်ပါးရဲ့ အစီအစဉ်နဲ့ ခြေတော်ရာဘုရားကို ဖူးမြော်ခွင့်ရခဲ့ကြ ပါတယ်။ ထိုင်းသီလရှင်ဆိုလို့ ထိုင်းသူမဟုတ်ပါဘူး။ တောင်ကြီးသူမတစ်ယောက်ပါ။ သူမက ငယ်ငယ်ကတည်းက ထိုင်းမှာကြီးပြင်းခဲ့တာဆိုတော့ ထိုင်းသီလရှင်လို့ ပြောရင် ရမလားပဲ။ ထားတော့။ စိတ်ဝင်စားစရာက ခြေတော် ရာဘုရားရဲ့ သမိုင်းပါ။ သမိုင်းပြောပြတဲ့သူကလည်း ဗမာဦးဇင်းလေးတစ်ပါးပါ။ အကြောင်းကြောင်းကြောင့် ရွာက ထွက်လာတာ နှစ်တွေ အတော်ကြာနေပြီဆိုတော့ ဗမာလို ရေရေလည်လည် မပြောပြရှာတတ်တော့ပါဘူး။ သူသိသလောက် ရှင်းပြတာလေးက ဒီလိုပါ။

ဝိပဿီရှင်တော်ဘုရားလက်ထက်က ရဟန်းတော်တစ်ပါးရှိပါတယ်။(ပြောပြတဲ့ဦးဇင်းအဆိုအရ မြန်မာနိုင်ငံက မြို့နယ်သံဃနာယက ဥက္ကဌဆရာတော်လိုမျိုး ပါဝါရှိတဲ့ ရဟန်းတစ်ပါးတဲ့) အဲဒီရဟန်းတော်က ဘုရားပြင်ဖို့ ကျောင်းဆောက်ဖို့ ဆိုပြီး ဒကာ ဒကာမတွေဆီက အလှူငွေတွေ သက်ဆိုင်ရာ အဆောက်အဦ အတွက်လိုအပ် တဲ့ ပစ္စည်းတွေ အလှူပါသတဲ့။ ဒကာ ဒကာမတွေက ၀ိုင်းဝန်းလှူကြလို့ ကျောင်းတွေ ဆောက်ဖို့ စေတီတွေ တည်ဖို့ လုံလုံလောက်လောက် ရရှိခဲ့ပါရောပေါ့။ ဒါပေမယ့် အလှူခံဆရာတော်က ကျောင်းမဆောက် စေတီမတည်တော့ ဘဲ သူ့မိသားစုနဲ့ သူ့အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ သုံးပစ်လိုက်ပါတယ်။ အဲဒီလို လုပ်တဲ့ မကောင်းမှုရဲ့ အကျိုးကတော့ အဲဒီရဟန်းတော်ခများ အရှင်လတ်လတ် ကျောက်တုံးကြီးတစ်တုံးအဖြစ် အသွင်ပြောင်း ပြိတ္တာဖြစ်သွားရတယ်လို့ ဆိုပါတယ်။

ကကုသန္ဓ ဘုရားရှင်လက်ထက်ရောက်တဲ့အခါ ဘုရားရှင်က အဲဒီကျောက်တုံးကြီးပေါ်မှာ ခြေတော်ရာတစ်ဆူ။ ကောဏာဂုမ်ဘုရားရှင်လက်ထက်ရောက်တဲ့အခါ ဘုရားရှင် ခြေတော်ရာတစ်ဆူ။ ကဿပဘုရားရှင် လက်ထက် ရောက်တဲ့အခါ ဘုရားရှင်က ခြေတော်ရာတစ်ဆူ။ ဂေါတမဘုရားရှင်လက်ထက်ရောက်ပြန်တော့ ဂေါတမဘုရား ရှင်က ခြေတော်ရာတစ်ဆူဆိုပြီး ခြေတော်ရာလေးဆူ ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ ကျောက်တုန်းကတော့ တစ်တုံး တည်းလို့ ပြောရမလား။ ကျောက်ပြိတ္တာတစ်ကောင်တည်းလို့ ပြောရမလားပဲ။

ထားတော့။ ခြေတော်ရာ တွေမှာ ပထမ ကကုသန္ဓဘုရားရှင် ခြေတော်ရာက (၁၂)တောင်၊ ကောဏာဂုမ်ဘုရားရှင် ခြေတော်ရာက (၉) တောင်၊ ကဿပဘုရားရှင်ခြေတော်ရာက (၇)တောင်နဲ့ ဂေါတဘုရားရှင်ရဲ့ ခြေတော်ရာက (၄)တောင်ရှိပါတယ်။
တစ်ခုရှိတာက နောင်ပွင့်မယ့် အရိမေတ္တေယျဘုရား လက်ထက် ရောက်လို့ သာသနာနှစ် (၂၀၀) ကြာတဲ့အခါ အရိမေတ္တေယျဘုရားရှင် ခြေတော် လာချတော်မူမှပဲ ၀ဋ်ခံနေရတဲ့ ကျောက်ပြိတ္တာမောင်ပဉ္စင်းခမျာလည်း ဒီဝဋ်က လွတ်မှာမလွဲဆိုပဲ။

ဘာပဲဖြစ်ဖြစ် ရွှေပြည်ကြီးမှာ အငြင်းပွားနေကြတဲ့ ဘုရားရှင်ရဲ့ အရပ်တော် ပမာဏအတွက် ထည့်စဉ်းစားရမယ့် အချက်ကလေးတစ်ခုလို့တော့ ဒီအရှင် ဆင်ခြင်သုံးသပ်မိကြောင်းပါ။ ပြီးတော့ စာကြည့်တိုက် အဆောက်အဦ အတွက် ရံပုံငွေတွေ ရှာနေတဲ့ ဒီအရှင်တို့အတွက် သတိထားရမယ့် သင်ခန်းစာဖြစ်သလို၊ အများငွေတွေနဲ့ အများ အကျိုးလုပ်နေကြတဲ့ လုပ်နေကြမယ့် ဆရာတော်သံဃာတော်များအတွက် သတိပြုရမယ့် အချက်ဖြစ်တဲ့
အကြောင်း အတွေးကွင်းဆက်တွေ ထပ်နေမိကြောင်းပါပဲလေ။


ခြေတော်ဦးတိုက်သူများရဲ့ နေ့ဆွမ်း

မြန်မာနှင့်ထိုင်း ဘုရားဖူးသံဃာများ အမှတ်တရ
http://h1.ripway.com/twinpoe/favicon.ico