1/17/09

အိပ်မက်များနှင့် ကခုံခြင်း

လက်ထဲရောက်နေသော အိပ်မက်တစ်ခုကို စွန့်လွှတ်ပစ်မှာလား။ ကိုယ့်မှာမရှိသော ငွေကို ရှာပြီး စွန့်စားခန်း ၀င်မလား။ ဆုံးဖြတ်ရခက်သော ပြဿနာတစ်ခုနှင့် လတ်တလောကြုံနေရသည်။ ပြီးခဲ့သော 2008က ဘလော့ဂါ ကိုရန်အောင်ညွှန်သော ၀ဘ်ဆိုဒ်မှတဆင့် အွန်လိုင်းဒီဗွီ လျှောက်ထားခဲ့သည်။ ပြီးခဲ့သော မေလနှောင်းပိုင်းက ရွေးချယ်ခံရကြောင်း အကြောင်းကြားစာရောက်လာသည်။ အခု ဒုတိယစာ။ သံရုံးအင်တာဗျူးခေါ်စာဖြစ်သည်။ သည်မျှလောက်ဆို ပြဿနာမရှိသေး။ ပြဿနာက ယူအက်စ် $775 ဒေါ်လာ အင်တာမဗျူးခင် ပေးရမည့် ကိစ္စဖြစ်သည်။ သူ့မှာက ကိုယ်ပိုင်ငွေဆိုလို့ ဘာမျှမရှိ။ အိပ်မက်တွေက သိပ်ဈေးကြီးလွန်းတယ်လို့ပဲ ညီးတွားနေ ရုံနဲ့တော့ အခွင့်အရေးက သူ့ဆီ လာမှာမဟုတ်။ အခုတော့ စိတ်ကို တည်ငြိမ်အောင် ထားပြီး မျှော်လင့်ချက်တွေ ကို အနိစ္စအသွင်ဖြင့် ရှုမြင်တတ်အောင် ကြိုးစားနေမိသည်။

တစ်ခါတစ်လေတော့ ဘ၀ရဲ့ စွန်းစားခန်းတွေက ပြင်းထန်အား ကောင်းလွန်းလှသည်။ ရွာပြန်နွားကျောင်း ဖို့ဆိုရင်တောင် ခေတ်က သိပ်မလွယ်တော့။ အမေ့ကို သည်အကြောင်းပြောပြတော့ အမေက မသွားပါနဲ့လား သားရယ်။ အမေတို့မှာ ငွေကလည်း မရှိဆိုတော့ ငွေကလည်းရှုံး။ သားကိုယ်တိုင်က ဟိုးအဝေးကြီး သွားနေမှာ ဆိုတော့ အနေဝေးပြီး လူလည်း ရှုံ့းရမလို ဖြစ်နေမှာပေါ့ တဲ့လေ။ အမေက သူ့ရင်ထဲက ထွက်ကျလာတဲ့ မေတ္တာနဲ့ စကားလုံးတွေကို ထွေးထုတ်ပြခဲ့တာပဲ။ ဒါပေမယ့် ဘ၀ဆိုတာ စွန့်စားသူတွေအတွက် ကွက်လပ်ကလေးတစ်ခု ဆိုတဲ့စကားလုံးတွေ။ ဆရာဖေမြင့်ရဲ့ တက်ကျမ်းတွေနဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော်ဟာ အိပ်မက်တွေ အတွက် စွန့်စားမှုအပြည့် ထားလိုက်ချင်တယ်။

စွန့်မှ စားရမယ်(စွန့်စား)
ရင်းမှ နီးလိမ့်မယ်(အရင်းအနှီး) ဆိုတဲ့ စကားလုံးတောင်ပံတွေနဲ့ အိပ်မက်တောင်တန်းတွေဆီ ပျံသန်းခွင့် ပြုပါ မေမေ။ ဒါဟာ သားဘ၀ရဲ့ နောက်ဆုံးစွန့်စားခြင်းဖြစ်နိုင်သလို သားဘ၀အတွက် အကောင်းဆုံး ခြေတစ်လှမ်း လည်း ဖြစ်သွားနိုင်ပါတယ်မေမေ။

3 comments:

WWKM said...

အခွင့်အရေးက ကိုယ့်စီမလာရင်
ကိုယ်က အခွင့်အရေးစီ ရောက်အောင်သွားမယ်!

..........................
အခွင့် အရေးရတုန်းကြိုးစားကြည့်ရင်ကောင်းမယ်ထင်ပါ
တယ်ရှင်။

ကောင်းကင်ပြာ said...

နောက်ဆုံးစွန့်စားခြင်းနဲ့ အကောင်းဆုံးခြေတစ်လှမ်းဖြစ်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်ရှင်

JulyDream said...

အရာရာ အဆင်ပြေ အောင်မြင်ပါစေဗျာ...
တချိန်ချိန်မှာ ကိုယ့်တိုင်းပြည်ကို ပြန်လည် အကျိုးပြုနိုင်မယ် ဆိုတာ ယုံကြည်နေလျှက်...

http://h1.ripway.com/twinpoe/favicon.ico