စာကြည့်တိုက်လေးတော့ တော်တော်လေး အသက်ဝင်လာပြီ ဖြစ်သည်။ ဒါပေသည့် အမြင်မကျယ်သော လူတစ်စုကြောင့် စာကြည့်တိုက်ဖြစ်မြောက်ရေးအဖွဲ့မှာ တော်တော်လေး သည်းခံလုပ်ရသည်။ အထူးသဖြင့် အင်တာနေရှင်နယ်တောသားကြီး မောင်နေသစ်ပင်။ သူ့ရဲ့ အလှူတော်ငွေဖြတ်ပိုင်းများကြောင့် ဟုဆိုကာ ဝေဖန်ကဲ့ရဲ့ စကားဆိုနေကြသည်မှာ မကြားရချင်အဆုံး။ ထို့ပြင် ဦးဆောင် ရပ်ရွာ ရဟန်းသံဃာတော်များ။
တလောက စာကြည့်တိုက်နာမည်ဖြင့် WCDMA တပ်ဆင်ခွင့်ရခဲ့ရာ အခုဆို စာကြည့်တိုက်လေးမှာ ကိုယ်ပိုင်ဖုံး ကိုယ်ပိုင်အိမ်ယာလေးနှင့် အဆင်ပြေလို့။ ကျွန်တော်တို့ အများအတွက် အလုပ်တစ်ခုလုပ်တော့မည်ဆိုလျင် ကိုယ့်လုပ်ရပ်များသည် ဒေသခံလူအများ အမှန်တကယ်လိုအပ်သည့်အရာများ ဖြစ်ကြပါသလား ဆိုသည့်မေးခွန်း ကို အရင် မေးကြည့်ရသည်။ အခါတိုင်း ဖုံးပြောဖို့ နားထောင်ဖို့ဆို သူများရွာသို့ မျက်နှာငယ်လေးဖြင့် သွားခဲ့ကြရသည်။ အခုဆို မျက်နှာငယ်လေးနဲ့ သွားစရာမလိုတော့သလို အချိန်တွေငွေတွေလည်း အကုန်ခံ စရာမလိုတော့။
သည်နေရာတွင် သူငယ်ချင်းနေသစ်မှူး ပြောသည့် ဖြေရှင်းချက်လေးကို ဖော်ပြလိုပါသည်။သူက ပြောသည်မှာ-
“ ကျွန်တော်တို့ လုပ်တဲ့ စာကြည့်တိုက်ဟာ ရွာသူရွာသားတွေရဲ့ လိုအပ်ချက် ဖြစ်ကောင်းဖြစ်ချင်မှ ဖြစ်မယ်။ ရွာသားတွေရဲ့လိုအပ်ချက်တိုင်းကို ကျွန်တော်တို့လိုက်ဖြည့်ဆည်းလို့ မရဘူး။ ဖဲသမားက ဖဲကစားဖို့ ပိုက်ဆံလိုချင် မယ်။ချဲသမားက ချဲထိုးဖို့ ပိုက်ဆံလိုနေမှာ ဖြစ်သလို အလှအပမက်တဲ့ ရွာက မိန်းမပျိုတစ်ယောက် အတွက် နှုတ်ခမ်းနီဖိုး လိုချင်ရှာမှာပဲ။ ဒီလို လိုချင်တတ်တဲ့ သူအများစုကလည်း အသိပညာနဲ့ အမြင်ကျယ်မှုတွေ မရှိကြလို့ လိုချင်နေကြတာလို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ စာကြည့်တိုက်ဟာ ကျွန်တော်တို့ ရွာထဲကို လေးဘက်လေးတန် ဘယ်အပေါက်က၀င်ဝင် ကျွန်တော်တို့ ရွာမှာစာကြည့်တိုက်မရှိတဲ့ အတွက် လုံးဝမမြင်ရတဲ့ အတွက် အခုဆို စာကြည့်တိုက်ဟာ ကျွန်တော်တို့ရွာရဲ့ အဓိက လိုအပ်ချက်ဖြစ်တယ်ဆိုတာ သေချာနေပြီ။ ကျွန်တော် အနှစ်ချုပ်ပြောချင်တာက အခု ကျွန်တော်တို့စာကြည့်တိုက်လေးဟာ ဒေသခံရွာသားတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်ချင်မှ ဖြစ်မယ်။ဒါပေမဲ့ ရွာရဲ့လိုအပ်ချက်ဖြစ်တယ်ဆိုတာတော့ အသေအချာ ပြောရဲပါတယ်။”
နောက်ဆုံးအနှစ်ချုပ်လေးက သိပ်မှတ်သားစရာ ကောင်းပါတယ်။ မောင်တွင်းပိုး ချင်မိုင်းတက္ကသိုလ်က လူမှုဖွံ့ဖြိုးရေးဌာနတစ်ခုမှာ သင်တန်းတက်ခဲ့စဉ်က ပြန်မေးချင်ပေမယ့် မမေးဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခု ရှိပါတယ်။
အဲဒီသင်တန်းက ဆရာတစ်ဦးက ပြောပါတတယ်။ “ကိုယ့်လုပ်ရပ်ဟာ ရပ်ရွာပြည်သူအများရဲ့လိုအပ်ချက် တကယ်ဟုတ် မဟုတ် သေချာစွာ ဆန်းစစ်လေ့လာပါ”တဲ့။ ကျွန်တော် အဲဒီဆရာကို ပြန်မေးချင်တာက “ဟုတ်ပြီ၊ လောကမှာ အရေးကြီးဆုံးက ဘာလဲ။ ပညာလား ငွေကြေးလား။ငွေကြေးဆိုတာ ပညာလောက်အရေးမပါဘူးဆိုတာ ပြည်ပနိုင်ငံတွေ လှည့်လည်နေတဲ့ ဆရာက ပိုသိမှာပါ။ ဒီတော့ ကျွန်တော်တို့ နိုင်ငံက ပညာရော ငွေကြေးပါဆင်းရဲနေတယ်။ ငွေကြေးဆင်းရဲတာက နိုင်ငံအတွက် အန္တရာယ်မရှိဘူးဆိုတာလည်း ဆရာသိမှာပါ။ ပညာဆင်းရဲပြီဆိုရင်တော့ အဲဒီနိုင်ငံရဲ့ လက်ရှိမျိုးဆက်တင်မဟုတ်ဘူး။ နောက်ဘယ်နှဆက်လောက်မှန်းမသိတဲ့ ကျွန်တော်တို့ မျိုးဆက်တွေ သွားရော။ ဟုတ်ပြီ။ အခု ကျွန်တော်တို့လုပ်တဲ့ စာကြည့်တိုက်ဟာ တကယ်လိုအပ်တဲ့ ရပ်ရွာရဲ့လိုအပ်ချက်ပါလို့ တွေးမိ မြင်မိတဲ့သူဟာ အမြင်ကျယ်တဲ့ လူမှ တွေးမိမြင်မိမှာဆိုတာလည်း ဆရာ သိထားဖို့ လိုပါတယ်။ ပညာမရှိတဲ့လူဟာ ဒီစာကြည့်တိုက်မှမဟုတ်ဘူး။ အများကောင်းကျိုး ဘာတွေလုပ်လုပ် အကောင်းမြင်မှာ မဟုတ်ပါဘူး။ ကဲ ဆရာ ခုနက နေသစ်ပြောတဲ့ အရာလေးကိုပဲ ပြန်ဖတ်ကြည့်ပါ ဆရာ(ဒီစာမျက်နှာကို ခများ ဖတ်မိမယ်ဆိုရင်ပေါ့) အများရဲ့လိုအပ်ချက်ဆိုတာထက် ပညာရှင်အမြင်ကျယ်သူ တွေရဲ့ လိုအပ်ချက် ဖြစ်ရမယ်ဆိုရင် ပိုမကောင်းဘူးလား ဆရာ။”
ရှင်တော်ဘုရားကိုယ်တိုင်က အလုပ်တစ်ခု ယုံကြည်ချက်တစ်ခုကို ဆန်းစစ်တဲ့အခါမှာ “ပညာရှိတွေ မကဲ့ရဲ့ဘူး။အပြစ်လည်း ကင်းမယ်။အများအတွက် အကျိုးရှိမယ်ဆိုရင် ဆက်လုပ်လို့” မိန့်တော်မူထားပါတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် လမ်းနံဘေးက အရူးမကြီးမှလည်း လိုအပ်ချက်ဆိုတာ ရှိတာပဲ။ ရွာထဲက သူဌေးကတော်ကြီးမှာလည်း လိုအပ်ချက်ဆိုတာ ရှိမှာပဲ။ အဲဒီလိုအပ်ချက်တွေထက် ပညာရှင်တွေလက်ခံတဲ့ လောကအတွက် လိုအပ်တဲ့ လိုအပ်ချက်က ပိုအရေးကြီးတယ်လို့ မောင်တွင်းပိုးတို့ ယုံကြည်ပါတယ်။
ချင်းမိုင်တက္ကသိုလ် ( Social Science) မှ ကျွန်တော်တို့ ကျေးဇူးရှင် အချိန်ပိုင်းမြန်မာဆရာကြီး သဘောမှ တူပါလေစ။ ။ ။

1 comment:
ရှင်တော်ဘုရားကိုယ်တိုင်က အလုပ်တစ်ခု ယုံကြည်ချက်တစ်ခုကို ဆန်းစစ်တဲ့အခါမှာ “ပညာရှိတွေ မကဲ့ရဲ့ဘူး။အပြစ်လည်း ကင်းမယ်။အများအတွက် အကျိုးရှိမယ်ဆိုရင် ဆက်လုပ်လို့” မိန့်တော်မူထားပါတယ်။
စာကြည့်တိုက်လေးအတွက် သာဓုခေါ်ပါတယ်--
Post a Comment