Showing posts with label အတွေး( Thought). Show all posts
Showing posts with label အတွေး( Thought). Show all posts

5/29/10

ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ



(၁)
အခုတလော အဆိုးလောကဓံလေးတွေ တွေ့ကြုံနေရသည်မို့ စာအုပ်တွေ တော်တော်ဖတ်ဖြစ်နေသည်။ အခါတိုင်း အဆိုးလေးတွေ ကြုံလာပြီဆိုလျင် ကိုယ်ခင်မင်ရင်းနှီးသံယောဇဉ်ရှိရသူတွေကို ဖုံးဆက်ပြီး ရင်ဖွင့်စမြဲ။ အခုတော့ အခြေအနေက သည်လို မဟုတ်တော့။ သို့ဖြင့် ကိုယ်ဝါသနာပါသည့် စာအုပ်တွေဆီကပဲ စိတ်ခွန်အားယူနေမိသည်။ လောလောဆယ် ဖတ်ဖြစ်သည့်စာအုပ်လေးက ဒေါက်တာ ကေ သိရီ ဓမ္မာနန္ဒ How To Overcome Your Difficulties. ဆိုသော စာအုပ်ကလေးဖြစ်သည်။ သည်တစ်ခေါက် သည်စာအုပ်လေးကို ဖတ်ခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ကိုယ်က အင်္ဂလိပ်စာတော်သူမဟုတ်ပေမင့် ကိုယ့်အတွက် အင်္ဂလိပ်စာလည်း အထောက်အကူရ၊ စိတ်ခွန်အားလည်းဖြစ်အောင်ဆိုပြီး ဖတ်နေမိခြင်း ဖြစ်သည်။ စိတ်ခွန်အားဖြစ်အောင် စာအုပ်ကလေးကို ကြိုးစားဖတ်ပါမှ စာတစ်ကြောင်းကို ဖတ်မိပြီး ပျောက်ဆုံး သွားသော နိဗ္ဗာန်ဘုံကလေးတစ်ခု၊ အိပ်မက်လေးတစ်ခုကြောင့် စိတ်တွေ နောက်ကျိသွားခဲ့ရသည်။ ဖတ်မိသည့် စာကြောင်းကလေးက.. ''Marriage is a bicycle made for two." တဲ့။ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ( အိပ်မက်)ကလေး တစ်ခုက တော့ ဤသို့............။

5/21/10

သူတို့ဆီက နာမည်ကိစ္စ

နာမည်တဲ့။ နှစ်လုံးတည်း။ ဒါပေမယ့် အဲဒီ နှစ်လုံးထဲရှိတဲ့ နာမည်ကြောင့်ပဲ ကိုယ်အခုတလော စိတ်ရှုပ်စရာတွေချည်း ကြုံနေရတယ်။ ကိုယ်တို့ ရွှေပြည်ကြီးမှာတော့ နာမည်ဟာ သိပ်ရေးကြီးခွင်ကျယ် မဟုတ်ပါဘူ။ ချစ်စရာ ၀ကစ်ကစ်ကလေးတစ်ယောက်ကို ၀တုတ်လို့ ခေါ်ရင် ၀တုတ်လေးဟာ နာမည်ရင်းဖြစ်သွားတတ်သလို့ ငရုတ်သီးမှုန့်ရောင်းလို့ ဘုတ်ဆုံမလို့ အပြောင်အပျက်ခေါ်ရင်း ဘုတ်ဆုံမလို့ တွင်သွားတာတွေ ရှိပါတယ်။ ပြီးတော့ မျိုးရိုးနာမည်ဆိုတာလည်း မရှိသလောက်ပါဘဲ။ ဦးတို့ ဒေါ်တို့ မောင်တို့ မတို့ဟာ နာမည်အရင်းတွေထဲ ထည့်ရေးလို့ ရပါသလား။ မစ္စတာဆိုတဲ့နာမည် မစ္စစ်ဆိုတဲ့ နာမည်တွေကကော ကိုယ်တို့တတွေသုံးတဲ့ ဦးတို့ မောင်တို့နဲ့ ထပ်တူပဲ မဟုတ်လား။ အခုတော့ ကိုယ်က အဲဒီနာမည်ဆိုတာလေးကြောင့် ဟိုပြေးရ ဒီပြေးရနဲ့ ။

4/22/10

တစ်နှစ်စာ အလွမ်းများ


(၁)

တကယ်ဆိုမေ့ပစ်လိုက် နာကျင်ခြင်းတွေ မေ့ထားလိုက်၊ အမျှော်လင့်ဆုံးကလေးရေ....
ဟန်ထွန်းရဲ့ သီချင်းသံလေးက သူ့ရင်ဘတ်တစ်ခုလုံးကို ဆွဲဖြစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ အရင်တုန်းကဆို အားအားရှိတိုင်း သည်သီချင်းသံလေးကို အမြဲနားထောင်ဖြစ်သည်။ အခုတော့ အလုပ်က ဇိမ်ပြေနပြေထိုင်လုပ်ရသည့် အလုပ်မဟုတ်တော့ ကိုယ်လည်း တစ်နေ့တစ်ခေါက် ၊ ဒါမှမဟုတ် နှစ်ရက်သုံးရက်မှ တစ်ခါသာ နားထောင်ဖြစ်သည်။ သည်နေတော့.... ဟုတ်သည်၊ သည်နေ့။ ဧပြီ (၂၄)ရက်နေ့ရဲ့ မိုးဖွဲဖွဲညလေးတစ်ခုတွင် သည်သီချင်းကို ကောင်မလေးတစ်ယောက်ဆီမှ လက်ခံခဲ့ရသည်။ ပြီးတော့ သည်နေ့သည် ကိုရွှေအမေရိကားသို့ သွားရမည့်နေ့ဖြစ်သည်။ ဆိုတော့ အရင်ဇာတ်လမ်းသီချင်းလေးက သူ့ ကို အရင်ကဇာတ်လမ်းတွေကို မေ့ခိုင်းနေသည်။ သူ သည်တစ်နှစ်တာလုံးလုံး မေ့ထားနိုင်ခဲ့ပြီလား။ မေ့ရက်ခဲ့ပြီလား။ မေ့ဖို့ရော ကြိုးစားမိခဲ့ပြီလား။ သည်နေ့ညမှာပင် အဲဒီအရင်ကဇာတ်လမ်းလေးနှင့် အလွမ်းတွေ၊ သင်္ခန်းစာတွေကို ဥဏှောက်နှင့်ရော နှလုံးသားနှင့်ပါ နုတ်ထုတ်နေမိသည်။

3/19/10

ပစ်မှတ်

“May I help you? Please...........”

“I don't know what I want
.”


ကိုရွှေတောသားကြီး မောင်နေသစ် အလုပ်လုပ်တဲ့နေရာမှာ မကြာမကြာ ကြားရတဲ့စကားလေးတွေပါ။ တချို့ သူတို့ မားကက်ထဲ ဘာလာလုပ်တယ်ဆိုတာ သိတယ်။ တချို့က ရေရေရာရာ မရှိဘူး။ ထင်သလောက်ပြောရရင် အချိန်တွေကို ဈေးဝယ်ရင်း သုံးဖြုန်းတယ်ပဲ ပြောရမလား။ အဲလိုလူတွေကျတော့ မောင်နေသစ် အလုပ်လုပ်တဲ့ ကောင်တာရှေ့ရောက်လာရင် ဟိုဟာ ၀ယ်နိုးနိုး ဒါလေး ယူနိုးနိုး ကိုင်ကြည့်နေတာနဲ့ ဆယ်မိနစ်မက ရှိတယ်။ ကိုယ်ကလည်း အခစားဝန်ထမ်းဆိုတော့ ဘာကူညီရမလဲ မေးရတော့တာပေါ့။ တချို့ကတော့ ဘာမှမဆိုင်တဲ့စကားတွေ ပြောတယ်။ တချို့ကတော့ ကိုယ့်အကြောင်းမေးတယ်။ တချို့ကတော့ ကိုယ်တို့နိုင်ငံအကြောင်းမေးတယ်။ ခပ်တော့ ခပ်ရှားရှားပါ။ ကိုယ့်နိုင်ငံကို သိတဲ့သူက။ ထိုင်းနဲ့နီးတယ်ပြောမှပဲ အော် ဟုတ်လား။ ငါသိပြီလို့ ထပ်ရွှီးတတ်တယ်။ တခေါက်ကတော့ ထူးထူးဆန်းဆန်း ကိုရွှေငမဲတစ်ယောက်က ဘာမေးသလိဆိုတော့ “ငါတို့ Black People တွေအတွက် သီးသန့်လုပ်ထားတာ ရှိလား”တဲ့။ အဲဒါက ပြဿနာ။ သူတို့ကိုသူတို့တောင် အသားအရောင် ခွဲခြားနေမှတော့ ဘယ်အဆင်ပြေတော့မလဲ။ မောင်နေသစ်လည်း ခပ်တည်တည်ပဲ ပြန်ရွှီးလိုက်တာပေါ့။ ငါတို့ဆီမှာ လူမျိုးဘာသာမရွေး အားပေးလို့ရတယ်ဆိုတဲ့သဘောမျိုးပေါ့။ ထားပါ။ ကိုရွှေတောသားကြီး မောင်နေသစ်က ဒီမက်ဆေ့ကို ပေးချင်တာ မဟုတ်ပါဘူး။ ပေးချင်တာက. I don't know what I want. ဆိုတဲ့ စကားလေးနဲ့ ပတ်သက်တဲ့ အတွေးစလေးကိုပါ။

ခဏခဏကြားရဖန်များလာတော့ အဲဒီစကားလေးကို မောင်နေသစ် ထပ်ခါတလည်းလည်း ရေရွတ်၊ အပြန်ပြန် ထပ်စဉ်းစားနေမိတယ်။ မောင်နေသစ် ကိုရွှေအမေရိကားလာတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ကိုယ်တို့ လူ့ပြည်မှာ ဘာကြောင့် အသက်ရှင်နေချင်ကြတာလဲ၊ ဘာကြောင့် ငွေကုန်၊ အချိန်ကုန်ခံ ပညာသင်ချင်ရတာလဲ၊ ဘာကြောင့် ဒီနေရာကို ရောက်လာနေကြတာလဲ။ ဘာကြောင့် နိုင်ငံရေးလုပ်ကြတာလဲ။ ...............လဲ၊ ...........................လဲ။
အဖြေက ခုနက ကိုရွှေအမဲလို I don't know what I want. ဆိုရင်တော့ သေပြီပဲ။

ကဲ...ချစ်သော စာဖတ်သူ..
မိတ်ဆွေ အခုလုပ်နေတဲ့ အလုပ်တွေ၊ သင်နေတဲ့ ပညာတွေ၊ ဘာညာသာရကာတွေကို သေသေချာချာ ဘယ်နှခါ ပြန်မေးကြည့်ဖူးလဲ။ မမေးဖြစ်သေးဘူးဆိုရင် သေသေချာချာ မေးကြည့်လိုက်ဦးဗျာ။ ကိုယ့်ကိုယ်ကို...။ ကျွန်တော်ကတော့ ပြန်မေးကြည့်တဲ့ မေးခွန်းတစ်ခုရှိတယ်။ “မင်း ဘာကြောင့် ဒီကောင်မလေးကို ချစ်မိတာလဲ”လို့။ အဖြေကတော့ I don't know what I want တဲ့။ သေရော...။

Type the rest of your post here.

3/15/10

မိမိနှင့် မသက်ဆိုင်သော သူ

အခုတလော ရွာကို ဖုံးဆက်ရမှာ လန့်နေမိသည်။ တစ်ခါဆက်လျင် အရေးကိစ္စတစ်ခု ကြားရစမြဲ။ အခုတစ်ပါတ်ကြားရသည့် သတင်းများ လူသေသည့် သတင်းချည်းဖြစ်နေသည်။ တစ်ခုက မွေးစားမိခင်ပဲ ပြောရမလား။ သူ့ကို ငယ်ငယ်ကတည်းက ဂရုတစိုက်ရှိခဲ့သူ။ ကိုယ့်အိမ်က ငါးကျပ်မုန့်ဖိုးပေးရင် သူက တစ်ဆယ်ပေးတတ်သည်။ ပြီးတော့ ကိုယ် စိတ်ညစ်နေပြီဆို မိခင်လိုတစ်မျိုး၊ အဒေါ်လိုတသွယ် ဖေးမကူညီ ဆုံးမတတ်ခဲ့သူ။ မထင်မှတ်ဘဲ ရုတ်တရက် ဆုံးသွားတာတဲ့။ အလုပ်ပိတ်တဲ့ရက်မှာ ကြားလိုက်ရတာမို့ ဘီယာဗူးတစ်ချို့နဲ့ ၀မ်းနည်းမှုတွေကို သွန်ထုပ်ပစ်ခဲ့လိုက်မိသည်။

ပေါင်းသင်းခဲ့သည့်သူငယ်ချင်းတစ်ဦးက ကျွန်တော်ငိုတာ တစ်ခါမှ မတွေ့ဖူးလို့တဲ့။ တော်တော်လေး အံ့သြသွားသလို တော်တော်လေး ကိုယ်ချင်းစာသွားပြီး အမေနဲ့ ပတ်သက်သည့် သီချင်းတွေ ပို့ပေးသည်။ ညရောက်တော့ ညီမလေးဆီ ဖုံးခေါ်သည်။ ညီမလေးအသံက အရင်လို မလန်းဆန်း၊ မတက်ကြွ။ အကြောင်းစုံမေးကြည့်တော့ ညီတော်မောင် ဆိုင်ကယ်ဖြင့် တင်ခေါ်လာသော လူတစ်ယောက် ဆိုင်ကယ်ပေါ်က ပြုတ်ကျ သေဆုံးသွားသည်ဟု ပြောပြသည်။ သို့ဖြင့် မေတ္တာဖြင့် လိုက်ပို့ပေးရသော ညီတော်မောင်က ကွယ်လွန်သွားသူရဲ့ မိသားစုကို လျှော်ကြေးတွေ မနည်းမနော ပေးရသည်ဟူ၏။ ပြီးတော့ ကွယ်လွန်သွားသော မွေးစားအမေအတွက် ရည်စူးပြီး ကုသိုလ်လုပ်ပေးဖို့နဲ့ အဲဒီလိုလုပ်ရင် အကိုလည်း တာဝန်ကျေသလို ခံစားရ တာပေါ့ဟု အကြံပေးခဲ့သေးသည်။

အဲသည်ည။ လုံးဝအိပ်မရတော့။ ကွယ်လွန်သွားတဲ့ မွေးစားအမေ၊ ပြီးတော့ မေတ္တာစေတနာနဲ့ ကူညီပေးရာက ငွေတွေ လျှော်လိုက်ရသည့် ညီတော်မောင်။ ကြားရသည့်သတင်းတွေက တော်တော် တုန်လှုပ်စေခဲ့သည်။ တုန်လှုပ်စေသကဲ့သို့ တစ်ယောက်ထဲ ငိုလိုက်၊ မော့လိုက်၊ မူးလိုက်။
+++++++++++++++++++++++++++++++++++++++


ကိုယ့်ခံစားချက်တွေ ပေါ့စေဖို့ ကိုယ်သံယောဇဉ် ရှိသူတစ်ဦးထံ ဖုံးဆက် ရင်ဖွင့်သည်။ သူမက ဘာမှမဖြစ်သလို။ ပြီးတော့ လူမှုရေးအရတောင် အားပေးစကား ပြောမသွား။ ကသုတ်ကရက် ပြော၊ ကသုတ်ကရက်ဖုံးချသွားသည်။ သူမကလည်း ကိုယ့်ကို ကသုတ်ကရက်ချစ်ပြီး ကသုတ်ကရက်ပဲ မေ့ပစ်လိုက်ဟန်တူပါရဲ့။ နောက်ရက် ရောက်တော့ အွန်လိုင်းမှာရော သူငယ်ချင်းတွေကို ပြောပြဖြစ်သည်။ နားထောင်နေသည့် သူအချို့ထဲက တစ်ယောက်က အော် ဟုတ်လား..တဲ့။ ပြီးတော့ ခပ်နော့်နော့် စကားလုံးနဲ့ ခပ်လိုက်သေးသည်။ အစတော့ တော်တော် စိတ်ထဲ နာကျဉ်သွားသည်။ အလိုလိုမှ စိတ်ဖြေနေသည့်ထဲ စကားလုံးတွေ ထိုးစိုက်ခံလိုက်ရသော ရင်ဘတ်တွင် ပို၍ ခံစားရသွားသည်။ အေးလေ.. ကိုယ်သံယောဇဉ်ရှိသူကတောင် လူမှုရေးအရလေးပဲ ဖြစ်ဖြစ်(အားနာပါးနာတောင်) အားပေးစကား မပြောမှတော့ ကျန်တာတွေ အပြစ်မတင်ရက်တော့။ အပြစ် မမြင်ခဲ့တော့။

++++++++++++++++++++++++++++++++++++++++++

လူတိုင်း ကိုယ့်နံဘေးဝန်းကျင်မှာ သေဆုံးသွားတာတွေ မြင်ဖူးကြပါသည်။ ကြုံဖူးကြပါသည်။ မည်သူတွေ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပေးကြပါသလဲ။ အားပေးစကားပြောကြပါသလဲ။ သတင်းစာထဲ တွင် ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း စကားများဆိုသည်မှာ ဖတ်ကောင်းရုံ ထည့်ကြဟန် တူပါသည်။ မည်သို့ ပင်ဖြစ်စေ ဘ၀ဆိုသည်မှာ မွေးခြင်းနဲ့ သေခြင်းအကြား ခပ်ပါးပါးလေး ဆွဲထားသည် အချိန်ကာလ မျဉ်းကြောင်း လေးသားထားခြင်းဟု ယူဆမိပါသည်။ တကယ်တော့ ကိုယ်နှင့် တိုက်ရိုက်သက်ဆိုင်သော သူ ကွယ်လွန်သည် မဟုတ်ပါက မည်သူမျှ ထပ်တူထပ်မျှ ၀မ်းနည်းနေကြမည် မဟုတ်ပေ။ အော်ဟုတ်လား.. လောက်ဖြစ်သာ ပြီးဆုံး သွားတတ်သလို၊ ဘ၀ဆိုတာ ဒီလိုပါပဲဗျာ လို့ ပြောပြီး နှုတ်ဆက်သွားကြ မည်ထင်ပါသည်။

ကိုယ့်ကိုယ်ကိုတော့ သတိပေးနေရသည်။ ကိုယ်နှင့် တိုက်ရိုက်မသက်ဆိုင်ရင်တောင်... ထပ်တူထပ်မျှ ၀မ်းမနည်းနိုင်ရင်တောင် အားပေးစကားလေးတော့ ပြောတတ်အောင် ကြိုးစားထားဦးမှ...။ ။

“ အော်.......... မိမိနှင့် မသက်ဆိုင်သူတွေပါလား”
“အော်........... ကိုယ်နဲ့ မသက်ဆိုင်သူတွေပါလား”
“အော်........... အခြားသူနဲ့သာ သက်ဆိုင်သူတွေပါလား”



Type the rest of your post here.

2/5/10

ခရီးသွားခြင်း အနုပညာ


ပင်ဆယ်ဗေးနီးယားပြည်နယ် အ၀င်က မြို့ကလေးရဲ့ အသက်ရှုသံ(အပေါ်၊အောက်)



ဗာဂျီးနီးယားပြည်နယ် နှင်းတောလေးထဲက အထီးကျန်မှုပြယုဂ်


နေပူပူ ဖုန်ထူထူထဲက အညာနွားတွေကို သတိရမိတယ်။


ကာရိုလိုင်းနားပြည်နယ် တစ်နေရာ(အပေါ်၊ အောက်)



Tennessee ပြည်နယ်တစ်နေရာ

ကျွန်တော် ဒီလ တစ်လခွဲတိတိလုပ်ခဲ့တဲ့ အလုပ်ကနေ ထွက်ခဲ့တယ်။ ဒီတော့ အလုပ်သစ်ရှာပုံတော်ဖွင့်ရတာပေါ့ဗျာ။ အင်တာနက်မှာ အကြွေးတွေ တင်နေသလိုပဲ ကျွန်တော့်ခရက်ဒစ် မှာလည်း အကြွေးတွေနဲ့။ ဒါနဲ့ ဘော်ဒါကြီး ကိုမိုးထက်အောင်ရဲ့ ဖွားဖက်တော် ကဏ္ဍကကားတော်ကြီးနဲ့ ဖေဖော်ဝါရီ သုံးရက်နေ့ မနက် ၉ နာရီခွဲကနေ Louisvilleဆိုတဲ့ မြို့ကလေးကနေ ထွက်လာကြတယ်။ အဲဒီကနေ Tennessee ပြည်နယ်၊ အဲဒီကနေ Georgia ပြည်နယ်၊ ကာရိုလိုင်းနား နှစ်ပြည်နယ်၊ ဗာဂျီးနီးယား နှစ်ပြည်နယ်၊ မေရိလန်းပြည်နယ်တွေကို နှစ်ည သုံးရက်ဆက်တိုက် မောင်းလိုက် နားလိုက်နဲ့ အပြောင်းအရွေ့ခရီးစဉ်ကြီးကို စတင်လိုက်ပါတယ်။ ရောက်တဲ့ပြည်နယ်တိုင်းမှာလည်း အမှတ်တရဖြစ်အောင်၊ ပြီးတော့ (သိပ်တော့ လောဘမကြီးပါဘူး) တစ်ခါတည်း ပြည်နယ် ရှစ်ခုက ပါဝါဘောလ် (Power ball lottery)တွေ တစ်ပြည်နယ် နှစ်ဆောင်စီ ထိုးခဲ့သေးတယ်။ တစ်ပြိုင်နက် ပါဝါဘောလ် ထီ ရှစ်ခု ပေါက်မလားလို့ပါ။ အခု ဒီပို့စ်တင်နေချိန်မှာ Tennessee ပြည်နယ်က ဒေါ်လာ ၁၄၀ မီလျံတော့ လွဲချော်သွားပါပြီ။ ထားပါတော့။ ကံကြမ္မာက သေတာတောင် မျက်နှာသာပေးချင်တာ မဟုတ်ဘူး။

အခါတိုင်း ကိုရွှေအမေရိကမှာ သွားရင် လေယဉ်လေးနဲ့။ အခုတော့ ဗဟုသုတလည်းဖြစ်အောင်၊ ငွေလည်း ချွေတာရာရောက်အောင်ဆိုပြီး ကိုယ်ပိုင်ကားလေးနဲ့ (ကိုယ်တော့ ပိုင်တာမဟုတ်ဘူးဗျာ။ သူငယ်ချင်းပိုင်တာ) လစ်ခဲ့ကြတယ်။ တစ်ယောက်မှ မမောင်းဘူးတဲ့ နေရာတွေ၊ မရောက်ဘူးတဲ့ ပြည်နယ်တွေကို GBS ကျေးဇူးကြောင့် တော်တော်လေး အဆင်ပြေခဲ့တယ်။ အင်း တစ်ခါတစ်လေတော့ Exit အထွက်မှားလို့ အချိန်အလေအလွင့် ဖြစ်တာတော့ ရှိတာပေါ့လေ။ ပင်ဆယ်ဗေးနီးယားလည်း ရောက်ရော ဘာပြောကောင်းမလဲ။ ဘရိတ်ပေါက်သွားပါရော။ West Virginia ပြည်နယ်မှာ ညဘက်ကြီး တောင်ဆင်းတောင်တက်လုပ်ခဲ့ရတဲ့ ဒဏ်တွေ ထင်ပါရဲ့။ တော်တော့ကို ဆိုးဆိုးဝါးဝါးလမ်းတွေပါ။ ကိုရွှေအမေရိကမှာ အဲဒီလောက်ဆိုးတဲ့လမ်းကော ရှိသေးသလားတော့ မသိပါဘူး။

ဘာပဲဖြစ်ဖြစ်၊ ဘ၀မှာလည်း မြေပုံမရှိရင် ပန်းတိုင်ကို ရောက်ဖို့ မလွယ်ဘူး။(RoadMapနော်၊ :) ) ပြီးတော့ Exit အထွက်မှားရင် အချိန်ကုန်သလိုပဲ ဆုံးဖြတ်ချက် တစ်ချက်မှားသွားရင် ပန်းတိုင်ကို ရောက်ဖို့ အချိန်တွေ ကြားထဲလေလွင့်သွားတတ်တာပဲလေ။ အရေးအကြီးဆုံးက တောင်ဆင်းတောင်တက် တွေလို ဘ၀ရဲ့အတက်အဆင်းတွေမှာလဲ ကိုယ့်ရဲ့ စိတ်ဓာတ်ကို မပျက်ပြားအောင် ထိန်းသိမ်းမောင်းနှင်သွားဖို့ အရေးသိပ်ကြီးပါလားဆိုတဲ့ ဘ၀သင်္ခန်းစာတွေကို ခရီးသွားရင်းကနေ ရလိုက်ပါတယ်။

ဒီခရီးစဉ်အတွက် ကိုမိုးထက်အောင်၊ ကိုခင်မောင်ထွေး၊ ကိုမြတ်သောကိုတို့ကို ကျေးဇူးတင်လျက်..




(နက်ဖန် အလုပ်သစ်ဝင်ရမှာမို့ စောစောကွေးပြီဗျာ၊ နောက်မှာ ဇွန်းတပ်ရှယ်လို ပို့စ်ကို ရေးတော့မယ်။ :D)

1/23/10

အာဇာနည်တို့ရဲ့ ခြေရာ (သို့) စာဖတ်ခြင်းရဲ့ ကျေးဇူး


နေသစ်မှူး(ငွေသာတွင်း)

ဒုလ္လဘော ပုရိသာဇညော ၊ န သော သဗ်ဗတ္ထ ဇာယတိ။
ရခဲ တွေ့ခဲတဲ့ အာဇာနည်ဆိုတာ နေရတကာမှာ မတွေ့နိုင်ဘူး။ (ဓမ္မပဒ)။

မှတ်မှတ်ရရပါပဲ။ သူ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိတာ (၇)လတိတိ ပြည့်တဲ့နေ့မှာ အမေရိကန်နိုင်ငံရဲ့ အထင်ရှားဆုံးသမ္မတကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အေဗရာဟင်လင်ကွန်းရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေကို ရောက်ခွင့်ကြုံခဲ့ပါတယ်။ ခရစ်စမတ် အလုပ်အားရပ်တဲ့နေ့မှာ သူငယ်ချင်းဖြစ်သူ ကိုမိုးထက်အောင်က သူ့ရဲ့စီးတော်ယဉ်လေးနဲ့ လိုက်ပို့ပေးလို့ ရောက်ခွင့်ကြုံခဲ့ရတာပါ။ သမ္မတကြီးရဲ့ မွေးရပ်မြေ၊ သမ္မတကြီးရဲ့ ပြတိုက်၊ သမ္မတကြီး ကလေးဘ၀တုန်းက အချစ်တော်ခွေးကလေးနဲ့ သစ်ငုတ်တိုပေါ်ထိုင်ပြီး စာဖတ်နေတဲ့ပုံ။ တကယ်ဆို သမ္မတကြီးလင်ကွန်းရဲ့ ပြတိုက်ကို ဒါပထမဆုံး ရောက်ခဲ့တာ မဟုတ်ပါဘူး။ သူ အမေရိကားကို စ ရောက်တဲ့ တစ်လအတွင်းမှာပဲ ၀ါရှင်တန်ဒီစီလို့ ခေါ်တဲ့ အမေရိကားရဲ့ နေပြည်တော်ကို ရောက်တုန်းကလည်း လင်ကွန်းပြတိုက်ကို ရောက်ဖြစ်ပါသေးတယ်။ အဲဒါကတော့ ၀ါရှင်တန်ဒီစီက ပြတိုက်ပါ။ အခုကတော့ သမ္မတကြီးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ ရှိတဲ့ ပြတိုက်ပါ။

(၁)
သမ္မတကြီးလင်ကွန်းလို့ ပြောလိုက်ရင် အမေရိကားမှာ ရှိတဲ့ ကျောင်းနေရွယ်ကလေးငယ်တိုင်းလိုလို သိကြပါတယ်။ ဘာကြောင့် ဒီလိုပြောရဲတာလဲဆိုတော့ သူ သိခဲ့ဖူးတဲ့ ကလေးတစ်ယောက်ကို သမ္မတကြီးရဲ့ ပုံပြပြီး မေးခဲ့ဖူးတယ်။ “ဒါ ဘယ်သူလဲ”ဆိုတော့ ”သားတို့ သမ္မတကြီးလေ”တဲ့။ အသက် ဆယ်နှစ်တောင်မပြည့်သေးတဲ့ ကလေးတစ်ယောက်ရဲ့ အဖြေပါ။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ပြပြီး ”ဒါကရော”ဆိုတော့ နည်းနည်းလေးစဉ်းစားပြီး ဗမာလို တစ်လုံးချင်း ပြောပြပါတယ်။ ”ဗိုလ် ..ချုပ်..အောင်…..ဆန်း”တဲ့။ ၀မ်းသာလိုက်တာ။ တကယ့်ကို ၀မ်းသာလုံးစို့ခဲ့ရတာပါ။ ပြီးတော့ ကလေးရဲ့မိဘတွေကိုလည်း ကျေးဇူးတင်လိုက်တာ၊ ဗိုလ်ချုပ်အကြောင်း ပြောပြထားလို့လေ။ အမေရိကားမှာ မွေး အမေရိကားမှာ ကြီးပြင်းခဲ့တဲ့ကလေးတစ်ယောက်ဟာ မြန်မာပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို (ဗမာလို ပြောကျင့်မရှိလို့ စဉ်းစားပြောနေရတာက လွဲလို့) သိနေတာဟာ တကယ့်ကို သူ့ရင်ထဲ ကြေကွဲမှုတစ်ဝက်၊ ၀မ်းသာမှုတစ်ဝက်နဲ့ ဆို့နင့်ခဲ့ရတဲ့အဖြစ်အပြက်လေးပါ။

(၂)
ဆိုတော့။ သမ္မတကြီးလင်ကွန်းဟာ အမေရိကန်နိုင်ငံရဲ့ အမည်းစက်ကြီးဖြစ်နေတဲ့ ကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့သူဖြစ်သလိုပဲ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ကျွန်ဖြစ်နေတဲ့ နိုင်ငံကြီးကို ကယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ ထားပါတော့။ သမ္မတကြီးလင်ကွန်းအကြောင်းကို ဆက်ပါရစေ။ သမ္မတကြီးလင်ကွန်းဟာ အမေရိကန်ပြည်သူတွေတင်မက ကမ္ဘာ့ပြည်သူတွေပါ သိကြတဲ့ ထင်ရှားတဲ့ခေါင်းဆောင်ကြီးတစ်ဦးပါ။ မြန်မာနိုင်ငံမှာဆို ဆရာတက်တိုးစတဲ့ စာရေးဆရာကြီးတွေကိုယ်တိုင် သမ္မတကြီးလင်ကွန်းအကြောင်းရေးထားတဲ့ ဘာသာပြန်ရော၊ မပြန်တာရော ရေးထားတဲ့ စာအုပ်တွေ အများကြီးပါ။ အဲဒီမှာ သမ္မတကြီးအကြောင်း စုံစုံလင်လင်ဖတ်ရှုလို့ရပါတယ်။ သူ့အနေနဲ့တော့ ဒီမှာ ထပ်မပြောတော့ပါဘူး။ ထပ်ပြောနေရင်လည်း သမ္မတကြီးရဲ့ဂုဏ်တွေ မှေးမှိန်သွားမှာစိုးလို့ပါ။

သမ္မတကြီးဟာ ၁၈၀၉ ခုနှစ်မှာ Hardin County, Kentucky မှာ မွေးဖွားပြီး ၁၈၆၁ ခုနှစ်ကနေ ၁၈၆၅ နှစ်အထိ အမေရိကန်သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ (၁၆)ယောက်မြောက် သမ္မတဖြစ်ပါတယ်။ ဧပြီလ (၁၄)ရက်၊ ၁၈၆၅ ခုနှစ်မှာ သေနတ်နဲ့ပစ် လုပ်ကြံခံရလို့ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်တော့ သမ္မတကြီးအကြောင်းဟာ လယ်သမားမိသားစုက မွေးဖွားခဲ့တာဖြစ်သလို ကျောင်းပညာရေးဆိုတာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ယူတတ်မြောက်ခဲ့ရသူမဟုတ်ပါဘူး။ လူပျိုပေါက်အရွယ်ရောက်မှ စာ စသင်ခွင့်ရခဲ့တဲ့သူပါ။ ဆယ်နှစ်သားအရွယ်မှာ အမေဆုံးပါးခဲ့ရသေးတယ်။ ပြီးတော့ သမ္မတဖြစ်အောင် လှုပ်ရှားခဲ့ရတာလည်း ကြည့်ပါဦး။ အသက်လေးဆယ်လောက်ရောက်မှာ နိုင်ငံရေးလောကမှာ အရှုံးနဲ့ စတင် ခဲ့ရတယ်။ ပြိုင်ခဲ့တဲ့အမတ်ရွေးကောက်ပွဲတွေမှာ မနည်းမနော အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူ။ သာမာန်လူတွေဆိုရင် နောက်ဆုတ်အရှုံးပေးပြီး ကိုယ့်ရပ်ကိုယ့်ရွာပြန် နွားကျောင်းနေမလား၊ လယ်ယာလုပ်နေမလားဘဲ။ အခုတော့ သမ္မတကြီးဟာ အရှုံးပေးတယ်ဆိုတာကို ကျောခိုင်းပြီး သမ္မတရာထူးထိ လယ်တောထဲကနေ ထွက်ပြီး လှမ်းတက်ပြနိုင်ခဲ့တဲ့သူရယ်ပါ။
(၃)
သမ္မတကြီးရဲ့ ချက်မြုပ်ရာ သမ္မတကြီးကို မွေးခဲ့တဲ့ လယ်သမားအိမ်(သစ်လုံးအိမ်)လေးဆီကို သူတို့နှစ်ယောက် ကားလေးနဲ့ မောင်းဝင်လိုက်တယ်ဆိုရင်ဘဲ ရင်ထဲမှာ နတ်မောက်မြို့ကို မျက်စိထဲ မြင်ယောင်မိလိုက်ပါတယ်။ ”တို့တတွေရဲ့ ဗိုလ်ချုပ်အိမ်ကလေးကကော ဘယ်လိုလဲ”ဆိုတဲ့ စိတ်ကူးလေးနဲ့ပါ။ သူငယ်ချင်းကတော့ ပြောပါတယ်။ ဒီပြည်နယ်ကို လာရကျိုးနပ်ပြီဗျာ၊ သမ္မတကြီးရဲ့ ဇာတိမြေကို ရောက်ခွင့်ရလို့တဲ့။ သူ့ရင်ထဲမှာလည်း သည်အတိုင်းပါပဲ။ ဒါပေမယ့် ၀မ်းသာရပေမယ့် ကြေကွဲမှုက နောက်ဆက်တွဲလိုက်ပါလာပါတယ်။ ဗိုလ်ချုပ်အိမ်လေးဆီ ငါမရောက်ဘူးသေးပါလားဆိုတဲ့ ထိခိုက်ရတဲ့စိတ်ကလေးနဲ့ပါ။ ဗိုလ်ချုပ်မွေးတဲ့နေရာ မရောက်ဘူးသေးဘူးဆိုရင် မြန်မာပြည်မှာ မွေးရကျိုးနပ်ခဲ့ပြီလားဆိုတဲ့ ဆက်စပ်အတွေးကလေးက ၀င်ရောက်လာပြန်ပါတယ်။

တကယ့်ကိုပဲ သမ္မတကြီးရဲ့ မွေးရပ်မြေကို သူတို့တတွေ ထိန်းသိမ်းထားတာဟာ အတုယူစရာပါ။ သမ္မတကြီးမွေးတဲ့အိမ်၊ သမ္မတကြီးကလေးဘ၀ ကစားပျော်မြူးခဲ့တဲ့အိမ်၊ ပြီးတော့ တကယ့်ကို သမ္မတကြီးရဲ့အိမ် ပတ်ဝန်းကျင်တော်အုပ်ကိုလည်း ထိမ်းသိန်းစောင့်ရှောက်ထားတာဟာ သိပ်အားကျအတုယူစရာပါပဲ။ အဲဒီကအပြန် သမ္မတကြီး ကလေးဘ၀တုန်းက သူ့အချစ်တော်ခွေးကလေးနဲ့ သစ်ငုတ်တိုပေါ်ထိုင် စာဖတ်နေတဲ့ရုပ်တုလေးနဲ့ ဓာတ်ပုံရိုက်တော့ စာဖတ်ခြင်းဟာ လူကိုပြည့်ဝစေတယ်ဆိုတဲ့ အဆိုလေးကို သွားသတိရလိုက်ပါတယ်။ စာဖတ်နာခဲ့တဲ့ လင်ကွန်း၊ အတန်းကျောင်းနေတာ နောက်ကျခဲ့ပေမယ့် စာဖတ်ပြီး ပြည့်ဝခဲ့တဲ့ သမ္မတကြီးလင်ကွန်း။ ဟိုး အဝေးမှာ ကျန်ခဲ့တဲ့ ကိုယ်တို့ရွာသားတွေကို ပြချင်မြင်စေချင် လိုက်စမ်းပါဘိ။ ကိုယ်တို့ရွာသားတွေကော စာဖတ်ဖြစ်ကြရဲ့လား။ စာဖတ်ချိန်ကော ရကြရဲ့လား၊ စာဖတ်ရကောင်းမှန်းကော သိကြပါရဲ့လား။ လားပေါင်းများစွာနဲ့ အတွေးတွေဟာ သမ္မတကြီးလင်ကွန်း ငယ်စဉ်တောင်ကျေး ကလေးဘ၀ စာဖတ်နေတဲ့ရုပ်တုလေးကို ကြည့်ပြီး ပြန်အလာမှာ အမျှင်မပြတ်တွဲခို လာခဲ့ပါတယ်။

(၄)
”ကိုနေသစ်ရေ…ခများတို့ ကျွန်တော်တို့တတွေ အခုဆို စာမဖတ်ဖြစ်တော့ဘူးဗျာ၊ မြန်မာစာအုပ်တွေလည်း ဖတ်စရာမရှိ၊ အင်တာနက်မှာ ဖတ်ဖို့ကြပြန်တော့လည်း အလုပ်သွား အလုပ်ပြန် ။ ပင်ပန်းတာနဲ့ စောစောအိပ်ဆိုတော့ မဖတ်ဖြစ်တော့ဘူးဗျာ။ စာမဖတ်ဖြစ်ရင်တော့ ကျွန်တော်တို့အနာဂတ်ဟာ ရင်လေးစရာပဲဗျ”

သူငယ်ချင်းရဲ့စကားကို သူဘာမျှ ပြန်မပြောဖြစ်။ သီဟိုလ်မှာကျောင်းတဲ့နေတဲ့ သူငယ်ချင်းရဲ့ စာများများဖတ်ကွာ၊ စာဖတ်မပျက်စေနဲ့ ဆိုတဲ့ သတိပေးစကားလေးကို သတိရနေမိတယ်။ ပြီးတော့… စာဖတ်သူတွေ အကြောင်း။ စာဖတ်ခြင်းကြောင့် ဘ၀တွေ ပြောင်းလဲသွားသူတွေ အကြောင်း… ၊ ပြောမယုံ ကြုံဖူးမှသိဆိုတဲ့ စကားလေးလိုပဲ အခုတော့ ကိုယ်ကိုယ်တိုင် မြင်တွေ့လေ့လာခွင့်ရခဲ့ အမေရိကန်ပြည်သူတွေရဲ့ အာဇာနည် သမ္မတကြီးလင်ကွန်းဟာ စာဖတ်ခြင်းကြောင့် တိုးတက်ခဲ့တယ်ဆိုတာ ကိုယ်ယုံလိုက်ရပြီလေ။ ပြီးတော့ ကိုယ်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း။ သူလည်း စာဖတ်လို့သာ ကိုယ်ကျိုးစွန့်လွတ်ရဲ့တဲ့ စိတ်တွေ၊ သတ္တိတွေ ၀င်ပြီး တိုင်းပြည်အတွက် ကယ်ခဲ့နိုင်ဟန် တူပါရဲ့။

(၅)
တကယ်တော့ ထူးချွန်ပြောင်မြောက်ခဲ့တဲ့သူတွေဆိုတာ အာဇာနည်တွေပါ။ ပါ`ဠိမှာတော့ အကြောင်းဟုတ်တာ မဟုတ်တာကို ကွဲကွဲပြားပြားသိတဲ့သူကို အာဇာနည်တဲ့။ သိတဲ့အတိုင်း ကျင့်ကြံဆောင်ရွက်ကြသူတွေကို အာဇာနည်တဲ့။ ကျန်းဂန်မှာလာတဲ့ အဖွင့်လေးပါ။ အခုဆို သမ္မတကြီးလင်ကွန်းဟာ စာဖတ်ခြင်းကြောင့် အကြောင်းအကျိုး၊ အကောင်းအဆိုးတွေကို သိခဲ့သလို သိတဲ့အတိုင်း သူ သမ္မတတာဝန်ထမ်းဆောင်ချိန်မှာ လူမျိုးရေးခွဲခြားတဲ့ ကျွန်စနစ်ကို တွန်းလှန်ပြီး ပြည်တွင်းစစ်ကိုလည်း အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ကမ္ဘာ့စံပြအာဇာနည်ကြီး ဖြစ်သွားခဲ့ပြီလေ။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကကော…ဗိုလ်ချုပ်လည်း သူ့နိုင်ငံသူ့လူမျိုးအတွက် ကျွန်ဘ၀က လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အာဇာနည်ကြီးအဖြစ် ဘယ်သူမှာ ဖျောက်ဖျက်လို့မရနိုင်တဲ့ သမိုင်းဝင် အာဇာနည် ဖြစ်သွား ခဲ့ပြီလေ။

သေချာတာကတော့ ဗိုလ်ချုပ်အောင်ဆန်းကော၊ သမ္မတကြီးလင်ကွန်းကော အာဇာနည်နှစ်ဦးလုံးဟာ ပေးဆပ်ခြင်းနဲ့ သမိုင်းဝင်ခဲ့ကြတာပါ။ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အ၀န်းအ၀ိုင်းလေးအတွက် မဟုတ်ဘဲ အများအတွက်၊ တိုင်းပြည်အတွက်၊ အသက်တွေကို စတေးပေးပြီးမှ အာဇာနည် ဖြစ်ခဲ့ကြတာပါ။ ဒီလိုစတေးရဲအောင် စွန့်လွှတ်ရဲအောင် သတ္တိတွေ၊ နှလုံးသားတွေဆိုတာလည်း စာဖတ်ခြင်းကြောင့်ပဲ ရရှိခဲ့ကြတာဖြစ်ပါတယ်။ စာဖတ်ခြင်းကြောင့်ပဲ စွန့်လွှတ်ရဲတဲ့ နှလုံးသားတွေနဲ့ ဘ၀ကို အများအတွက် ပေးဆပ်သွားခဲ့ကြတာပါ။ အဲဒီလို ပေးဆပ်သွားလို့လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဖျောက်ဖျက်မရတဲ့ ကမ္ဘာ့သမိုင်းဝင်၊ မြန်မာ့သမိုင်းဝင် အာဇာနည်တွေ ဖြစ်သွားခဲ့ကြတာပါ။ ပေါချောင်ကောင်းရခဲ့ကြတာ မဟုတ်ပါဘူး။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ နေရာပေးထားတတ်တဲ့လောကကြီးကတော့ တကယ့်ကို ရင်သပ်ရှုမောစရာပါပဲ။

သမ္မတကြီးရဲ့ ချက်မြုပ်ရာ လယ်သမားအိမ်(သစ်လုံးအိမ်)လေးဆီက ပြန်အလာမှာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ အာဇာနည်ပုဂ်ဂိုလ်တွေရဲ့ ခြေရာကောက်ကြောင်းတွေနဲ့အတူ ဆရာအောင်သင်းရဲ့ ”ကိုယ်မရသင့်တာကို မယူချင်ပါနဲ့၊ ကိုယ်မရသင့်တာကို ယူလိုက်မိရင် ကိုယ်မလိုချင်တာတွေပါ လက်ခံရတတ်တယ်”ဆိုတဲ့ ဆရာကြီးဦးအောင်သင်းရဲ့ အဘိဓမ္မာလေးက ရင်ထဲကို ခပ်ပြင်းပြင်းရိုက်ခတ်ခံ လိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ်၊ အာဇာနည်မဖြစ်နိုင်တောင် စာဖတ်ဖြစ်အောင်တော့ ကြိုးစားဦးမှ။ ။

(သည်အတွေးဆောင်းပါးလေးနဲ့ BA (Buddhism) ဘွဲ့ရ အရှင်ဝိလာသ(သာသနာ့တက္ကသိုလ်၊ ရန်ကုန်) အား ဂုဏ်ပြုပူဇော်အပ်ပါတယ်။)

နေသစ်မှူး(ငွေသာတွင်း)
၀၁၊ ၂၂၊ ၂၀၁၀ (ည.၁၁ :၁)
စာကိုး။ ဓမ္မပဒအဌကထာ
http://www.whitehouse.gov/about/presidents/abrahamlincoln

ဒီနေရာလေးက ဒီစာမူကို ကူးယူဖော်ပြပါတယ်။

1/17/10

လူဖြစ်နောက်ကျသူတစ်ယောက်ရဲ့ အသံ

“ကိုနေသစ် မနက်ဖန် အလုပ်နားချင်နားလေဗျာ”
“နားသာ နားလိုက်ပါဗျာ၊ နက်ဖန် မန်နေဂျာလာမှာလေ၊”

သူ သည်အလုပ်ကို စ လုပ်တာ တစ်လတိတိပြည့်ပြီးသည့် နေ့။ အလုပ်ရှင်ဆီက အပြန်နှုတ်ခွန်းစကားလေး။ Kroger ကပြန်လာတော့ သူငယ်ချင်းက ပြောသည်။

“ကိုနေသစ် ကြည့်ရတာ၊ ခများကို မန်နေဂျာနဲ့ ပေးမတွေ့စေချင်ဘူးထင်တယ်ဗျ၊ မတွေ့စေချင်တဲ့အကြောင်း နှစ်ချက်တော့ ရှိတယ်။ တစ်ချက်က ခများက အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့် ဗြောင်ပြောတောင်းတယ်၊ နောက်တစ်ချက်က ခများက လူသစ်ဆိုတော့ မန်နေဂျာစစ်ရင် အမှားတစ်ခုခုဖြစ်ပြီး သူ့ဆိုင် အထောင်းခံရမှာစိုးလို့လည်း ဖြစ်နိုင်တယ်။”

သူငယ်ချင်း ပြောတာတွေက ဖြစ်နိုင်ပါသည်။ မကြာသေးခင်ရက်ပိုင်းတွင်းတုန်းကမှာ ကျွန်တော်က သူ့ကို ကွန်ပလိန်းတက်ထားသည်။ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကျင့်သုံးနေသော ဥပဒေများ၊ အလေ့အထများကို မေ့လိုက်တဲ့။ သူ့ဆီရောက်လျင် သူ့စည်းကမ်းအတိုင်း ကျင့်တဲ့။ ကိုရွှေသူဌေးက ပြောသည်။ အသိမိတ်ဆွေအချို့က အမျိုးမျိုး အကြံဥာဏ်တွေ ပေးကြည်သည်။ တစ်ချို့က အလုပ်သမားရေးရာကို တိုင်တဲ့။ တစ်ချို့က ခများက ငွေလိုချင်တာမလား၊ ငွေရဖို့အတွက် သီးခံလိုက်တဲ့။ ကျွန်တော်က ဘာမှ မစဉ်းစားပါ။ ကျွန်တော့်ရပိုင်ခွင့်ကို ကျွန်တော်တောင်းသည်။ သူက မပေးနိုင်တဲ့။ ကျွန်တော် အလုပ်ကိစ္စ သူနှင့် စပြောကတည်းက သေသေချာချာ မပြောဖြစ်လိုက်သည့် အားနည်းချက်က ကျွန်တော့်အတွက် အကြီးအကျယ်ထိုးနှက်ခံလိုက်ရသည်။

ဆိုတော့၊ ကျွန်တော်က အမေရိကားရောက်မှ လူ့အခွင့်ရေးတွေ၊ အလုပ်သမားအခွင့်အရေးတွေ အဆုံးရှုံးမခံချင်။ ကိုယ်သီးခံနိုင်သလောက် သီးခံပြီး ကိုယ်မလုပ်ချင်က လွတ်လပ်စွာ ထွက်ခွာတော်မူရုံပင် ဖြစ်သည်။ ကျွန်တော်တို့ ရွှေပြည်ကြီးသားတွေက မည်သည့်နေရာရောက်ရောက် တစ်ယောက်ကို တစ်ယောက် (အထူးသဖြင့် မြန်မာအချင်းချင်း) ခေါင်းပုံဖြတ်သည့်အလေ့က မပျောက်ကြသေး။ တချို့က နိုင်ငံရေး သမားအယောင်ဆောင်ပြီး သူမသိ သူမတတ်တာမရှိသလိုဖြင့် မြန်မာလူမျိုးအချင်းချင်းအတင်းအဓမ္မ ခေါင်းပုံ ဖြတ်နေဆဲ။

အော် လူဖြစ်နောက်ကျခဲ့သူတစ်ယောက်ရဲ့ သံဝေဂအခန်းကျဉ်းလေးအကြောင်း ပြောပါတယ်။

(အသင်စာဖတ်သူသည် မစ္စစ္စပီတွင် နွားကျောင်းနေသူဖြစ်ပါက ကျွန်တော်တွေ့ကြုံရသော ရွှေအလုပ်ရှင်များနှင့် ပတ်သက်သည့် သတင်းအချင်းလက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။)

1/1/10

ရောက်တတ်ရာရာ...နှင့် စကားလုံးတစ္ဆေ

အခုတလော စာမရေးဖြစ်ဘူး။ စာမဖတ်ဖြစ်ဘူး။ အရင်က ငွေက လူကို ရှာခဲ့ဖူးတယ်။ အခု လူက ငွေကို ရှာတယ်။ အရင်က အချိန်က လူကို ရှာခဲ့ဖူးတယ်။ အခုတော့ လူက အချိန်ကို ရှာနေရတယ်။ အရင်က အလုပ်က လူကို ရှာခဲ့ဖူးတယ်။ အခုတော့ လူက အလုပ်ကို ရှာလို့။

သူငယ်ချင်းတွေက နှစ်သစ်ကူးသီချင်းတွေ ကိုယ်စီဆိုတယ်။ ပြီးတော့ လွတ်လပ်ရေးတေးတွေ စီကုန်းကြတယ်။ ကျွန်တော်က နှစ်သစ်ကူးဆိုတာ အလုပ်ထဲမှာ Happy New Year ဆိုတဲ့ နှုတ်ဆက်သံလေးကြားမှ နှစ်ကူးမှန်း သတိထားမိတဲ့ သူ။ သခွါးသီးခြစ်သလို ဘ၀ဆိုတာ ခြစ်လို့ရပါသလား။ မြူတွေ တိတ်နေတဲ့ တိမ်တိုက်မှာရော ကြယ်ငါးလေးတွေ ကူးခတ်ခွင့်ရှိပါသလား။ အရင်ကဆို.... သူလိုကိုယ်လိုအိပ်မက်တွေနဲ့ နိုးထဖူးတယ်။ အခုတော့ သူလိုကိုယ်လို စိတ်ကူးတွေနဲ့ အိပ်ပျော်နေတယ်။

ည.... နေ၀င်တာလည်း မမြင်ဖူး၊ နေထွက်တာလည်း မမြင်ဘူး။ သူငယ်ချင်းအချို့က စာမျက်နှာတွေ ကျော်ဖတ်လာတော့ ကျွန်တော်က သူတို့ကျော်ထားခဲ့တဲ့ စာမျက်နှာတွေကို သင်ပုန်းကြီးစားလို ကျေညက်အောင် ဖတ်နေခဲ့တယ်။

သမ္မတကြီးလင်ကွန်း။ သမ္မတကြီးခများ... ကျွန်တော်အခု သမ္မတကြီးရဲ့ လူလားမြောက်ခဲ့ရာ.. မွေးဖွားခဲ့ရာ.. သစ်လုံးအိမ်ဆိုတာလည်း ရောက်ခဲ့ပြီ။ သမ္မတကြီးခများ...ခများက လူမည်းတွေကို လွတ်မြောက်စေခဲ့တယ်။ ဒါပေမယ့် ...သမ္မတကြီးနယ်က အလုပ်ရှင်တွေဆီကနေ အလုပ်သမားးတွေကို လွတ်မြောက်စေခဲ့ပါသလား။ အတွေးနဲ့ မေးဖြစ်တဲ့ မေးခွန်းပါ သမ္မတကြီး။


“ကျွန်မက ဈေးရောင်းရမှာ ကြောက်လို့ ပညာကို တတ်အောင်သင်ခဲ့တာ”

အမေရိကန်နိုင်ငံမှာ စာတိုက်မှာ အလုပ်လုပ်နေတဲ့ မြန်မာတရုတ်တစ်ယောက်က ပြောတော့ ကျွန်တော် ကြက်သီးဖြန်းဖြန်းထလို့။ (ရွှေမြန်မာတို့ အတွေးနဲ့ဆိုရင်တော့ စာတိုက်အလုပ်ဆိုတာ နိမ့်ကောင်းနိမ့်နေမှာပါ။ အမေရိကားမှာတော့ ..ဘယ်လိုဆိုတာ ကိုယ်နဲ့ သက်ဆိုင်သူအမေရိကန်နေထိုင်သူများကို မေးကြည့်ပေ တော့ဗျား)။ ဈေးရောင်းရမှာ ကြောက်လို့။။ အခုတော့ ကျွန်တော်က ဈေးရောင်းနေရတယ်။။ ကျွန်တော် ဈေးရောင်းတိုင်း အဲဒီစကားကို ကြားတယ်။ အဲဒီစကားကိုကြားတဲ့ ကျွန်တော်ကြောခိုင်းထားတဲ့ ပညာရေးဆိုတာကြီးကို ပြန်ငဲ့ဖြစ်တယ်။။ ကျွန်တော် ပညာရေးဘက် စိတ်ကို ဦးတည်မိတိုင်း... ရွာမှာ ဆင်းဆင်းရဲရဲ ကျွန်တော်တို့ကို လုပ်ကိုင်ကျွေးမွေးခဲ့တဲ့ မိဘနဲ့ ကျွန်တော့်အစစအရာရာ အဆင်သင့်ဖြစ်နေဖူးတဲ့ ညီမလေးကို သတိရတယ်...

ပ ည ာ ေ ရ း အ ေ မ ရိ က န္ ပ ည ာ ေ ရ း
အတွေးနဲ့တင် ငွေကြေးမတတ်နိုင်လို့.....ဆက်စိတ်မကူးဖြစ်ခဲ့ဘူး...။
ဈေးရောင်းရမှာ ကြောက်လို့ ပညာကို တတ်အောင်သင်ခဲ့တာ ဆိုတဲ့ အစ်မတစ်ယောက်စကားကို ကျွန်တော်သေတဲ့အထိ မေ့လိမ့်မည်မထင်..................................။
အမေရိကန်မှာ လူရာဝင်ချင်ရင်တော့ ပညာသင်မှ...............


အခြားစကားလုံးတစ္ဆေများကို ဆက်လက်ရေးသားပါမည်။

12/13/09

ဘယ်သူ့အတွက်လဲ ?


(၁)

လွန်ခဲ့သော တစ်နှစ်ခန့်က ကျွန်တော်တို့ ရွှေပြည်ကြီးတွင် တစ်ခါသုံးကဒ်များ ခေတ်ထလာသည်။ ရန်ကုန်သူ ခြေသလုံးလှလှမလေးများကရော ဖုန်းဝယ်ကိုင်ဖို့ မတတ်နိုင်သော လူများကပါ ထိုတစ်ခါသုံးကဒ်များကို ကိုင်ကြသည်။ အထူးသဖြင့် ကျွန်တော့်လို တောသားတဖြစ်လည်း ဖုံးရူးသွပ်သူအဖို့ တစ်ခါသုံးကဒ်ဖုံးလေး ၀ယ်ကိုင်ရန် အကြောင်းပေါ်လာသည်။ (ကိုယ့်ဘာသာ ကိုင်ချင်လွန်းသောကြောင့်လည်း ဖြစ်နိုင်ပါသည် :D) ကျွန်တော်စာကြည့်လိုက်လေးအတွက် ရုန်းကန်လှုပ်ရှားနေစဉ် ဆက်သွယ်ရန်လွယ်ကူစေဖို့ ဖုံးလေးတော့ ရှိထားမှဆိုသော အတွေးဖြင့် ကျွန်တော် ဖုံးတစ်လုံးကိုင်ဖို့ စီစဉ်ရာ ငှားကိုင်ဖို့ကလည်း အဆင်မပြေနိုင်သဖြင့် ကိုယ့်ဘာသာ စလုံးက ပါလာသော ဟန်းဆက်လေးဖြင့် ကဒ်ဖုံးထည့်ကာ ကိုင်ဖို့ စိတ်ကူးမိသည်။ သို့ဖြင့် အသိတစ်ယောက်က သူ့သူငယ်ချင်းဆိုင်က စိတ်ချရသည်ဆိုသဖြင့် မင်္ဂလာဈေးကို သွားဖြစ်ကြသည်။ ဆိုင်ပိုင်ရှင် အသိသူငယ်ချင်းက ဖုံးကဒ်အတွက် ကျွန်တော် ငွေချေပြီးသော အခါ ဟန်းဆက်ပါ ၀ယ်ရန် မဲဆွယ်နေသည်။ ကျွန်တော်သုံးမယ့် ဟန်းဆက်ကို ကြည့်ပြီး...


“အကို့ ဟန်းဆက်က မော်ဒယ်အောက်နေပီ၊ အခုကျွန်တော်တို့ ဖုံးကဒ်တွေက မော်ဒယ်နိမ့်ရင် မရဘူးဗျ။ ဒီမှာ ဟန်းဆက်လှလှ ကောင်းကောင်းလေးတွေ ရှိတယ်လေ။ ကြည့်သွားပါဦးလား။တော်ကြာ နောက်တစ်ခေါက် ပြန်လာနေရလိမ့်မယ်”

တကယ်တော့ သူ့ရှေ့မှာပင် ကျွန်တော်က ဟန်းဆက်ထဲ ကဒ်ထည့် ဆက်ပြပြီး ဘယ်လိုလဲဟု မေးတော့ ရှက်ရမ်းရမ်းကာ ကျွန်တော်က ဖုံးအကြောင်း သိပ်မသိဘူးဗျဟူသတဲ့။


(၂)

လွန်ခဲ့သော ဆယ်ရက်ကျော်ခန့်က ကျွန်တော် ဖုံးလိုင်းအသစ် ထပ်လျှောက်ဖြစ်သည်။ ကုမ္မဏီက AT&T ၊ ဆိုတော့ ကျွန်တော် ဖုံးဆိုင်သို့ သွားသောအခါ ကျွန်တော်ကြိုက်သော ဟန်းဆက်မှာ ဖုံးလိုင်းမပါဘဲ ၀င်လျင် $ 400 ခန့်ကျပြီး ဖုံးလိုင်းပါလျင် $ 150 ကျမည်ဟု ရေးထားသည်။ ဖုံးကို ကြည့်လိုက်တော့ Sony အမျိုးအစား၊ နောက်ဆုံးပေါ်ထဲက။ ကင်မရာအတွက် 8.1 Mp ပါသည်။ ပြီးတော့ GPS ဘာညာ ဖန်ရှင်အစုံ။ ကျွန်တော်က တော်တော့်ကို အကြိုက်တွေ့နေသည်။


တစ်ခါတည်း ယူသွားမည်လုပ်တော့ အရောင်းစာရေးက “ မင်း အခုယူရင် $ 150 ကျမယ်၊ ပြီးတော့ ကျန်တဲ့ အက်တစ်ဗေးရှင်း ဖီးတွေ ဘာညာနဲ့ဆို များမယ်။ တကယ်လို့ အရေးမကြီးသေးဘူးဆိုရင် လာမယ့် ၁၀ ရက်နေ့မှ လာ ယူပါလား။ အဲဒီနေ့ကျရင် အကုန်လုံးမှ $ 50ပဲ ကျမယ်”တဲ့။

(၃)

AT&T ဖုံးဆိုင်က ကျွန်တော် ပြန်အလာ ကားပေါ်တွင် ကျွန်တော်တွေးနေမိသည်။ “ ဈေးရောင်းတာခြင်း အတူတူ ဘာတွေ ကွာနေကြတာလဲ၊ ” ဟု တွေးရင်း ...တစ်စုံတစ်ခုကို သတိရမိလိုက်သည်။ ကျွန်တော် သတိရမိလိုက်သည့် တစ်စုံတစ်ရာက ...


“ရွှေပြည်ကြီးက အရောင်းသမားက သူ့အတွက် တွက်ချေကိုက်ဖို့ စဉ်းစားပြီးရောင်းသည်။ အခု ကျွန်တော်တွေ့နေရသည့် အမေရိကားက အရောင်းသမားက ၀ယ်သူစားသုံးသူ အဆင်ပြေတွက်ချေကိုက်ဖို့ စဉ်းစားပြီး အကောင်းဆုံးအကြံဥာဏ်ပေး ရောင်းသည်။ ဆိုတော့ ...ကျွန်တော် မှတ်သားဖူးသည့် အင်းစိန်ရွာမစာသင်တိုက် ဆရာတော်ကြီး၏ အဆုံးအမလေးက ခေါင်းထဲဝင်လာသည်။”


“လောဘကိုယ့်တွက် ရည်ရွယ်လျက် သူ့အတွက် အကျိုးထင်၊

မေတ္တာ သူ့အတွက် ရည်ရွယ်လျက် ကိုယ့်အတွက် အကျိုးထင်”

လောဘနှင့် ကိုယ့်အတွက် လုပ်တာတောင် သူများအတွက် ဖြစ်သွားတတ်သကဲ့သို့ မေတ္တာနှင့် လုပ်ကိုင်ပြောဆိုပါက သူတစ်ပါးအတွက် ပြုလုပ်ပေးသော်လည်း ကိုယ့်အတွက် အကျိုးဖြစ်သည်ဆိုပဲ။


ဆရာအတ္တကျော်စကား ငှားသုံးပါရစေ။ “အားလုံးတွေးဆဆင်ခြင်တော်မူနိုင်ကြပါစေခမျာ”


နေသစ်မှူး

10/28/09

ကျွန်တော်တို့သည်...

သားတို့ သမီးတို့သည် တွင်းထွက်ရတနာများ ဖြစ်ပါသည်။

ကျွန်တော်တို့သည် မောင်တွင်းပိုးများဖြစ်ပါသည်။

ကျွန်တော်တို့သည် ကျောင်းအိုအိုကို အမှီပြု၍ မျှော်လင့်ချက်အသစ်များဖြင့် အနာဂတ်အသစ်ကို ဆောက်တည်ဖို့ ကြိုးစားနေပါသည်။

ကျွန်မတို့သည် မတွင်းပိုးများ ဖြစ်ပါသည်။


*ကျွန်တော်တို့သည်....
ဂိုးတိုင်ထဲ ဂိုးဝင်အောင် ကန်သွင်းခွင့် ရှိသောသူများဖြစ်ကြပါသည်။

*ကျွန်တော်တို့သည်...
အနာဂတ်ကို လွယ်အိပ်ထဲ ထည့်ထားသောသူများဖြစ်ပါသည်။

*ကျွန်တော်တို့သည်...
အခြားနိုင်ငံတကာကလေးများကဲ့သို့ ကမ္ဘာကြီးကို လက်ထဲထည့် မကစားနိုင်သေးသည့်တိုင် လွယ်အိတ်ထဲမှ ထုတ်နိုင်ရန် ကြိုးစားမည့်သူများဖြစ်ပါသည်။

*ကျွန်တော်တို့သည်..
လူအများ၏ ရသာတဏှာအတွက် လ္ဘက်ခွက်ထဲမှာ အဖြည့်ဖျော်ခံဖြစ်ပေမဲ့ ဘ၀ရဲ့ မျှော်လင့်ချက်မဲ့မှုတွေကနေ ခုန်ထွက်နိုင်အောင် ကြိုးစားခွင့်ရှိသူတွေ ဖြစ်ပါသည်။

*ကျွန်တော်တို့သည်..
ကျောင်းအိုအိုမှာ ပညာသင်နေရလင့်ကစား လှပသည့် အနာဂတ်သမီးပျိုတွေကို ပွေ့ဖက်ခွင့်ရရန် ကြိုးစားနိုင်ခွင့် ရှိနေကြပါသေးသည်။

*ကျွန်တော်တို့သည်...
မတရားမှုများနှင့် ဘ၀ကို တက်သုတ်နှင်နေရလင့်ကစား အမှန်တရားအတွက် အမှားများစွာကိုလည်း လက်ခံနိုင်သူများဖြစ်အောင် ကြိုးစားနေကြပါသည်။

*ကျွန်တော်တို့သည်..
ဖတ်ကောင်းရုံရေးထားသော အစီရင်ခံစားများ၊လမ်းစဉ်များ၊ကြော်ငြာများနှင့် ကြီးထွားလာနေရသော်လည်း လက်တွေ့ကြပြီး အပြုသဘောဆောင်သည့် ခြေလှမ်းများဖြင့် ဘ၀ကို စတင်ရန် ပြင်ဆင်နေကြပါသည်။

*ကျွန်တော်တို့သည်..
ကျွန်တော်တို့ကလေးဘ၀၊ တွင်းပိုးသဘာဝကို ခင်တွယ်နေလင့်ကစား ဒစ္စနေလမ်းပေါ်က ယဉ်ကျေးမှုများကိုလည်း လေးစားတတ်အောင် လေ့လာနေပါသည်။

*ကျွန်တော်တို့သည်...
လူသိများသည့် ကြယ်များကိုသာ အားမကျဘဲ လူမသိသူမသိကြွေလွင့်ပေးဆပ်သွားသော ကြယ်များ၏ အလှတရားကိုလည်း ခံစားနိုင်စွမ်းရှိကြသူများဖြစ်ပါသည်။

*ကျွန်တော်တို့သည်..
သခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့၏ကဗျာများကိုသာ တရှိုက်မက်မက်ဖြစ်နေကြသူများ မဟုတ်ဘဲ အကယ်၍* (IF)၊ အာရှတိုက်ရဲ့ အလင်းရောင်*တို့ကိုလည်း တရှိုက်မက်မက် ဖတ်ရှုခံစားနိုင်သူများဖြစ်ကြပါသည်။

*ကျွန်တော်တို့သည်..
မိဘများနှင့် ယာထဲ နှစ်ပါးသွားနေရလင့်ကစား
ကမ္ဘာရွာကြီးထဲ ယာထွန်၊ကောက်စိုက်နိုင်အောင် စွမ်းဆောင်နိုင်ခွင့်ရှိသူများ ဖြစ်ကြပါသည်။

*ကျွန်တော်တို့သည်...
ရွာမြောက်တောကြီးကနေ ဟိုး အမေရိကားထိ ခြေဆန့်နိုင်သည့်သူများ ဖြစ်ကြပါသည်။

**ကျွန်တော်တို့သည်...

***ကျွန်တော်တို့သည်...



ဓာတ်ပုံပို့ပေးတဲ့ တွင်းပိုးတစ်ကောင်ဖြစ်သူ မောင်ရဲမင်းကို အထူးကျေးဇူးတင်ပါတယ်။
http://h1.ripway.com/twinpoe/favicon.ico