7/20/09

သံဝေဂအခန်း

ဥာဥ့်နက်နက်တွေဟာ အိပ်ဆေးမတိုးတော့
လူ့ဘ၀တစ်နေ့တာက ပိုပိုရှည်လာ
နပန်းသတ်ပွဲက နေ့ည်မရွေးဘူး။

အိမ်နီးနားချင်းအခန်းဖော်တွေကို ကြည့်လိုက်တော့
စိုစွတ်နေတဲ့ သံသယတွေနဲ့၊
မုဆိုးတစ်ကောင်ရဲ့မျက်လုံးတွေနဲ့၊
ချည်ပြီးတုတ်ပြီး ကိုယ့်သေတွင်းကိုယ် တူးခိုင်းတဲ့စကားလုံးတွေနဲ့၊
မီးခံသေတ္တာအဟောင်းထဲက ကျမ်းစာရွတ်သံတွေနဲ့၊
အဆိပ်လူးထားတဲ့ စကားလုံးတွေကို
(အရည်မရောဘဲ) ပစ်ပေါက်ကြ။

အခုတော့
ကိုယ့်အသံကြောင့်ကိုယ်သေရတဲ့ ဖားတစ်ကောင် မဟုတ်ရုံက လွဲပြီး
ဘာဂုဏ်သိက္ခာ ငါ့မှာ ရှိဦးမှာတဲ့လဲ။

လောကကြီးနဲ့ ရန်ဖြစ်ဖို့ ကျွန်တော့်ကို မေမေ မွေးဖွားခဲ့တာလား။
လောကကြီးနဲ့ အရွဲ့တိုက်ပြိုင်ဖို့ ကျွန်တော့်ဘာသာ ရွေးချယ်ခဲ့တာလား။
အဲဒီလို မသေချာခြင်းတွေနဲ့ ညီမျှခြင်းထိုးထားတဲ့ကမ္ဘာ
ကျွန်တော့်နံဘေးမှာ ယသောဓရာ မပါခဲ့ပေမယ့်
ဆော့ခရတ္တိရဲ့ နောက်ဆုံးသောက်တော်ရေတစ်ခွက်နဲ့
ထွက်လေ ၀င်လေတိုင်းအတွက်
ယုံယုံ
ကြည်ကြည်။ ။

ကေတီဦး

ပျော်ပျော်ရွှင်ရွှင်ဟာသမဂ္ဂဇင်း၊အမှတ်-12၊သြဂုတ်၊2008

ဒီကဗျာလေးကို ရေးဖြစ်ခဲ့တာ ကြာပါပြီ။ လောကဓံတရားတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးထွက်ပေါက်လုပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အခုအခြေအနေနဲ့ ပြန်တွေးကြည့်တော့ ကျွန်တော့်ကို ဒုက္ခလှလှလေးလေးတွေ ဖန်းတီးပေးခဲ့တဲ့ သူတွေကို ကျေးဇူးအထူးတင်နေမိသလို၊ အဲဒီအချိန်မှာ သူငယ်ချင်းကောင်းပီသပေးခဲ့ကြတဲ့ နေ၀င်း၊ ဇေယျ၊ ဆူးရင့် စတဲ့သူငယ်ချင်းတွေနဲ့ အတူ တိုးတိုးတိတ်တိတ် မျက်ရည်တွေ ခြွေသိပ်ပေးခဲ့တဲ့ အဲမကိုလည်း ကျေးဇူးအထူးတင်ရှိနေဆဲပါ။

1 comment:

Anonymous said...

စာရိုက်တာလေး နဲနဲပြင်သင့်ပါတယ်။
ညဥ့်နက်နက်တွေဟာ
နေ့ညမရွေး

http://h1.ripway.com/twinpoe/favicon.ico