Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

5/14/10

လက်ဖွဲ့


နှစ်ယောက်တစ်အိပ်မက်လှေတစ်စီးနဲ့

ခရီးပင်လယ်ပြင်ကို စတင်။


သူက သူမကို လက်ဖွဲ့

သူမက သူ့ကို လက်ဖွဲ့

အခြမ်းနှစ်ခြမ်းရဲ့ ပေါင်းစည်းခန်းဟာ သိပ်ကို ကဗျာဆန်ဆန်။


အိပ်မက်လှေကလေးမှာ

နားလည်မှုဘီးကလေးတစ်စီးလိုမယ်။

တစ်ခါတစ်လေ ချော့တတ်ဖို့ လေနုအေးကလေး လိုမယ်။

တစ်ခါတစ်လေအားပေးဖို့ ကြင်နာမှုတွေ လိုမယ်။

တစ်ခါတစ်လေ စိတ်အပန်းဖြေဖို့ ဂစ်တာလေး တစ်လက်လိုမယ်။

တစ်ခါတစ်လေ ခရီးသွားဖို့ စာအုပ်တွေ ဖတ်ဖို့လိုမယ်။

တစ်ခါတစ်လေ ကိုယ်စီးနေတဲ့ ဘီးကလေးကို ထိန်းဖို့ ဘာသာတရားတွေ လိုမယ်။

တစ်ခါတလေ ကြည်နူးကြဖို့ ဘီးကလေးကို စီး သီချင်းဆိုတတ်ဖို့လိုမယ်။

အိပ်မက်လှေနဲ့ ခရီးထွက်သူများခများ….


ကျေးဇူးပြု၍ ကျွန်တော့်လက်ဖွဲ့ကို ဖွင့်ဖောက်မဖတ်ကြပါနဲ့။

ခများတို့ လှေအောက်က ရေလေးတွေ နောက်ကုန်တော့မယ်။


(မီးလေး (ခ) မကေသီအောင်က အွန်လိုင်းကနေ ဆီဒိုးနားမှာ ကျင်းပမယ့် သူမရဲ့ မင်္ဂလာပွဲဖိတ်စာလေး ပို့လိုက်ပါတယ်။ ဒီကလည်း လက်ဖွဲ့ထက် ခရီးစရိတ်က ပိုများကြီးနေမလားလို့ တွေးပူမိတာနဲ့ ဒီကဗျာလေးကို လက်ဖွဲ့လိုက်တာပါ။

ဒေါက်တာဝင်းထွန်း+ မကေသီအောင် (ခ) မီးလေးတို့ ဇနီးမောင်နှံ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းသင်းနေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ၁၅ ရက်နေ့ ညနေ (၆)နာရီမှ မင်္ဂလာအချိန်စမှာဆိုတော့ ကျွန်တော့်လက်ဖွဲ့ အချိန်မှီရောက်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း :D )

Photo bye Naythit at U Kyaw Lin + Thiri's House

5/5/10

ကိုယ်မပြောချင်တဲ့အကြောင်းများ



နိစ္စဓူဝ ပြေးလွှားနေတဲ့ ပြက္ခဒိန်တွေအကြောင်း
ကိုယ် မပြောချင်။

ကိုယ့်ဘာသာကိုယ် တူးထားတဲ့ လက်ယက်တွင်းလေး အေးတဲ့အကြောင်း
ကိုယ်မပြောချင်။

သမင်လည်ပြန်အကြည့်တွေ ခေတ်မမီတော့ဘူးလို့
ကိုယ်မပြောချင်။

နံရိုးတစ်ချောင်း အက်သွားရုံနဲ့
ဘ၀တွေက သေဆုံးသွားပြီလား။
ကိုယ်မပြောချင်။

ညီမလေးပေးထားတဲ့ ဆင်မြီးကွင်း လက်စွပ်လေးအကြောင်း
ကိုယ် မပြောချင်။

ညီမလေးဆင်ပေးထားတဲ့ ဦးဂျမ်းပုဆိုးလေးအကြောင်း
ကိုယ်မပြောချင်။

အဆက်ဟောင်းမလေးရဲ့ သစ္စာတရားတွေအကြောင်း
ကိုယ်မပြောချင်။

အဲဒီအဆက်ဟောင်းမလေးရဲ့ ညှင်းသွဲ့သွဲ့စကားလုံးတွေအကြောင်း
ကိုယ်မပြောချင်။

ကိုယ်တို့ရွာမှာ ကျင်းပမယ်ဆိုတဲ့ မဲပြာပုဆိုး ရွေးပဲအကြောင်း
ကိုယ်မပြောချင်။

ဒုက္ခရောက်လို့ ရှင်ကြီးကိုးမှ ကျားထက်ဆိုးနေသူတွေအကြောင်း
ကိုယ်မပြောချင်။

ဂလိုဘယ်လိုက်ဇ်ရွာကြီးမှာ အင်္ဂလိပ်စာမတတ်လို့ ရွားသားမဖြစ်တဲ့အကြောင်း
ကိုယ်မပြောချင်။

စကားလုံးတွေနဲ့ တည်ဆောက်နေတဲ့ ရွှေအိပ်မက်တွေအကြောင်း
ကိုယ်မပြောချင်။

သိတိုင်း မပြော၊ ရောက်တိုင်း မသွား၊ မြင်တိုင်း မကြည့်နဲ့ ဆိုတဲ့ အမေ့မှာတမ်းစကားတွေအကြောင်း
ကိုယ်မပြောချင်။

အားအားရားရား စကားလုံးတွေ ထွေးထုတ်နေတဲ့ သူတွေအကြောင်း
ကိုယ်မပြောချင်။

ကိုယ့်လိပ်ပြာ ကိုယ်ဝှက်ထားတဲ့ မိုးသားတွေအကြောင်း
ကိုယ်မပြောချင်။

အမြဲတမ်းသတိရနေတဲ့ အကို့ရဲ့ ညီမလေးဆိုတဲ့ စာကလေးတစ်စောင်အကြောင်း
ကိုယ်မပြောချင်။

ကမ္ဘာကြီး ပြားတယ်ဆိုတဲ့ အကြောင်း
ကိုယ်မပြောချင်။

ဘာကြောင့် မပြောချင်တာလဲဆိုတဲ့ အကြောင်းတွေကိုလည်း
ဘယ်သူ့မှ ကိုယ်မပြောချင်။

3/31/10

ညီမလေးလက်ရေး


စကားလုံးတွေနဲ့ တန်ဆာဆင်ထားတဲ့မြို့ကလေး
အဖိုးတန်တံဆိပ်ခေါင်းတစ်ခု ရင်ဘတ်မှာ ထိုးလို့။

ညီမလေးရဲ့ စာထဲမှာ....

အကိုက လ ကိုကြည့်စကားပြောရင်
ညီမက နေကို ငေးပြီး စကားပြောမယ့်အကြောင်း၊

အကိုက ကောင်ကင်ကို မှီနေချိန်မှာ
ညီမက ကြယ်ကလေးတွေကို ခူးဆွတ်မယ့်အကြောင်း၊

အကိုက နေ၀င်ချိန်ကို ရစ်မူးနေချိန်မှာ
ညီမက ဆည်းဆာနဲ့ ရေချိုးမယ့်အကြောင်း၊

အကိုက လ တစ်ခြမ်းပဲ့လေးကို လွမ်းရင်
ညီမက နေတစ်ခြမ်းပဲ့ကို သတိရနေမယ့်အကြောင်း၊

အကိုက ကြယ်ကြွေကောက်နေချိန်မှာ
ညီမက ခရေတွေ ကောက်နေမယ့်အကြောင်း၊

အကိုက နှင်းတွေကြား ကစားနေချိန်မှာ
ညီမ နေခြည်နုနုမှာ ဆော့နေမယ့်အကြောင်း၊

အကိုက ကဗျာတွေ ရေးနေချိန်မှာ
ညီမက အကို့စာတွေ ဖတ်နေမယ့်အကြောင်း၊

အကိုက မိသားစုကို မေတ္တာပို့နေချိန်မှာ
ညီမက မိသားစုထမင်းဝိုင်း ပြင်နေမယ့်အကြောင်း၊

အကိုက ကွန်ပျူတာကိုင်နေချိန်မှာ
ညီမ ဂဏန်းပေါင်းစက်ကိုင်နေမယ့်အကြောင်း၊

အကိုရေ...
အဝေးမှာ နေရတာ ပျော်ရဲ့လား၊
ညညမှာ ထ ထ ငိုနေတုန်းပဲလား၊
ချစ်သော သုဿာန်အဟောင်းမလေးရေလို့ အော်ခေါ်နေတုန်းပဲလား၊
ရန်ကုန်မှာ လိုင်းကားစီးရသလိုပဲ လွမ်းပါတယ်လို့ ပြောချင်တုန်းပဲလား၊
မကြားရတော့တဲ့ အကို့ညာဘက်နားကလေးလိုပဲ တမ်းတတုန်းပဲလား၊
အိပ်မပျော်တဲ့ ညတွေမှာ ကော်ဖီ ထ သောက်တုန်းပဲလား၊
....................................................................လား၊
..........................................................လား၊

တကယ်ဆို
ယုံကြည်ရာမြစ်တစ်ဆင်းနဲ့ စီးဆင်းနေရသူဆိုတာ ကိုယ်ပါ။
အကို့ရဲ့ ညီမလေး






3/13/10

...............................................................

ကောင်းကင်တစ်ခုစာ လွှတ်တင်လိုက်ပီလား၊
အဝေးမှာ ပြန်ဝဲနေတဲ့ ငှက်ကလေး
တစ်ကိုယ်ရေ လမ်းလျှောက်တတ်ပြီပဲ ဆိုပါတော့ အမေ၊
ငှက်ကလေး ပြန်ချိန်ဆို မေမေ မျက်ရည်တွေ စီးဆင်းလို့၊
ငှက်ကလေး ပြန်ရင် ရှိစုမဲ့စု အိပ်ကပ်ထဲက ငွေတွေ ထုတ်ရေလို့၊
ငှက်ကလေးဟာ ငှက်ကလေးသာသာပဲ အမေရယ်။

ဒီလိုနဲ့ အမေနဲ့ ပြန်မတွေ့နိုင်တော့တဲ့ နယ်ကျွံငှက်ကလေးတစ်ကောင်..
သံသရာကွင်းပြင်တစ်ခုလုံးစာ နှုတ်ဆက်သွားတာလား၊
ကံမကုန်ရင် ပြန်ဆုံကြမှာပေါ့လို့ ငှက်ကလေးရဲ့ နှုတ်ဆက်သံ
တကယ်လက်တွေ့ပြလိုက်ပီလား အမေ၊

အမေက ငှက်ကလေးရဲ့ လက်ကို ကိုင်ပြီး ငို၊
ငှက်ကလေးက အမေ့ရဲ့ မျက်နှာလေးကို ကြည့်ရင်း ငို၊
အမေရေ...
သားကို အများကြီး စိတ်မချခဲ့ပါနဲ့၊
ငှက်ကလေးဟာ ယောနသံဇင်ယော်မှ မဟုတ်တာ။

(လွန်ခဲ့တဲ့ တစ်ပါတ်က ကွယ်လွန်သွားတဲ့ ကျွန်တော့်ရဲ့ ဒုတိယကောင်းကင်ကြီးရဲ့ ကျေးဇူးတွေကို အောက်မေ့လျက်)

ကျွန်တော် အမေရိကားခရီးစဉ်မစခင်မှာ အမေ့ကို ကျွန်တော်နှုတ်ဆက်သွားတော့ ။ ဘာလို့ ဒီလောက် အဝေးကြီးသွားနေချင်ရတာလဲတဲ့။ ပြီးတော့ အမေ့ကို ကျွန်တော်က အမေ ကံမကုန်ရင် ပြန်ဆုံကြမယ်နော်လို့ ဖွဖွလေး ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက အမေက မျက်ရည်တွေ ၀ဲလို့။ ကျွန်တော်ဆန်ဖရန်စစ္စကို ဂိုးလ်ဒင်းဂိတ်တံတားကို ညဘက်ကြီး အလည်ရောက်တော့ အဲဒီတံတားကြီးထိပ်ကနေ ကွယ်လွန်သွားတဲ့ မေမေနဲ့ နောက်ဆုံး စကားပြောခွင့်ရခဲ့တယ်။ အမေက “ အဲဒီမှာ ပျော်ရဲ့လား”တဲ့။ မေမေ ကောင်းရာသုဂတိလားပါစေ။
(ကျွန်တော် ကဗျာကို နာမည်မပေးလိုက်တာက အမေ့ရဲ့ ကျေးဇူးတွေကို ဘောင်ခတ်ရာ ရောက်မှာစိုးလို့ပါ။ သူငယ်ချင်းတွေပဲ ကိုယ့်ဘာသာ ကိုယ့်စိတ်ကြိုက်နာမည်တပ် ခံစားကြပါတော့ဗျာ)




Type the rest of your post here.

2/27/10

ရှင်ကွဲ

မစိုစွတ်တော့ ခံစားချက်နဲ့၊
မထိရှတော့တဲ့ ရင်ဘတ်နဲ့၊
မလိုချင်တော့တဲ့ အိပ်မက်တွေနဲ့၊
မပြောချင်တော့တဲ့ တနင်္ဂနွေစကားတွေနဲ့၊
မရှိတော့တဲ့ အဆင်ပြေမှုတွေနဲ့၊
မလာတော့တဲ့ မိုးတိမ်ပြာကောင်းကင်နဲ့၊

ညီမလေးရေ...
အစ်ကို့သူငယ်ချင်းတွေခမျာ ဘယ်နန်းမှာ အလွမ်းသင့်နေပါလိမ့်။

ဘာမှ ရပိုင်ခွင့်မရှိဘဲ စွန့်လွှတ်ကြ၊
ဘာမှချမ်းသာခြင်းမရှိဘဲ ပေးဆပ်ကြ၊
ဘာမှ မတောင်းဆိုရဘဲ လက်ကမ်းကြ၊
ဘာမှ မပြောမိပါဘဲ ကိုယ်စီလက်တွဲကြ၊

ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါတယ်မေမေ
သားတို့ဟာ သားတို့ခန္ဓာအတွက် လမ်းလျှောက်ထွက်ခဲ့ကြတယ်။

အခုတော့
သားတို့လျှောက်တဲ့လမ်းဟာ သားရဲတိရစ္ဆာန်အတိပြီးလို့။
ဟို ရဟန်းငါးရာ တရားအားထုတ်ရင်း ရွတ်ဖတ်တဲ့ မေတသုတ်လည်း မကယ်နိုင်တော့ဘူး အမေ။

သားသူငယ်ချင်းတွေနဲ့ ထိုင်ခဲ့တဲ့ တက္က္ကသိုလ်ကန်စောင်းလေးခမျာတော့
လ ရောင်နဲ့ ဝေးနေရပေါ့အမေ။ ။

ဘယ်နေရာကို ရောက်နေကြမှန်း မသိရသေးတဲ့ သူငယ်ချင်း နေ၀င်းနှင့် စောကက်တို့သို့ သတိတရ


--
Posted By နေသစ် to " Dream - grove " at 12/01/2007 04:07:00 AM

အိပ်မက်တောအုပ်ဆိုတဲ့ ဘလော့အဟောင်းလေးတုန်းက တင်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ပါ။ ဒါပေမယ့် ခံစားချက်လေးကတော့ အခုထိ အသက်ရှင်နေတုန်းဆိုတော့ ပြန်တင်လိုက်တာပါ ။ဖတ်ဖူးတယ်ဆိုရင် နားလည်ပေးပါဗျာ။

2/24/10

လူ့အဖြစ်ရဲ့  အမှတ်ရစရာ

လူ့အဖြစ်ကို ရယူဖို့ ပင်လယ်တွေ တောင်တန်းတွေ အထပ်အထပ် ဖြတ်ကျော်ခဲ့ရတယ်။
လိမ္မော်သီးတွေ ၀ါဝါ၀င်းဝင်း လှလှပပ
ဒီလျှာမှာ မချိုနိုင်တော့ဘူး
ဒီမျက်စိမှာ ဆူးတွေ စူးနေပြီ ဆိုတဲ့အကြောင်း
ပြောရင်း ဒီအ၀တ်တွေ ယားယံလာတဲ့ အခါ
လူတစ်ယောက်ဖြစ်ဖို့ လူလို နေရပါလိမ့်မယ်
အလုပ် လုပ်ရင် ထမင်းဖိုးရနိုင်ပါတယ်
ထမင်းစားဖို့လူဖြစ်လာတယ်ဆိုရင် စိတ်မကောင်းစရာ ဇာတ်လမ်းတစ်ပုဒ်သာ
လူတွေရဲ့ ဈေးပွဲခင်းမှာ သီချင်းသံအပြင် ငိုသံတွေ ရယ်သံတွေ တလွင်လွင်
ဆဲဆိုနေတဲ့ လင်နဲ့ မယားတွေရဲ့  အသံကြောင့်ပေါ်လာတဲ့ ဗလံတွေအကြားမှာ
နင့်နားရွက်ကလေး ရေဆွတ်ထားနိုင်ရင် ပန်းကလေးတစ်ပွင့်လို လူ့အဖြစ်က အလှကြည့်ချင်စရာ
သူငယ်ချင်းနေသစ်မှူးပြောခဲ့သလို ``လူ့အဖြစ်က ဂုဏ်ယူစရာလား``

အပြောင်းအလဲတစ်ခု (သို့) အလုပ်သစ်တစ်ခုပြောင်းဖို့ အကြိမ်တစ်သန်း စိတ်လေရ
အမှားတစ်ခုလား အမှန်တစ်ခုလား မပြောရဲတဲ့အပြင်
ဟိုး...အဝေးမှာ ကျန်ရစ်ခဲ့တဲ့ အဖေရယ် အမေရယ် ညီမလေးရယ်
သွေးချင်းတွေရယ် သတိတရ စိတ်မကောင်းမိတာက အစ
ဆုံးဖြတ်ချက် ချလိုက်ချိန်အတွင်း မျက်ရည်စို့စို့ လည်နေမိပါတယ်။
ဒီနေ့မှာ ဒီလူရဲ့  ပြောင်းလဲမှုက မြွေရေခွံလဲသလောက်မလွယ်ကူပါဘူး
သိမ်မွေ့ တဲ့စိတ်တစ်ခုလုံးလုံး အခွံချွတ်ချခဲ့ရပါတယ်။
ကျေးဇူးကြီးမားတော်မူပါပေသော အို အရှင်
``အကျွန်ုပ်ကို လူတစ်ယောက်လို့သာ သိမှတ်တော်မူပါ``
ခင်များအတွက် မဆိုလိုပါဘူး ဒီနေ့ဟာ ဒီလူအတွက် အမှတ်ရစရာ။


(၂၀၁၀.၂. ၁၇ ....နေ့သို့ အမှတ်တရ ကဗျာ)
ဒီကဗျာလေးကို သူငယ်ချင်း သာရလင်းက ပေးပို့လိုက်တာပါ။ သူငယ်ချင်းသာရလင်းရဲ့ အင်တာနက်စာမျက်နှာ ဒီနေရာမှာလည်း သွားရောက်ဖတ်နိုင်ကြကြောင်းပါ။

Type the rest of your post here.

2/14/10

ကျွန်တော်နဲ့ချစ်သူများနေ့အကြောင်း

အဲဒီနေ့မှာပဲ
စာရွက်တွေနဲ့ အိပ်မက်မျှော်စင်တစ်ခု တည်ဆောက်ခဲ့ဖူးတယ်။

အဲဒီနေ့မှာပဲ
စာရွက်တွေပေါ်မှာ
ခရမ်းရောင်ရင့်ရင့် မြစ်တစ်စင်း ဖြတ်သန်းစီးဆင်းခဲ့ဖူးတယ်။

အဲဒီနေ့မှာပဲ
စကားလုံးတွေနဲ့ အဝေးကဧည့်ခန်းတစ်ခု ဖန်တီးခဲ့ဖူးတယ်။

အဲဒီနေ့မှာပဲ
စင်္ကာပူက ဘုရားရှေ့မှာ ရိုးရိုးသားသား ၀ါကျများကို လျှောက်ထားဖြစ်တယ်။

အဲဒီနေ့မှာပဲ
သော်တာသစ်မှူးနဲ့ စိတ်ချင်းလက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီနေ့မှာပဲ
ည ည အိပ်မပျော်တဲ့အကြောင်း ငါးကျပ်တန်စကားပြောခွက်လေးပေါ်မှာ ရယ်မောတတ်ခဲ့တယ်။

အဲဒီနေ့မှာပဲ
ကဗျာဆရာစောဝေရဲ့ နံနက်ခင်းတစ်ခု ပြိုလဲသွားခဲ့ဖူးတယ်။

အဲဒီနေ့မှာပဲ
နေနဲ့လတို့အကြား မျဉ်းပါးပါးလေး ခြားခံလိုက်ရတယ်။

အဲဒီနေ့မှာပဲ
........................................................................

အဲဒီနေ့မှာပဲ
................................................................................................။



(အနီရောင်သားထားတဲ့ စကားလုံးတွေက ကျွန်တော် စာရူးပေရူးစခါစ ကာလတွေတုန်းက သူငယ်ချင်းတွေနဲ့ စုပေါင်းထုတ်ခဲ့တဲ့ ကဗျာစာအုပ်လေးတွေရဲ့ နာမတော်တွေပါ။ ရိုးရိုးသားသားဝါကျများကတော့ အိမ်ထောင်ရေးဖတ်စာအုပ်လေးထဲက အမှာစာပါ)




Type the rest of your post here.

2/8/10

တောင်ကြီး

ကွေ့ဝိုက်နေတဲ့တောင်တန်းတွေက မိုးကုတ်စက်ဝိုင်းကို နမ်းလို့၊
မြူတွေရဲ့ ရင်ခွင်မှာ ကောင်မလေးက ကခုံလို့၊
ကျောက်သားနုနုလေးတွေက ဖ၀ါးနုနုလေးကို နမ်းလို့၊

တစ်ကြောင်းမျဉ်းဆွဲထားတဲ့ မျက်ခုံးနဲ့၊
ကပိုကယိုဝတ်ထားတဲ့ ကိုးရီးယားမင်းသမီလိုမျိုးအလှနဲ့၊
ဆင်းလိုက်တက်လိုက်ခြေလှမ်းတွေနဲ့၊

ကောင်မလေးရေ...
မင်းပြောသွားတဲ့ ပုံပြင်တွေက မင်းပြောချင်တဲ့ စကားလုံးတွေပဲလား။
ကိုယ့်ရင်ဘတ်က မီးဝေးချိတ်လို မဟုတ်ဘူး။

အဲဒီကောင်မလေးဆီပဲ..
ကျွန်တော် အတန်းတက်ခဲ့ဖူးတယ်။
အဲဒီကောင်မလေးဆီမှာပဲ...
ကျွန်တော် ပဉ္စင်းတက်ခဲ့ဖူးတယ်။
အဲဒီကောင်မလေးဆီမှာပဲ..
ကျွန်တော် ရှင်လိင်ပြန်ခဲ့ဖူးတယ်။
အဲဒီကောင်မလေးဆီမှာပဲ..
ကျွန်တော်ကဗျာဆန်ခဲ့ဖူးတယ်။
အဲဒီကောင်မလေးဆီမှာပဲ...
ကျွန်တော်ချစ်ခွင့်ပန်ခဲ့ဖူးတယ်။
အဲဒီကောင်မလေးဆီကပဲ..
အချစ်တွေ ကျွန်တော်ရခဲ့ဖူးတယ်။
အဲဒီကောင်မလေးဆီကပဲ..
ပျော်ရွှင်မှုတွေ ထွေးပိုက်ဖူးတယ်။
အဲဒီကောင်မလေးဆီကပဲ..
နှုတ်ခံစူစူလေးတွေ ရခဲ့ဖူးတယ်။

ကောင်မလေးရေ...
ကိုယ့်ရဲ့ငါးကျပ်တန် ခပ်နော့နော့ဖုံးခေါ်သံဟာ ရှမ်းအိုးစည်လို လွမ်းစရာမကောင်းတော့ဘူးလားကွဲ့။
အခုဆို ကျင့်သားရနေတဲ့ အိပ်မက်တွေနဲ့
ဆိုနေမိတဲ့ သီချင်းများပြောပါတယ်
ဆုတောင်းခဲ့ဖူးတယ်မိငယ်





1/14/10

နေသစ်ရဲ့ ယနေ့မိုးလေ၀သ အခြေနေ

နေမြင့်လို့ အရူးရင့်ခဲ့တာ မဟုတ်ပါဘူးမေမေ
သစ်ဆန်းတဲ့ လ အရွေ့မှာ ဘ၀တွေ ကွေ့ခဲ့တာလည်း မဟုတ်ပါဘူးမေမေ
အမိုက်တွေ ကြီးမှူးမနေချင်ရုံနဲ့လည်း ဘ၀က ပြည့်စုံမှာမှ မဟုတ်တာ မေမေ..

ကြေကွဲမှုဟာ ငွေလိုလှပရင်
ရင်ထဲမှာ သာနေတဲ့ သော်တာကလည်း အေးမြတာပဲ
ခေတ်က တွင်းအောင်းနေရမဲ့ကာလမှ မဟုတ်တာပဲ၊

ဝတစ်ခုကို
လုံးက စ ရေးတယ်။
သစ်ဆန်းနေဖို့လား

လုံးရေး စနေတာပဲ..
နေတာက ဖြစ်သလို ကျွတ်ထိုးနေပါ
တယ်။။။။

အားလုံးကို လေးစားလျက် :D

1/7/10

နှင်းမှုံတွေကြားက အသံ

(ကျွန်တော်နေတဲ့ အိမ်နောက်ဖေးကလမ်း)

အလွဲကြောင့် ပြောင်းခဲ့တာမဟုတ်ဘူး
အပြောင်းကြောင့် လွဲခဲ့တာမဟုတ်ဘူး
အပြောင်းအလဲဟာ လူကို ပြောင်းလွဲသွားစေခဲ့တယ်။
ကိုယ့်ဘ၀ကို ကျေနပ်ပါ..
ကိုယ့်ဘ၀ကို ကြိုးစားပါ..
စာဖတ်ဖြစ်အောင် ဖတ်ပါ...
တသက်လုံးသင်နေရုံနဲ့ ဘ၀က ပြည့်စုံမှာမဟုတ်ဘူး...

အဝေးက အချက်ပေးဥသြသံတွေ ကြားတိုင်း ကိုယ့်ကြေကွဲမှုဟာ လှပလွန်းတယ်..

သုံးနေကျ ဘ၀က Window 7
နည်းနည်းလေး လျော့လိုက်ပါတယ် Window Vista
Format ရိုက်ထားတဲ့ ဘ၀မှာ..ဆော့ဖ်ဝဲအသစ်..မျှော်လင့်ချက်အသစ်.
ကိုနေရုရေ...
ကျွန်တော့်ကွန်ပျူတာ အရင်လို မလေးတော့ဘူး..
အရင်လို အဲရာမတက်တော့ဘူး..
ကျွန်တော့်ရင်ဘတ်မှာ ညီမလေးသော်တာကို Screen တင်ထားတယ်..

ဘယ်အချိန်မှာ ၀င်လာမယ်မှန်းမသိတဲ့ ဗိုင်းရပ်စ်...
ကျွန်တော်အင်နဲ့အားနဲ့ အဆင်သင့်သတ်ဖို့ ဆော်ဖ၀ဲလ် အသင့်ပြင်ထားတယ်..

ဘာပဲဖြစ်ဖြစ် နေဟာ လ နဲ့ ဝေနေရဦးမယ်ဆိုတာ ယုံ....


ပြီးပါပြီ

11/28/09

လက်တွေ့ပြဌာန်းချက်

သန့်စင်သော ၀ိဥာဉ်တော်သည်
ငါကိုယ်တော်အား ဆင်းရဲဒုက္ခများကို ဖြတ်သန်းနိုင်ရန် အားဆေးတစ်ခွက် ဖြစ်စေသည်

ဓမ္မသစ်အဆိုမိန့် မဟုတ်ဘဲ နေသစ်မုခပါဌ်များဖြစ်မလား

မနားဘဲ ဆိုတဲ့သီချင်း
မပြေးဘဲ ရပ်နေတဲ့ဘဝ
အနာတရရာသီဆိုတာ ကိုယ့်ဘ၀တစ်ခုလုံးစာ။

ကေတီဦး



11/22/09

လူ့အဖြစ်ဟာ ဂုဏ်ယူစရာ

ပြောင်းလဲသွားတဲ့ စကားလုံးတွေ
ပြောင်းလဲသွားတဲ့ ၀ါကျတွေ
ပြောင်းလဲသွားတဲ့ ပုဒ်ထီး၊ ပုဒ်မတွေ
သေချာတဲ့ အလုပ်တွေ တစ်သက်လုံးမလုပ်ခဲ့တဲ့အပေါ်
အမေ ကျွန်တော့်ကို ဘယ်လိုပြောမလဲ။

ကျွန်တော်က အမှန်တရားကို စကားလုံးတွေနဲ့ ရှာခဲ့တယ်
အခုတော့ လက်တွေ့

ကိုယ့်အိပ်မက်တွေ မက်ခွင့်ရဖို့ ကျွန်တော် ဘယ်သူ့ကိုမှ မနှိုးခဲ့ပါဘူး။
ကျွန်တော်သိတာက ကျွန်တော့်မိဘတွေနဲ့ ညီမလေးတို့ရဲ့ လုံခြုံမှု
မေမေ သည်တစ်ခါအမှားလေးကိုတော့ သားလုပ်တာ မှန်တယ်လို့ ချီးမွမ်းပေးပါ။
ညီမလေး ကိုကို့ကို အားနာပါးနာတောင်မှ အားပေးစကား မပြောပါနဲ့။
ညတွေနက်နေတဲ့ လူ့ဘ၀ကို သင်ယူဖို့
ကိုယ် ဒီနေ့နေလည်ပဲ လူ့အဖြစ်ကို စ ခဲ့တယ်။

ကေတီဦး(၁၁၊၂၁၊၀၉)


Type the rest of your post here.

11/2/09

ရောဂါ


ရောဂါ

အခြားမရှိတဲ့ အကြောင်းပြချက်ပေးတတ်တယ်။
ပေါက်လွတ်ပဲစား သီချင်းတွေလည်း ရေးတတ်တယ်။
တစ်ကိုယ်တည်း ကျိတ်ကြံထားတဲ့ အိပ်မက်နဲ့ ပြုံးစိစိနေတတ်တယ်။
တစ်ခါတစ်လေ ဆေးလိပ်ဖြတ်မယ်လျှောက်ထားပြီးမှ ဘုရားရှေ့မှာတင် သိသိကြီးသောက်တတ်တယ်။
စနိုး(SNOW)တွေ ကျကျချင်း အတတ်နိုင်ဆုံးဖယ်ထားသင့်သလိုမျိုး
ကျောကုန်းမှာ ကျနေတဲ့အသမာတွေကိုလည်း အမြန်ဖယ်ချင်တာပဲ
ဒုက္ခကို အရေညှစ်မှ ၀ါကျတစ်စက်ကျလာ၊ စာတစ်ပုဒ်ဖြစ်၊
စိတ်ညစ်တယ်ကွာ သူငယ်ချင်း၊
လာ တစ်ခွက်တစ်ဖလား
ဝီမျိုးဝီနွယ်အပေါင်းသင်းတို့ခများ အေးရှားဘက်မှာ ချောင်ကောင်းကောင်းမရှိဘူးလား။
ဒီမှာတော့ ဒီနေ့မရလို့၊ အခြားစတိတ်(State)ပြေးဝယ်ရမတဲ့။
ကိုယ်က ကလောင်နဲ့ စာရေးတာပဲ၊ ဒါပေမယ့် အစ်ကိုကြီးတစ်ယောက် အဝေးကကျိတ်ဆဲနေတယ်
ကိုယ်က အလကားရတဲ့အချိန်တွေကို အလကားဖြုန်းတယ်။

သူငယ်ချင်းရေ...
ဒီနေ့မြင်လိုက်ရတဲ့ မင်းသမီးမျက်နှာက အလှသားကွ၊
အရင်ကတော့ ကိုယ်က မင်းကလေးတွေကို အားတဲ့အချိန်တိုင်း ထိမ်းခဲ့တယ်။
အခုတော့ ကိုယ်က နိုင်ငံကြီးမှာ ဒုက္ခအကြီးစားနဲ့ ညီမလေးကို လွမ်းနေရတယ်။
လူပဲကွာ...
တစ်ခါတစ်လေတော့ စိတ်လွတ်ကိုယ်လွတ်နေချင်တာပေါ့
မင်း မင့်သမီးတွေကို ရိုက်မဆုံးမနဲ့ကွာ
ဒီမှာဆို ရဲတိုင်ခံရလိမ့်မယ်
ဘာပဲဖြစ်ဖြစ်.. အဝေးကနေပဲ မင်းတို့ရဲ့ သားသမီးတွေ ကြီးထွားလာနေတာကိုပဲ ကြည်နူးကြည့်နေတယ်

ရောဂါ

သူငယ်ချင်းမောင်မင်းစိုး ရဲ့ တတိယမြောက်စာအုပ်ကာဗာလေး ဒီဇိုင်နာလူဇော်သစ် ပို့ပေးလို့ ကြည့်ခွင့်ရတဲ့အခါ...ကျွန်တော့်ရင်ထဲ ဖြစ်ပေါ်တဲ့ စိတ်လိုလက်ရ ချရေးလိုက်တယ်။ ရောဂါတစ်ဝက်ခံစားချက်မို့ ရောဂါလို့ပဲ နာမည် ပေးလိုက်တယ်။သူငယ်ချင်းတွေအားလုံး နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ အောင်မြင်ပါစေ သူငယ်ချင်း။

9/18/09

သေဆုံးသွားသော မွေးနေ့များ



ကိုယ့်သေတွင်းနဲ့ ကိုယ် ရှင်သန်နေရုံ

ညဆို ကိုယ်လည်း အိပ်ယာ ပြောင်းပြောင်း အိပ်နေတာပဲ။

တစ်ခါက ကျောသပ်ရင်သက်လုပ်ခဲ့ဖူးတဲ့ မေမေ့လက်ကလေးတွေ
တစ်ခါက အတူတူ သွားခဲ့ဖူးတဲ့ ခရီးလေးတွေ
တစ်ခါက အတူတူ ထိုင်ခဲ့ဖူးတဲ့ ခွေးခြေပုလေးတွေ
တစ်ခါက အတူတူ ကြည့်ခဲ့ဖူးတဲ့ အပေါစားဟာသကားတွေ
တစ်ခါက အခန်းထဲ လှောင်ပိတ်နှိပ်စက်ခံခဲရတဲ့ ရထားတွေ
တစ်ခါက မျက်နှာဖုံးအတုတွေနဲ့ ဖန်ဆင်းခဲ့ရတဲ့ အလင်းအိမ်တွေ
တစ်ခါက အတူတူ လမ်းဖြတ်ကူးခဲ့ရတဲ့ ဘ၀တွေ
တစ်ခါက အတူတူ ရင်ဖွင့်ခဲ့ကြတဲ့ စာမျက်နှာတွေ
တစ်ခါက အတူတူရယ်ခဲ့ကြတဲ့ လက်ကလေးတွေ
တစ်ခါက အတူတူ လဲဖတ်ခဲ့ကြတဲ့ ဒိုင်ယာရီလေးတွေ
တစ်ခါက တက္ကသိုလ်ရိပ်သာလမ်းပေါ်က သူရဲကောင်းဆန်ဆန် မနက်ခင်းတွေ
တစ်ခါက ကမ္ဘာကြီးကို ကျောသပ်ရင်သပ် သွားပြန်ခဲ့တာတွေ


ညီမလေးသော်တာရေ..
နေ့လယ်တစ်နာရီဆို စောင့်နေပါ..
ကိုယ်တို့တတွေ အတူတူ Happy Birthday သီချင်းဆိုမယ်..
နေနဲ့လ အထားသို မှားတဲ့ ဘ၀နဲ့
တို့နှစ်ယောက် ရှေ့ဆက်ကကြမယ်။

7/29/09

လက်ရှိအခြေအနေ

စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာမဟုတ်ရင်
ဆွမ်းခံရင်း ငှက်သင့်တာများ ဖြစ်နေမလား
အတိတ်ကံကိုက ပစ်ချလိုက်တဲ့နေရာတစ်ခု
အဆိပ်မတက်သေးတဲ့အိပ်မက်တွေအတွက်
အကျဉ်းကျခံနေရဆဲ။

ကိုယ်ခေါင်းဆောင်ခဲ့တဲ့တိုက်ပွဲဟာ
ကိုယ်မပါပဲ အောင်ပွဲခံနေကြ
ကိုယ်က အဝေးမှာ လွတ်လပ်စွာ အထီးကျန်နေတယ်။
ညီမလေးအဲမရေ....
ကိုယ့်ကိုယ်စား မင်း သွားမှ သွားရဲ့လား၊
ကိုယ့်ချန်ခဲ့တဲ့ခြေလှမ်းလေးကိုရော ဖွဖွလေး တမ်းတနေရဲ့လား။
ကိုယ်က ညခါးခါးနဲ့ လ ရောင်နှုတ်ခမ်းကို တမ်းတသူ၊
မင်းက အလင်းနုနုနဲ့ နေခြည်လင်းကို မျှော်လင့်သူ၊

အခုဆို ကိုယ်တို့ ထုတ်မကြေငြာရသေးတဲ့ အလွတ်စာမျက်နှာတွေက
ကိုယ်တို့ သမိုင်းတစ်ခုက စာကျက်တွေပဲ။
အဲဒီနေ့က ပြောသွားလိုက်ပုံများ ပြောပါတယ်
လူဆိုတာ ကိုယ့်ကျင့်ဝတ်ကို မသိရင် သူများကျင့်ဝတ်ကို မကြည့်နဲ့တဲ့။


लाइब्रेरी सरेमोनी Remember

7/20/09

သံဝေဂအခန်း

ဥာဥ့်နက်နက်တွေဟာ အိပ်ဆေးမတိုးတော့
လူ့ဘ၀တစ်နေ့တာက ပိုပိုရှည်လာ
နပန်းသတ်ပွဲက နေ့ည်မရွေးဘူး။

အိမ်နီးနားချင်းအခန်းဖော်တွေကို ကြည့်လိုက်တော့
စိုစွတ်နေတဲ့ သံသယတွေနဲ့၊
မုဆိုးတစ်ကောင်ရဲ့မျက်လုံးတွေနဲ့၊
ချည်ပြီးတုတ်ပြီး ကိုယ့်သေတွင်းကိုယ် တူးခိုင်းတဲ့စကားလုံးတွေနဲ့၊
မီးခံသေတ္တာအဟောင်းထဲက ကျမ်းစာရွတ်သံတွေနဲ့၊
အဆိပ်လူးထားတဲ့ စကားလုံးတွေကို
(အရည်မရောဘဲ) ပစ်ပေါက်ကြ။

အခုတော့
ကိုယ့်အသံကြောင့်ကိုယ်သေရတဲ့ ဖားတစ်ကောင် မဟုတ်ရုံက လွဲပြီး
ဘာဂုဏ်သိက္ခာ ငါ့မှာ ရှိဦးမှာတဲ့လဲ။

လောကကြီးနဲ့ ရန်ဖြစ်ဖို့ ကျွန်တော့်ကို မေမေ မွေးဖွားခဲ့တာလား။
လောကကြီးနဲ့ အရွဲ့တိုက်ပြိုင်ဖို့ ကျွန်တော့်ဘာသာ ရွေးချယ်ခဲ့တာလား။
အဲဒီလို မသေချာခြင်းတွေနဲ့ ညီမျှခြင်းထိုးထားတဲ့ကမ္ဘာ
ကျွန်တော့်နံဘေးမှာ ယသောဓရာ မပါခဲ့ပေမယ့်
ဆော့ခရတ္တိရဲ့ နောက်ဆုံးသောက်တော်ရေတစ်ခွက်နဲ့
ထွက်လေ ၀င်လေတိုင်းအတွက်
ယုံယုံ
ကြည်ကြည်။ ။

ကေတီဦး

ပျော်ပျော်ရွှင်ရွှင်ဟာသမဂ္ဂဇင်း၊အမှတ်-12၊သြဂုတ်၊2008

ဒီကဗျာလေးကို ရေးဖြစ်ခဲ့တာ ကြာပါပြီ။ လောကဓံတရားတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးထွက်ပေါက်လုပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အခုအခြေအနေနဲ့ ပြန်တွေးကြည့်တော့ ကျွန်တော့်ကို ဒုက္ခလှလှလေးလေးတွေ ဖန်းတီးပေးခဲ့တဲ့ သူတွေကို ကျေးဇူးအထူးတင်နေမိသလို၊ အဲဒီအချိန်မှာ သူငယ်ချင်းကောင်းပီသပေးခဲ့ကြတဲ့ နေ၀င်း၊ ဇေယျ၊ ဆူးရင့် စတဲ့သူငယ်ချင်းတွေနဲ့ အတူ တိုးတိုးတိတ်တိတ် မျက်ရည်တွေ ခြွေသိပ်ပေးခဲ့တဲ့ အဲမကိုလည်း ကျေးဇူးအထူးတင်ရှိနေဆဲပါ။

1/27/09

ချောင်းသူများနေ့

အမေမသိသေးဘူး။
ဒီနေ့ ဘာနေ့လဲဆိုတာ......
အမေမသိသေးဘူး။
ရင်ကွဲပက်လက်နဲ့ တမေ့တမော နေနေရတဲ့ ကောင်းကင်ဆိုတာ။
မေမေ ....
နှင်းတွေဝေတဲ့ အနမ်းနဲ့ စကားလုံးတွေသရမ်းပြီး သားကို စွန့်ခွာသွားတဲ့နေ့။
“မောင့်အတွက်နဲ့ သူများတံတွေးခွက်ထဲရောက်ရင်တောင် ပက်လက်တော့ အမျောမခံဘူး။
လက်ပစ်ကူးပြီး မောင့်ဆီအရောက်လာခဲ့မယ်” တဲ့။(မင်းခိုက်စိုးစန် စကားကို ခိုးကူးဖြန့်သွားတာ)
ရိုက်ချိုးခံထားရတဲ့ စကားလုံးသေနတ်မှတ်ထားခဲ့ရတဲ့ ရင်ဘတ်မှာ
နာဂါစကီမြို့တော်ဝန်ရဲ့ ခံစားချက်နဲ့။
ပလေတိုး မရေးခြစ်ခဲ့တဲ့ ခဲပန်းချီနဲ့။
ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ကိတ်ကိုဘိန်းလို မျက်လုံးနဲ့။
ဟစ်တလာလို မိုက်ပြမှ သားသူ့ကို စွန့်ခွာဖို့ ဆုံးဖြတ်ဖို့လိုမလား။
အာရင်ဘတ်ကို ပြောလိုက်ပါ။
စောဝေကို ပြောလိုက်ပါ။
မောင်စိန်ဝင်း(ပုတီးကုန်း)ကို ပြောလိုက်ပါ။

ဒုတိယကောင်းကင်ဟာ အပေါက်အပြဲတွေ များတယ်။
နှစ်ယောက်တစ်အိပ်မက်ခရီးဆိုတာ သူလိုကိုယ်လို အိပ်မက်တစ်ခြမ်းမဟုတ်ဘူး။
ရင်ဘတ်မှာ စကားလုံးတွေဘဲ ရေးထိုးခံထားရတယ်။

(အခြားသူများအတွက်ချစ်သူများနေ့ကျွန်တော့်အတွက် ချောင်းသူများနေ့သို့ ကြိုဆိုလျက်)
http://h1.ripway.com/twinpoe/favicon.ico