
အဝေးကို မျှော်ငေးလိုက်တော့ မိသားစုဘ၀တွေက မွန်းကျပ်လှသည်။ သည်လို မိုးတွင်းဆို မနက်စောစောထ မြက်ရိတ်ရ၊ ရေခပ်ရ။ ပြီးတော့ ယာထွန်သွားရ။ ညနေမိုးချုပ်မှ ပြန်လာ။ရေခပ်။ နွားစာကျွေး။ အိပ်မယ်လို့ နာရီကြည့်လိုက်တော့ ည ဆယ်နာရီဝန်းကျင်။ ည (၇)နာရီလောက် မိုးလေ၀သကောင်းရင် ပြတတ်တဲ့ ဗွီဒီယိုရုံတွေကလည်း ရှိသေးသည်။ ကိုယ်ကြိုက်တဲ့ မင်းသားဆို အားပေးချင်သလို၊ ကိုယ့်ရင်ဘတ်ထဲက ကောင်မလေးကို မြင်ရချိန်ဆိုတာလည်း ဒီအချိန်လေးသာ မြင်ခွင့်ရပြန်သည်။ ဆိုတော့ စာဖတ်ဖို့ ဆိုတာ။ အတွေးနဲ့တင် လူငယ်တွေ အဖို့ မလွယ်။ ကျွန်တော်ထင်ပါသည်။ ကျွန်တော်တို့ ဘ၀ဘဏ်စာကြည့်တိုက်တွက် စာဖတ်အသင်းဝင် နှစ်ရာခန့်ရှိသည်ဆိုသည်ထဲတွင် တစ်ရာကျော်လောက်က မိန်းခလေး အများစု ဖြစ်ပေ လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ်။ ကိုယ့်စာကြည့်တိုက်လေး လူလာတယ်ဆိုတော့ အဝေးရောက် တောသားကြီး မောင်နေသစ် ရင်ထဲ ကြေကွဲကြည်နူးရပါသည်။ အခုဆို ကျွန်တော်တို့ စာကြည့်တိုက်လေး လူလားမြောက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်သည့်အရွယ်ထိ ကျွန်တော်တို့ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါသည်။ ပြီးတော့ စာကြည့်တိုက်ပိုင် အနည်းဆုံးကွန်ပျူတာတစ်လုံးတော့ (မီးမရှိတောင် ကွန်ပျူတာ ဆိုတာ ဒါလို့ ကျွန်တော်နဲ့ဘ၀တူ ညီအစ်ကို မောင်နှမတွေ မြင်ဖူးကိုင်ဖူးစေချင်ပါသည်) ဆင်ပေးရဦးမည်။ သို့မှသာ ကျွန်တော်တို့စာကြည့်တိုက်တွင် E Bookတွေ ထားလို့ အဆင်ပြေသလို အနာဂတ်ကလေးငယ်တွေ နွားကိုင်တုတ် ကိုင်ပြီး ယာတောထဲ ကျင်လည်ရတဲ့ဘ၀က လွတ်မြောက်ချင်ပေလိမ့်မည်။

ဆိုတော့။ သူများတွေလို E Library တွေ၊ E Bookတွေကို ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ မကိုင်နိုင် မဖတ်နိုင်သေးပါ။ သို့သော် သူတို့လေးတွေရဲ့ အနာဂတ်အတွက် စာဖတ်ချင်စိတ်လေး။ စာပေကို ချစ်သည့် စိတ်လေး ကိန်းလာနိုင်ရင်ပဲ ကျွန်တော်တို့ စာကြည့်တိုက် တည်ထောင်ရကျိုးနပ်ပြီဟု ဆိုနိုင်ပါသည်။ဘာပဲ ဖြစ်ဖြစ်....
ယောက်ျားပီပီ အာဇာနည်စိတ်
လန့်ထိတ်မရွံ့၊ နောက်မတွန့်ဘဲ
စွန့်စွန့်စားစား၊ငါလျင်သွားမည်၊
ကျားကို ခလုတ်၊ ဆူးကိုမွေ့ယာ၊
ကဲ့ပမာထား၊ ဘာဆိုဘာမှ
လုံးဝမမှု၊ ဂရုမစိုက်
ငါသွားခိုက်ဝယ်၊ ကြုံကြိုက်ဘေးရန်
ငါတွန်းလှန်၍၊ အမြဲပန်းတိုင်ရောက်စေမည် ။
ဆိုသော
"ရှေ့သို့" အားမာန်ကဗျာလေးက ကျွန်တော်နှင့် ကျွန်တော့်ညီအစ်ကို မောင်နှမများအတွက် အားဆေးတစ်ခွက် ဖြစ်နေဆဲ ဖြစ်ပါသည်။
ဒီစာကို ဖုန်နံ့သင်းနေတဲ့ လော့အိန်ဂျလစ်မြို့ရဲ့ ဒုတိယညမှာ ရေးပါတယ်။
2 comments:
အိုးကောင်းလိုက်တဲ့ ရည်ရွယ်ချက်... နေ့အိပ်မက်က ကိုယ်တိုင်လည်း စာကြည့်တိုက် တအားဖွင့်ချင်တာ.. ဒီလိုရည်ရွယ်ချက်ရှိတဲ့သူဆို တအားလေးစားတယ်... ရည်ရွယ်ချက်တွေ မြန်မြန်အထမြောက်အောင်မြင်ပါစေ... စာကြည့်တိုက်လေး ဖွံ့ဖြိုးတိုးတက်ပါစေ
ဒါနဲ့ မြက်ရိတ်တာ မဟုတ်ဘူးလားဟင်
အဲဒီမြို့က ဖုန်နံသင်းနေတယ်ဆိုတာ တကယ်လားဗျာ ကဗျာက အားမာန်တွေ ပေးနေသလိုခံစားရပါတယ် အားမာန်အပြည့်နဲ့ ရေးထားတာမိုလို့နေမှာပဲ။ ရောက်ကြောင်းပါဗျာ
Post a Comment