10/3/09

မစ္စစ္စပီမှ သမင်လည်ပြန် (၁)

ဇွန်လ (၂၇)၂၀၀၈ ရန်ကုန်။ ။ လှည်းတန်းမီးပွိုင့်၊ ဦးထွန်းလင်းခြံလမ်း၊ ဆရာကြီး ဦးမြကြိုင်ကျောင်း၊ သည်နေရာ သည်လမ်းနှင့် သည်ကျောင်းသည် သူ့ဘ၀အတွက် အပြောင်းလဲတို့နှင့် စတင် ထိတွေ့ခဲ့သည့်နေရာ။ သေချာသည်က ဘယ်တော့မှ မေ့လို့ မရသည့်၊ မမေ့သင့်သည့်နေရာတစ်ခု ဖြစ်သည်။ ဆရာကြီးကျောင်းကို မေ့လို့ မရသလို ဦးရှည်ကြီး ကော်ဖီဆိုင်လေးကလည်း မေ့လို့မဖြစ်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးကျောင်းကို ဦးရှည်ကြီးလ္ဘက်ရည်ဆိုင်မှာ ထိုင်ကာ တက်ခဲ့သောကြောင့်ဖြစ်သလို၊ ကိုမင်းသိန်း၊ ရန်နောင်၊ ဖက်တီး၊ မျိုးမော်၊ပန်းအိ၊ မူယာနှင့် မေသူစသော သူငယ်ချင်းများကို ထိုလ္ဘက်ရည်ဆိုင်နှင့် ထိုကျောင်းမှာ ဆုံခဲ့ကြခြင်းကြောင့်လည်း ဖြစ်ပါသည်။

မှတ်မှတ်ရရ။ ထိုနေ့က နာဂစ်ကယ်ဆယ်ရေးအတွက် စင်္ကာပူမှာလာသည့် အကူအညီများအတွက် သူ စင်္ကာပူကို အင်တာနက်မှတစ်ဆင့် Report တင်နေသည့်အချိန်၊ တင်ဖြစ်သည့်နေ့။ သူငယ်ချင်းကိုရာဇာနှင့် တွေ့တော့ သူက ဒီဗွီပေါက်သည့်အကြောင်း ပြောသည်။ လုံးဝမယုံ၊ ကိုယ့်မျက်စိကို မယုံ။ ပြန်မေးသည် ။အထပ်ထပ်အခါခါ။ ကြာတော့ ကိုရာဇာလည်း စိတ်မရှည်တော့။ မယုံရင် ကျွန်တော့် ဘုန်းဘုန်းကို မေးလျှောက်ကြည့်တဲ့။ ပြီးတော့ သူက တစ်ခါတည်း KCC က ပို့လိုက်သော စာတွေကို စကန်ဖတ်ကာ ပို့ပေးလိုက်သည်။ (သည်အတွက် ကိုရာဇာကို ကျေးဇူးအထူးတင်ပါကြောင်း သည်နေရာမှာ မှတ်တမ်းတင်ပါရစေ) ထားတော့။ ဒီဗွီပေါက်ပြီဆိုသော သတင်းကြားအပြီးတွင် သူ့မှာ ၀မ်းသာဝမ်းနည်း ခံစားလိုက်ရသည်။ ၀မ်းသာရခြင်းကိုတော့ အထူးပြောစရာမလိုဟု ထင်ပါသည်။ ၀မ်းနည်းရည်သည်ကတော့ ကျွန်တော်က ချစ်နေပြီး၊ ကျွန်တော်နှင့် ဘာမျှ မသက်ဆိုင်သော ညီမလေးကို ခွဲခဲ့ရမှာစိုးနေမိသည်။ ထိုအချိန်က ဒီဗွီပေါက်ရင် တစ်ခါတည်း တန်းပြီး ယူအက်စ်ကို သွားရသည်ဟု ကိုယ်က ထင်ထားသည်ကိုး။

ဝမ်းသာဝမ်းနည်းခံစားချက်များက ရင်ထဲမွန်းကျပ်နေသည်။ ပြီးတော့ မထသ ၄၅ လိုင်းကား၏ မွန်းကျပ် မှုကလည်း မနည်း။ အလွဲလွဲအမှားအမှား ကြေကွဲခဲ့ရဖူးသည်။ မထသဘစ်ကားပေါ်တွင် ဒီဗွီနှင့် စေ့စပ်ခဲ့ဖြစ်သည့်အကြောင်းရာများက ဟိုတစ်စ သည်တစ်စ ။


၂၀၀၇ ခု၏ နာကျဉ်စရာများသည် သူ့ရင်ထဲတွင် ပြည့်ကျပ်နေဆဲဖြစ်သည်။ စက်တင်ဘာရွှေဝါရောင် ကာလ မတိုင်ခင် သုံးလလုံးလုံး သူ့ဘ၀သည် ကျောပိုးအိတ်တစ်လုံး၊ ထီးတစ်ချောင်းနှင့်လှည်းတန်း မြေနီကုန်း၊ ခြောက်ထပ်ကြီး အင်းစိန် လုံးချာလိုက်နေရခဲ့ရသည်။ စက်တင်ဘာ (၂၈)ရက်နေ့မှာတော့ အနီစာအုပ်လေးကိုင်ပြီး အာရှရဲ့ကျားတစ်ကောင်လို့ သတ်မှတ်ထားသည့် စင်္ကာပူသို့ အလည်အပါတ် ရောက်ဖြစ်ခဲ့သည်။ ထိုမှ မလေးရှား။ မလေးမှ စင်္ကာပူသို့ ပြန်ဝင်။ အာစီယံဘာစည်းဝေး ညာစည်းဝေးတွေ ရှိလို့ဆိုလား။ စာအုပ်ချိတ်ပိတ်ခံလိုက်ရသည်။ သို့ဖြင့် KLကနေ လေယဉ်နှင့် စင်္ကာပူသို့ ပြန်ဝင်။ စင်္ကာပူလူဝင်မှုကြီးကြပ်ရေးက လူကြောင့်လား၊ အနီစာအုပ်ကြောင့်လားတော့မသိပါ။ Officer ရုံးခန်းထဲ ထိခေါ်သွား ဟိုမေးဒီမေးလုပ်သည်။ ပါစ်စပို့အနီစာအုပ်အကြောင်း ကျွန်တော်မပြောချင်တော့။ လူတိုင်းသိနေကျ အကြောင်းတစ်ခုဖြစ်နေတော့ ကျွန်တော်ပြောလည်း ဘာမျှထူးနေမည်မဟုတ်ပါ။

နိုဝင်ဘာ (၂၇) ရက် ၂၀၀၇၊စင်္ကာပူ။ အဲသည်နေ့ကို မမေ့နိုင်။ မေ့ဖို့ကြိုးစားခဲ့ဖူးသည်။ မေ့မရ။ အဲသည်နေ့က တစ်ခါမှ အင်တာနက်မသုံးခဲ့ဖူးသော ညီမလေးနှင့် ဂျီတော့ခ်တွေ သုံးလာတတ်သောနေ့ ဖြစ်ခဲ့ဖူးသည်။ အဲသည်နေ့က ရွာမှာ ကျန်ခဲ့ဖူးသော ထန်းရည်ဖိုးအကြွေးတွေ ပေးသောနေ့လည်း ဖြစ်ခဲ့ဖူးသည်။ ည ရောက်တော့ အိပ်မပျော်။ သို့ဖြင့် အင်တာနက်သုံးနေဖြစ်သည်။ သီဟိုဠ်က အသိသူငယ်ချင်းနှင့် တွေ့သည်။
ဘာလုပ်နေတာလဲ
ဘာလုပ်ရမလဲ နေသစ်ရ။ မြန်မာပြည်မပြန်ချင် ဒီဗွီပဲ ထိုးရတော့မှာပေါ့။

သူငယ်ချင်းကတော့ ပေါ့ပေါ့ပါးပါးပင် ပြောသွားသည်။ သူကတော့ ဒီဗွီဆိုတာ ခေါင်းထဲ ၀င်လာသည်။ သို့ဖြင့် ဒီဗွီဝဘ်ဆိုဒ်တွေ လိုက်ရှာတော့ အေးဂျင့်တွေချည်းတွေ့ပြီး အလုပ်မဖြစ်။ ငွေတွေ လှိမ့်တောင်းသည်။ ကြံရာမရ သည့်အဆုံး ဘလော့ဂါကိုရန်အောင်ကို လှမ်းအကူအညီတောင်းသည်။ ကိုရန်အောင်က တစ်ခါ တည်းပြန်ပို့ပေးသည်။ ဒီဗွီဝဘ်ဆိုဒ်လိပ်စာ၊ သို့ဖြင့် ကျွန်တော့်ဘာသာ ကလိကြည့်သည်။ အင်္ဂလိပ်စာ အားနည်းလွန်းလှသော သူ့အတွက် ဒေရှင်နရီကို လုံးစေ့ပတ်စေ့တိုက်ပြီး ဖောင်ဖြည့်သည်။ အိုခေပြီဆိုတာနဲ့ ပရင့်ထုတ်ထားလိုက်သည်။

နောက်နေ့ရောက်တော့ တစ်နေကုန် ဒီဗွီထိုးချင်သူတွေကို ကျွန်တော်ကုသိုလ်လုပ်ပေးလိုက်သည်။ ပြဿနာက ကျွန်တော့်ထက် အင်္ဂလိပ်စာကျွမ်းသော သူတို့ကို ဒီဗွီဖောင်တင်ပေးသောအခါ သူတို့က YES ဖြည့်ကြသည့် နေရာတွင် ကျွန်တော်က NO ဖြည့်ခဲ့သည်။ ကျွန်တော့်ကို ကျွန်တော် ၀မ်းနည်းသွားသည်။ သွားပြီပေါ့။ ငါတော့ ဒီဗွီမပေါက်နိုင်တော့ဘူးပေါ့လေ။( စာပဒေသာမောင်လှထွေးက နေသစ်ကြီးကလည်းကွာ၊ ဟိုက အင်္ဂလိပ်စာမတတ်လို့ မှားပြီးဖြည့်တာနေမှာလို့ တွေးပြီး သနားစိတ်နဲ့ လက်ခံလိုက်မှာ။ အဲဒီကျမှ ကိုယ်တို့ကို မေ့မနေနဲ့ ဆိုသော စကားများကို အခု လော့အိန်ဂျလစ်မြို့အလည်ရောက်သည်အထိ မမေ့သေး။တကယ်လည်း အဲလိုသနားလို့ ဒီဗွီပေါက်တာပဲလားတော့ မသိ။ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။) တကယ်တော့ ဘ၀ဆိုတာ အဆက်အစပ်မရှိသော စကားလုံးနှစ်လုံးဖြစ်သည့် ဘနဲ့ ၀ကို ပူးတွဲ သီကုန်းပေးထားသလိုပဲ အပြင်လက်တွေ့ ဘ၀မှာလည်း ဘာမှ မဆိုင်တာတွေ၊ ကိုယ်တကယ် ရည်ရွယ်မထား တာတွေ ဖြစ်နေတတ်တာ သဘာဝပဲလေ။


တကယ်တော့ ကျွန်တော် ဒီဗွီဖောင်တင်ခဲ့သည့် ကာလက နိုဝင်ဘာ (၂၇)ရက်၊ ကျွန်တော် ဒီဗွီပေါက်သည့် အကြောင်း First Letter ရလာသည့်ရက်က ဇွန်လ (၂၇)၊ရက်ဆိုတော့ ငါးလခြောက်လမျှ သူတို့ဆီက အကြေားင်းကြားစာ စောင့်ရပါသည်။ သူတို့ပို့လိုက်သော စာရွက်များမှာ ၁၈ရွက်ခန့်မျှရှိပါသည်။ သူတို့က ဘယ်လိုဆက်လုပ်ရမည်ဆိုတာ တစ်ခါတည်း ရှင်းလင်းချက်များပါသည်။ ဆိုတော့ ကျွန်တော် First Letter ရသည်အထိ ကျေးဇူးတင်ရမည့် သူများမှာ စင်္ကာပူက ကျွန်တော့်ဆရာသမား၊ ကိုရန်အောင် (NY)၊ရာဇာနှင့် ဒီဗွီပေါက်သည်ဟု သိရသည့်အခါ ကျွန်တော့်ခံစားချက်ကို နားလည်လက်ခံပေးသည့် သူငယ်ချင်းများပင် ဖြစ်ပါသည်။ သည့်ထက်ပို့ပြီး ကျေးဇူးတင်ရသည့်သူမှာ သူ့ရဲ့ နွားကျောင်းခလေးတွေကို စုပြီး ကျွန်တော့်ကို စင်္ကာပူသွားနိုင်အောင် လုပ်ပေးသည့် ကျွန်တော့်ညီမလေးပင် ဖြစ်ပါသည်။ သူ့ခမျာ သူ့အကိုရဲ့ နှိပ်စက်မှု ဒဏ်ကို အခုချိန်ထိ ခံနေရတုန်းပင် ဖြစ်ပါသည်။


မချစ်စုပါတယ်ဆရာရေ။ မချစ်စုဆင်းမယ့်သူတွေ အပေါက်နားတိုးခဲ့ပါ။

စပယ်ယာအသံကို ကြားရတော့ သူ့အတွေးတွေနဲ့ မျောပါနေရာက လန့်နိုးထခဲ့ရသည်။ လိုင်းကားပေါ်က အဆင်း ဒီဗွီပေါက်သည့်အကြောင်း ကျွန်တော်ပြောဖို့သတိရတာက ကျွန်တော့်နှိပ်စက်နေကျ ညီမလေးကိုပင် ဖုံးဆက်နှိပ် စက်ဖို့ သတိရနေမိပါတော့သည်။ ကျွန်တော်မေ့နေသည်က ညီမလေးကို တစ်သက်လုံး ထားခဲ့ရတော့မည် ဆိုသည့် အကြောင်း….။

(သည်စာကို ကိုယ်တွေ့များကို အခြေခံပြီး စိတ်ကူးနှင့် ပြန်လည် ဖွဲ့သီခြင်းဖြစ်ပါသည်။)

ဒီဗွီဆိုသည့် စာလုံးများတွင် လောလောဆယ် ၂၀၁၁အတွက် ဘာပိုက်ဆံမျှမပေးရသည့် အမှန်အကန် ယူအက်စ်အစိုးရ၀ဘ်ဆိုဒ်လင့်ခ် ချိတ်ပေးထားပါသည်။ နိုဝင်ဘာလကုန်နောက်ဆုံးနော်။ မေ့နေဦးမယ်။



No comments:

http://h1.ripway.com/twinpoe/favicon.ico