စင်္ကာပူစံတော်ချိန် ညနှစ်နာရီခွဲအချိန်လေယာဉ်အတွက် ကျွန်တော့်ကို စင်္ကာပူမှ မိတ်ဆွေအချို့က လိုက်ပို့သည်။ အမေရိကားသို့ သွားမည့် သူများက ကျွန်တော်အပါဝင် ငါးဦး။ ကျွန်တော်တစ်ယောက်သာ အသစ်။ ကျန်သူများက ဂရင်းကဒ် (သို့) ယူအက်စ်ပါတ်စပို့ ကိုင်ဆောင်ထားသူများ။ လေယဉ်ပေါ်ရောက်တော့ တော်တော်တော့ ရင်ခုံနေမိသည်။ လေယဉ်ခရီးကို (၂၄)နာရီမျှ ပထမဆုံးစီးရမည်ဆိုတော့ (၀န်ခံပါသည်။) ကျွန်တော် တော်တော်လေး ရင်ခုံနေမိသည်။ လေယာဉ်ကလည်း မြန်မာပြည်နှင့် စင်္ကာပူ ပြေးနေသည့် လေယာဉ်နှင့် ဘာမျှမတူ။ ကျွန်တော့်နှင့် အတူကျသည့် ခရီးဖော်များက သီရိလင်္ကာနိုင်ငံက ဇနီးမောင်နှံနှစ်ယောက်။ ပထမတော့ သူတို့နှင့် စကားလေး ဘာလေး ပြောဖြစ်သေးသည်။ နောက်တော့ အင်္ဂလိပ်စာ အားနည်းလွန်းသော သူ့အတွက် ပြောစရာစကားက မရှိတော့။ ကျွန်တော်ကျက်ထားတာတွေ ကုန်ပြီဗျ ဟု မပြောရယုံ တမယ်။ သို့ဖြင့် လေယာဉ်ခုံတွင်ပါသော ဂိမ်းကို ကစားကြည့်သည်။ ကြာတော့ ပျင်းလာသည်။ သို့ဖြင့် မာမိုရီစတစ်လေးကို လေယာဉ်ခုံတွင်ပါသော USB ပေါက်ထဲသို့ ထိုးထည့်ပြီး တစ်စုံတစ်ယောက်က အီးမေလ်းပို့ပေးလိုက်သော အရင်ကဇာတ်လမ်းသီချင်းကို အကြိမ်ကြိမ်အဖန်ဖန် နားထောင်နေမိသည်။ သီချင်းထဲတွင်တော့ အရင်ကဇာတ်လမ်းကို မေ့လိုက်တော့တဲ့။ သူမက မေ့စေချင်သဖြင့် ပေးလိုက်သော သီချင်းကို နားထောင်မိကာမှ ပို၍ သတိတရ ရှိနေမိသည်။ လွယ်လွယ်မေ့လို့ရတဲ့ အရာမှ မဟုတ်တာပဲလေ။ အခုတော့ အတိတ်က အရိပ်တွေက ပို၍ပို၍ သတိရလာတော့သည်။
“ညီမလေး အကို ဒီဗွီပေါက်တယ်။ဒါပေမယ့် အကို့မှာ ပိုက်ဆံမရှိဘူး” (တကယ်တော့ ညီမလေးခမျာ DV အကြောင်းမသိပါ၊ ကျွန်တော်က နောက်မှ ရှင်းပြလိုက်ရတယ်)
“အခု အကို့မှာ ဘယ်လောက်ရှိလဲ”
“ ခုနှစ်သိန်း လက်ထဲတော့ ရှိတယ်၊ ဒါပေမဲ့...”
“စာအုပ်က ဘယ်လောက်ကုန်မှာမို့လဲ၊ အလွန်ဆုံးခြောက်သိန်းပေါ့၊ ဒါလေးများ အစ်ကိုရယ်၊ ကျန်တဲ့ တစ်သိန်းနဲ့ ဟိုကို စာပို့လိုက်လေ”
ကျွန်တော်က စာအုပ်လေးတစ်အုပ် မဖြစ်ညစ်ကျယ်လုပ်ဖို့ ရှိရာ ဒီဗွီဖောင်ကို အမေရိကက KCCသို့ ပြန်ပို့ရန် ငွေကမလုံလောက်မှာ စိုးသည်။ သည်နေရာတွင် မိတ်ဆွေများက စာလေးပို့ဖို့ သည်လောက်ကုန်ကျစရာရှိလို့လားဟု တွေးကောင်းတွေးမိပါလိမ့်မည်။ ကျွန်တော် ဒီဗွီပေါက်သည်ဟု အကြောင်းကြားစာ လက်ခံရချိန်က နာဂစ်ဖြစ်ပြီးသည့်အချိန်။ အလွန်ဆုံးရှိမှ တစ်လပေါ့။ ဆိုတော့ KCC သို့ အမြန်ဆုံးပြန်ပို့နိုင်လေ၊ ပိုကောင်းလေဟု သူများတွေက ပြောသည်။ ပြီးတော့ စာပြန်ပို့သည့်အခါ သာမန်စာတိုက်က ပို့သည့်အခါ ရောက်၊မရောက်ကလည်း မသေချာ။ ကျွန်တော်တို့ ရွှေပြည်ကြီး၏ စာပို့စနစ်ကလည်း မည်မျှတိကျရေရာပြီး စနစ်ရှိမှန်း ကျွန်တော်မသိ။ အမေရိကားတွင် ရောက်နေသည့် သူငယ်ချင်းက “ရင်းမှ နီးလိမ့်မယ်”ဟု ပြောပြီး ရင်းနှီးမြုပ်နှံခိုင်းသည်။ သူက DHLနှင့် ပို့တဲ့။ သို့ဖြင့် Park Royal Hotel အောက်က DHL ဌာနသို့ သွားမေးသောအခါ သာမာန်ဆိုလျှင် ယူအက်စ်ကို စာပို့ခ $72 ကျပြီး KCCမို့ $ 92 ဒေါ်လာကျမည်ဟု ပြောလိုက်သောအခါ ကျွန်တော် တော်တော်တွေဝေသွားခဲ့သည်။ အမေရိကားသို့ ရောက်ဖို့မရောက်ဖို့ကလည်း မသေချာချိန်တွင် ကျွန်တော့်မှာ ကုန်ကျမှုတွေက များနေသည်။
ကိုယ်ရေးကိုယ်တာတွေ ဖောင်ဖြည့်တော့လည်း အမေရိကန်ဗီဇာဆိုတော့ စာရိုက်သမားများက တစ်ရွက်ကို တစ်ထောင်နှစ်ထောင်မျှ နှိပ်စက်လွှတ်လိုက်သည်။ အခုလည်း ၉၂ ဒေါ်လာဆိုတော့ မြန်မာငွေနှင့်ဆို တစ်သိန်းကျော်နေသည်။ သူငယ်ချင်းကတော့ ရင်းမှ နီးမတဲ့။ ကောင်းလိုက်သည့် ဒဿန၊ သို့သော် ကျွန်တော့်မှာက မသေချာမှုတွေအတွက် စွန့်စားရသည့် ခါးသက်သက်ခံစားချက်ကလည်း ရှိနေသည်။ နောက်ဆုံးပို့တော့မယ် ဘာဖြစ်ဖြစ်လို့ ဆုံးဖြတ်ချက်ချပြီး Park Royal Hotel သို့ရောက်သောအခါ DHL ဌာနက အစ်မက “ တစ်ယောက်ထဲ ပို့ရင် ဈေးကြီးတယ်။ ကိုယ့်လိုပဲ ပေါက်တဲ့သူတွေကို စုပြီး ပို့ပါလား”တဲ့။ သူ ပြောသည်က စေတနာစကား။ ကျွန်တော့်ရင်တွင်းမှာတော့ ရွေးခံရရင်လည်း တစ်ယောက်တည်း၊ ပယ်ခံရရင်လည်း တစ်ယောက်တည်း၊ ရှင်းရှင်းလင်းလင်း သိရတာပေါ့ ဆိုသော ဆုံးဖြတ်ချက်နှင့်။
DV Visa မဲပေါက်သည်ဟု ပဏာမလက်ရွေးစင်က တစ်သိန်း၊ နောက်ဆုံးဆန်ကာတင်ရွေးသည်က ငါးသောင်း (သို့)ငါးသောင်းခွဲ။ ဆိုတော့ First Letter လာရုံမျှဖြင့် ကိုယ့်ကိုယ်ကို ယူအက်စ်သွားရမည်ဟု တစ်ထစ်ချယူဆလို့ လုံးဝမရ။ First Letterတွင် အင်တာဗျူးခေါ်မည့် Second Letter လာသည့်အခါ ပြနိုင်အောင် ကြိုတင်ပြင်ဆင်ရမည့် အရာတွေကို ဖော်ပြထားသကဲ့သို့ DV Visaနှင့် ပတ်သက်သည့် အချက်လက်များကို သေသေချာချာ ညွှန်ကြားထားသည်။ ဆိုပါစို့၊ Birth Certificate တို့၊ Education , Work , Police, Merriage စသောလိုအပ်လာမည့် အရာများ ပြင်ဆင်ထားဖို့ ဖြစ်သည်။ သည်နေရာတွင် ကျွန်တော် Birth Certificate သွားယူခဲ့ရသည့် အတွေ့အကြုံလေးကို တင်ပြချင်ပါသည်။ အဲသည်တုန်းက ကျွန်တော်နှင့် ညီတော်မောင် ဥာဏ်ဌေးတို့ အတူ မြို့နယ်ဆေးရုံသို့ အတူသွားကြသည်။ ညီတော်မောင်က သူ့ဆန်နီကားလေးမောင်းပြီး ပို့သည်။ ဆေးရုံရောက်တော့ ဆရာဝန်ကြီးက မွေးစာရင်းလက်မှတ်ဆိုတာ လွယ်လွယ်နှင့်ပေးလို့ မရဟုဆိုသည်။ မွေးခါစကလေးများမှ လွဲပြီး သုံးနှစ်ကျော်လျှင် သူ့မှာ ပေးခွင့်မရှိဟု ဆိုသည်။သူက တကယ်လိုချင်မယ်ဆိုလျှင်တော့ မြို့နယ်တရားသူကြီးထံ ကျမ်းကျိန်ရမည်ဟု ဆိုသည်။ လိမ်လည်ပြီး မွေးစာရင်းထုတ်တာ မဟုတ်ပါကြောင်း။ ဆိုတော့ ညီတော်မောင်နှင့် ကျွန်တော် တရားရုံးသို့ ရောက်သွားသည်။ ပြီးမှ တရားသူကြီးပေးလိုက်သော ထောက်ခံစာဖြင့် ဆရာဝန်က မွေးလက်မှတ် ထုတ်ပေးလိုက်သည်။ သည်နေရာတွင် ကျွန်တော်တို့ မြန်မာလူမျိုးများသည် မွေးစာရင်းယူမထားတတ်ကြ။ ယူထားပြန်လျှင်လည်း မိဘတွေက အလေးအနက်မထားတတ်ကြသဖြင့် တကယ်လိုအပ်လာသည့်အခါ ဒုက္ခရောက်တတ်ကြသည်။
ဤကဲ့သို့ First Letter ရပြီး ငါးလကျော် ခြောက်လထဲသို့ ရောက်လာသည်။ ကျွန်တော်လည်း ဘန်ကောက်မှ ပြန်လာပြီး “တကယ်လို့ ဗီဇာအဆင်ပြေလျှင်လည်း အမေ့ရင်ခွင်မှာ ခြေရာချန်ထားရစ်အောင်၊ အဆင်မပြေလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ကျေးဇူးဆက်ရာရောက်အောင် စာကြည့်တိုက်လုပ်မယ်”ဟု စဉ်းစားပြီး ကျွန်တော်တို့ ၀ါသနာတူလူငယ်တွေ၊ အထူးသဖြင့် ရပ်ရွာမှ သံဃာတော်များကို လျှောက်ထားလုပ်ကြသည်။ သိပ်မကြာလိုက်။ တောင်ကြီးသို့ ကျွန်တော်ခရီးလွန်နေခိုက် သံရုံးက Apointment ( Second Letter) ရောက်လာသည်။ ဆိုတော့ သံရုံးက ညွှန်ကြားချက်အတိုင်း ကျွန်တော်ဖောင်တွေဖြည့် ပြန်ပို့။ အင်တာဗျူးဒိတ်ကို စောင့်နေသည်။ သည်ကြားထဲ တောင်ကြီးရဲစခန်း ထောက်ခံချက်လိုသည် ဆိုသဖြင့် သွားလိုက်ရပြန်သည်။ အထူးသဖြင့် သံရုံးကို Visa Fee က $ 775 ဒေါ်လာ၊ ဆေးစစ်ဖို့က $ 150 ဒေါ်လာ၊ဆိုတော့ ဆယ်သိန်းကျော်မျှ ရှာရသည့် ဒုက္ခက မသေး။ တကယ်လို့သာ သံရုံးက ဗီဇာပေးဖို့ ငြင်းခဲ့လျှင် ထိုငွေများသည် တစ်ပြားတစ်ချပ်မှ ပြန်ရလိမ့်မည် မဟုတ်ရကား ကျွန်တော့်ဘ၀အတွက် တော်တော်စွန့်စားရသည်။
သို့ဖြင့် သံရုံးအင်တာဗျူးကို ပိုက်ဆံချွေတာသောအားဖြင့် လှည်းတန်းမီးပွိုင့်မှ ခြေကျင်လျှောက်သွားသည်။ အင်တာဗျူးပြီးခါနီး ကောင်ဆယ်လာ နောက်ဆုံးပြောသည့် “ဗီဇာပေးမယ်၊ နက်ဖြန် ပါစ်ပို့စာအုပ်လာ ပြန်ယူ လှည့်” ဆိုသော စကားလေးက အခုထိ ကြားယောင်နေဆဲ။ အပြန်ခြေလျင်လျှောက်ပြန်လာတော့လည်း မောပန်းရမှန်းတောင် မသိ။ အံမယ်၊ သည်ကြားထဲ ညီမလေးဆီ ဖုံးဆက်ခေါ်ဖြစ်လိုက်သေးသည်။ အခုချိန်ပြန် တွေးမိတော့ ရယ်စရာလား..ဘာလား.. မသိတော့။ ညီမလေးရေ...နီးစပ်ဖို့အတွက် ခွဲခွာဖို့ အချိန်တန်လာတာလား၊ ဝေးကွာဖို့အတွက် ကိုယ်တို့နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကို မသိလိုက်ဘာသာ စတေးနေကြတာလားကွယ်။ အချိန်တွေက ဆုံးဖြတ်ပေးမှာပဲပေါ့။ အနီးဆုံးမှာ နေပြီး ဝေးနေရတာထက်စာရင် အဝေးဆုံးမှာနေပြီး ဝေးနေကြာတာက ပိုကောင်းပါတယ်လေ။
ဧပြီလ (၄)ရက် ညနေဖလိုက်ဖြင့် စင်္ကာပူသို့ ထွက်ခဲ့သည်။ မထွက်ခင် လေယာဉ်လက်မှတ်ပြဿနာကလည်း မသေး။ Sunfar သို့ ကျွန်တော် လေယာဉ်လက်မှတ်သွား စုံစမ်းသည်။ ကောင်တာက အစ်မတစ်ယောက်က ကျွန်တော့်ကို ယုံပုံမရ။ နောက်တစ်နေ့ထပ်လာမေး..ဘာညာဖြင့် လှည့်ထွက်သွားသည်မှာ နှစ်ကြိမ်။ နောက်ဆုံး ဖြတ်မယ်ဆိုတော့လည်း ဒေါ်လာက တစ်ကျပ်တန်တွေမို့ မယူနိုင်ဆိုပြန်သည်။ အသိ တစ်ယောက်က Credit ကဒ် (သို့) ချက်လက်မှတ်နှင့် ဖြတ်ပေးမည် လုပ်ပြန်တော့လည်း Sunfarကုမ္မဏီက မရောင်းနိုင်ဟု ဆိုပြန်ရာ ကျွန်တော်တော်တော် စိတ်ပျက်လာသည်။ ပြီးတော့ One way တင်ကို $ 1300 လောက်ပေးရသည်။ ယူအက်စ်နဲ့ Round Trip ဆိုတောင် အဲလောက်ပဲ ပေးရသည်။ အေးပေါ့လေ၊ ရှင်တို့က ရဲတွေကိုးလို့ပဲ ပြောရတော့မည်ထင်သည်။
စင်္ကာပူသို့ လေယာဉ်မဆင်းခင် White Card ဖြည့်ရတော့မည်ဆိုတော့ ကျွန်တော်က ရွဲ့ပြီး Name and Passport No သာဖြည့်ပေးလိုက်သည်။ ဟိုးအရင် စင်္ကာပူလာတုန်းက ကျွန်တော်တို့အနီစာအုပ်သမားတွေကို ရေရေလည်လည် နှိပ်ကွက်သည်ကို လက်တွေ့ခံစားရဖူးသည်။ သူတို့ဆီပဲ ကပ်သတ်နေတော့မှာ လိုလို၊ ကိုယ့်နိုင်ငံက နိုင်ငံရေး၊စီးပွားရေး။ပညာရေး ...အရေးအားလုံးနိမ့်ကျနေတော့ နှိမ်ခံရတာ မနည်းမနော။ အခုတော့ နိုင်ငံကြီးတစ်နိုင်ငံ၏ ဗီဇာနှင့် လေယာဉ်လက်မှတ်ပါသည်ဆိုတော့ စင်္ကာပူအင်မီဂရေးရှင်းက ဘာမျှရစ်မနေတော့။ ဖြည့်စရာ သူတို့ဘာသာ ဆက်ဖြည့်ပေးပြီး ဒုန်းကနဲ့ ထုပေးလိုက်သည်။ အော် လူတွေများပြောပါတယ်။
မော်စကိုလေဆိပ်ရောက်တော့ မနက် ဆယ်နာရီခွဲခန့်ရှိပြီ။ မော်စကိုလေဆိပ်မှာ တစ်နာရီခန့်နားတော့ မျက်စိထဲတွင် ဒေါက်တာဇီဗားဂိုးတို့ အောက်တိုဘာတော်လှန်ရေးတို့၊ ယန်းကီးတို့၊ နျူးကလီးယားဓာတ်ပေါင်းဖို တို့၊ အဗရာဟင်မိုဗစ်တို့၊ အာရှာဗင်တို့ကို တသီတတန်းကြီး မြင်ယောင်နေမိသည်။ နောက် သတိရမိနေသည်က ရွာက စစ်သားတွေဖြစ်သည်။ ကျွန်တော်တို့ ရွာသူကြီးအဖွဲ့က သည်ရွာသားတွေကို သည်မှာ ပညာတော်သင် လာတက်ခိုင်းသည်ဟု ကြားဖူးထားသည်ကိုး။
မော်စကိုကနေ ပြန်ထွက်ပြီး Texas ပြည်နယ်၊ ဟူစတန်လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ (၄) နာရီခွဲတင် ရောက်သည်။ သည်ခရီးစဉ် ပြီးဆုံးသွားသော်လည်း ရင်ထဲတွင် စီးဆင်းနေသည်က ..မေ့မရသေးသော အရင်က ဇာတ်လမ်းလေး၊။
မေ့စေချင်သောသူက အရင်က ဇာတ်လမ်းလေးကို မေ့လိုက်ပါလို့ သီချင်းလေးဖြင့် ပြောပြသည်။ မမေ့နိုင်သော ကျွန်တော်က ထိုသီချင်းလေးဖြင့် အရင်က ဇာတ်လမ်းလေးကို တခုတ်တရ သတိရနေသည်။ အော်.... ခုတ်ရာ တစ်ခြား၊ ရှရှာ တစ်လွဲ ဘ၀များအကြောင်း ပြောပါတယ်။

သည်သမင်လည်ပြန်(၂)ကို ဆန်ဖရန်စစ္စကိုမြို့သို့ အလည်ရောက်တုန်း ရေးပါတယ်။
1 comment:
ကိုယ်နဲ့အလှမ်းဝေးတဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကို အရေးအသားကောင်းကောင်းလေးနဲ့ ဖတ်ရတော့ အချိန်တောင်ကုန်မှန်းမသိလိုက်ဘူး. ထပ်ဖတ်ချင်စိတ်လည်းပေါ်လာတယ်.. ရေးပါဦး ဟိုကအတွေ့အကြုံတွေရော... စောင့်ဖတ်နေပါ့မယ်
နေ့အိပ်မက်
Post a Comment