12/13/09

ဘယ်သူ့အတွက်လဲ ?


(၁)

လွန်ခဲ့သော တစ်နှစ်ခန့်က ကျွန်တော်တို့ ရွှေပြည်ကြီးတွင် တစ်ခါသုံးကဒ်များ ခေတ်ထလာသည်။ ရန်ကုန်သူ ခြေသလုံးလှလှမလေးများကရော ဖုန်းဝယ်ကိုင်ဖို့ မတတ်နိုင်သော လူများကပါ ထိုတစ်ခါသုံးကဒ်များကို ကိုင်ကြသည်။ အထူးသဖြင့် ကျွန်တော့်လို တောသားတဖြစ်လည်း ဖုံးရူးသွပ်သူအဖို့ တစ်ခါသုံးကဒ်ဖုံးလေး ၀ယ်ကိုင်ရန် အကြောင်းပေါ်လာသည်။ (ကိုယ့်ဘာသာ ကိုင်ချင်လွန်းသောကြောင့်လည်း ဖြစ်နိုင်ပါသည် :D) ကျွန်တော်စာကြည့်လိုက်လေးအတွက် ရုန်းကန်လှုပ်ရှားနေစဉ် ဆက်သွယ်ရန်လွယ်ကူစေဖို့ ဖုံးလေးတော့ ရှိထားမှဆိုသော အတွေးဖြင့် ကျွန်တော် ဖုံးတစ်လုံးကိုင်ဖို့ စီစဉ်ရာ ငှားကိုင်ဖို့ကလည်း အဆင်မပြေနိုင်သဖြင့် ကိုယ့်ဘာသာ စလုံးက ပါလာသော ဟန်းဆက်လေးဖြင့် ကဒ်ဖုံးထည့်ကာ ကိုင်ဖို့ စိတ်ကူးမိသည်။ သို့ဖြင့် အသိတစ်ယောက်က သူ့သူငယ်ချင်းဆိုင်က စိတ်ချရသည်ဆိုသဖြင့် မင်္ဂလာဈေးကို သွားဖြစ်ကြသည်။ ဆိုင်ပိုင်ရှင် အသိသူငယ်ချင်းက ဖုံးကဒ်အတွက် ကျွန်တော် ငွေချေပြီးသော အခါ ဟန်းဆက်ပါ ၀ယ်ရန် မဲဆွယ်နေသည်။ ကျွန်တော်သုံးမယ့် ဟန်းဆက်ကို ကြည့်ပြီး...


“အကို့ ဟန်းဆက်က မော်ဒယ်အောက်နေပီ၊ အခုကျွန်တော်တို့ ဖုံးကဒ်တွေက မော်ဒယ်နိမ့်ရင် မရဘူးဗျ။ ဒီမှာ ဟန်းဆက်လှလှ ကောင်းကောင်းလေးတွေ ရှိတယ်လေ။ ကြည့်သွားပါဦးလား။တော်ကြာ နောက်တစ်ခေါက် ပြန်လာနေရလိမ့်မယ်”

တကယ်တော့ သူ့ရှေ့မှာပင် ကျွန်တော်က ဟန်းဆက်ထဲ ကဒ်ထည့် ဆက်ပြပြီး ဘယ်လိုလဲဟု မေးတော့ ရှက်ရမ်းရမ်းကာ ကျွန်တော်က ဖုံးအကြောင်း သိပ်မသိဘူးဗျဟူသတဲ့။


(၂)

လွန်ခဲ့သော ဆယ်ရက်ကျော်ခန့်က ကျွန်တော် ဖုံးလိုင်းအသစ် ထပ်လျှောက်ဖြစ်သည်။ ကုမ္မဏီက AT&T ၊ ဆိုတော့ ကျွန်တော် ဖုံးဆိုင်သို့ သွားသောအခါ ကျွန်တော်ကြိုက်သော ဟန်းဆက်မှာ ဖုံးလိုင်းမပါဘဲ ၀င်လျင် $ 400 ခန့်ကျပြီး ဖုံးလိုင်းပါလျင် $ 150 ကျမည်ဟု ရေးထားသည်။ ဖုံးကို ကြည့်လိုက်တော့ Sony အမျိုးအစား၊ နောက်ဆုံးပေါ်ထဲက။ ကင်မရာအတွက် 8.1 Mp ပါသည်။ ပြီးတော့ GPS ဘာညာ ဖန်ရှင်အစုံ။ ကျွန်တော်က တော်တော့်ကို အကြိုက်တွေ့နေသည်။


တစ်ခါတည်း ယူသွားမည်လုပ်တော့ အရောင်းစာရေးက “ မင်း အခုယူရင် $ 150 ကျမယ်၊ ပြီးတော့ ကျန်တဲ့ အက်တစ်ဗေးရှင်း ဖီးတွေ ဘာညာနဲ့ဆို များမယ်။ တကယ်လို့ အရေးမကြီးသေးဘူးဆိုရင် လာမယ့် ၁၀ ရက်နေ့မှ လာ ယူပါလား။ အဲဒီနေ့ကျရင် အကုန်လုံးမှ $ 50ပဲ ကျမယ်”တဲ့။

(၃)

AT&T ဖုံးဆိုင်က ကျွန်တော် ပြန်အလာ ကားပေါ်တွင် ကျွန်တော်တွေးနေမိသည်။ “ ဈေးရောင်းတာခြင်း အတူတူ ဘာတွေ ကွာနေကြတာလဲ၊ ” ဟု တွေးရင်း ...တစ်စုံတစ်ခုကို သတိရမိလိုက်သည်။ ကျွန်တော် သတိရမိလိုက်သည့် တစ်စုံတစ်ရာက ...


“ရွှေပြည်ကြီးက အရောင်းသမားက သူ့အတွက် တွက်ချေကိုက်ဖို့ စဉ်းစားပြီးရောင်းသည်။ အခု ကျွန်တော်တွေ့နေရသည့် အမေရိကားက အရောင်းသမားက ၀ယ်သူစားသုံးသူ အဆင်ပြေတွက်ချေကိုက်ဖို့ စဉ်းစားပြီး အကောင်းဆုံးအကြံဥာဏ်ပေး ရောင်းသည်။ ဆိုတော့ ...ကျွန်တော် မှတ်သားဖူးသည့် အင်းစိန်ရွာမစာသင်တိုက် ဆရာတော်ကြီး၏ အဆုံးအမလေးက ခေါင်းထဲဝင်လာသည်။”


“လောဘကိုယ့်တွက် ရည်ရွယ်လျက် သူ့အတွက် အကျိုးထင်၊

မေတ္တာ သူ့အတွက် ရည်ရွယ်လျက် ကိုယ့်အတွက် အကျိုးထင်”

လောဘနှင့် ကိုယ့်အတွက် လုပ်တာတောင် သူများအတွက် ဖြစ်သွားတတ်သကဲ့သို့ မေတ္တာနှင့် လုပ်ကိုင်ပြောဆိုပါက သူတစ်ပါးအတွက် ပြုလုပ်ပေးသော်လည်း ကိုယ့်အတွက် အကျိုးဖြစ်သည်ဆိုပဲ။


ဆရာအတ္တကျော်စကား ငှားသုံးပါရစေ။ “အားလုံးတွေးဆဆင်ခြင်တော်မူနိုင်ကြပါစေခမျာ”


နေသစ်မှူး

1 comment:

နေ့အိပ်မက် said...

အင်း.. ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး.. ဒါပေမဲ့ ဈေးရောင်းတဲ့ပုံစံ တစ်ယောက်နဲ့တစ်ယောက် မတူတာက နိုင်ငံနဲ့တော့ မဆိုင်ဘူးလို့ ထင်တာပဲ.. တစ်ယောက်ချင်းစီပဲ မူတည်တယ်ထင်ပါတယ်

http://h1.ripway.com/twinpoe/favicon.ico