8/3/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၂)


 
 ၀ါဆို လပြည့်ညဦး

(၁)
အလုပ်ကအပြန် ညဦးပိုင်းက သူငယ်ချင်းဂျက်စတင်နှင့် အိမ်ရှေ့မှာ ထိုင်ပြီး စကားပြောဖြစ်ခဲ့ကြသည်။ သည်နေ့က သူ့မွေးနေ့။ ဘာလက်ဆောင်ပေးရင် ကောင်းမလဲဟု စဉ်းစားမိတော့ တခါက သူ့ချစ်သူကောင် မလေးက ကျွန်တော့် ဘီးတတ်အ၀တ်လျှော်ပုံးကို မြင်တော့ သဘောကျတယ်လို့ ပြောဖူးတာကို စဉ်းစားမိပြီး သူတို့ နှစ်ဦးအတွက် ဘီးတတ်အ၀တ်လျှော်ပုံးလေး ၀ယ်ပေးလိုက်ရင် ကောင်းမယ်တွေးပြီး ဘီးတတ် အ၀တ် လျှော်ပုံး နှစ်ခု ၀ယ်ပေးဖြစ်လိုက်သည်။ အ၀တ်လျှော်စက်က အိမ်နဲ့ခပ်လှမ်းလှမ်းမှာ ဆိုတော့ ခရီးဆောင် အိပ်ကြီးတခုလို မ စရာမလိုဘဲ လက်နဲ့ ဆွဲသွားရုံဆိုတော့ အဲသည်ပုံးလေးတွေက သူတို့အတွက် အဆင်ပြေလှသည်။ ဆိုတော့ ကျွန်တော်တို့နှစ်ယောက် အ၀တ်လျှော်ပုံးပေါ်မှာ ချိတ်ဆွဲထား သည့် ပျော်ရွှင်စရာ မွေးနေ့ စာတမ်းပါ မိုးပျံပူပေါင်းတွေကို ဆော့ရင်း သူ့ကောင်မလေးပြန် အလာ ကို စောင့်မျှော်နေဖြစ်ကြသည်။ မစောင့်လို့ ကလည်း မဖြစ်၊ ကျွန်တော်တို့မှာ ဗိုက်က ဆာနေပြီ။ စားစရာ မရှိ။ ကျွန်တော့်ဘာသာ ဆိုရင်တော့ ရှိတဲ့ ကန်စွမ်းရွက် ဒါမှမဟုတ် မျှစ်လေး၊ မြင်းခွါရွက်သုပ်လေးနဲ့ ညစာက ပြီးသည်။ အခုတော့ သကောင့်သား ကျေးဇူးရှင်က သူ့ကောင်မလေးကို စောင့်ကြတာပေါ့ကွာ ဆိုသဖြင့် ကျွန်တော် ကြော်ပြီး သိမ်းထားသည့် မြေပဲကြော်လေးနဲ့ပဲ အဆာပြေ လွေးနေရသည်။

(၂)
"နေ သည်လာကြည့်။ သည်လာကြည့်" လို့ လှမ်းအော်ခေါ်သဖြင့် သူရှိတဲ့ နေရာ သွားပြီး သူလက်ညှိုး ထိုးရာ ကြည့်လိုက်တော့ လ ပြည့်ဝန်းကြီး။ " မင်း အရူးအမူးဖြစ်တဲ့ လ ပြည့်ဝန်းလေ" လို့ သူက ပြောလိုက်သေးသည်။ ဒါနှင့် ကျွန်တော်တို့တတွေ ဖုန်းကင်မရာလေးတွေကိုယ်စီဖြင့် ဓာတ်ပုံရိုက်ယူ ကြပြီး အိမ်ရှေ့က ထိုင်ခုံ ပြန်ထိုင်ဖြစ်ကြတော့ ကျွန်တော်က စပြောဖြစ်သည်။ " သည်နေ့က ငါတို့နိုင်ငံမှာ နေ့ထူးနေ့မြတ်၊ မင်းက သည်နေ့ မွေးနေ့ရှင်ဆိုတော့ ငါတို့ ယုံကြည်မှုအရ မင်းက ကံကောင်း တဲ့ကောင်ပဲ" ဆိုတော့ သူက ထပ်မေးသည်။ ဘယ်လို နေ့ထူးနေ့မြတ်လဲ၊ ဘာကြောင့် ငါက မင်းအမြင် ကံကောင်းသူလဲတဲ့။ 

သည်နေ့က ငါတို့ဆီမှာ နေ့ထူးနေမြတ်ဆိုတာက ဘာသာရေး ရှုထောင့် က နေထူးနေ့မြတ်ဖြစ်တဲ့ အကြောင်း။ ငါတို့ဘုရားက သည်နေ့မှာ မွေးဖွားတယ်၊သည်နေ့မှာ တရားရှာဖို့တောထွက်တဲ့ အကြောင်း၊ ပြီးတော့ တရားထူးရဘုရားဖြစ်တော်မူခဲ့တဲ့အကြောင်းစသဖြင့် အဲသည်နေ့(၀ါဆိုလပြည့်နေ့ )နှင့် ဆိုင်သည့် အကြောင်းတွေ ပြောပြဖြစ်သည်။ ပြီးတော့ နက်ဖန်က စပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ လာမယ့် သုံးလအတွင်း (၇)ရက်ထက် ပိုလွန်ပြီး လက်ရှိနေရာကနေ ညအိပ်ညနေ သွားလို့နေလို့ မရတဲ့အကြောင်းတွေ ပြောပြဖြစ်ခဲ့သည်။  သူက ထပ် အတွန့်တက်သည်။ ဘာကြောင့် လဲတဲ့။ ထပ်ပြီး ရဟန်းတော်တွေ ဘာကြောင့် ၀ါဆိုဝါကပ်ရတာလဲဆိုသည့်အကြောင်းကို ရှင်းပြရပြန် သည်။ ကျေးဇူးရှင်ကတော့ ခေါင်းလေး တညိမ့်ညိမ့်နဲ့။ လက်ခံတာလား၊ တွေးတောနေတာလားတော့ မသိပေ။

 ပြောရင်းပြောရင်း အရှိန်ရလာတာနဲ့ ကျွန်တော်က ထွက်လေ၀င်လေအကြောင်း ဆက်ပြောမိသည်။ သိပ်လည်း အရမ်းမပြောရဲ။ သူက ဘာသာရေး ဆွဲဆောင်နေတယ်ထင်သွားမှာလဲ စိုးရသေးသည်။ သို့ဖြင့် ကျွန်တော်က သူ့ကို မေးလိုက်သည်။ " မင်းရဲ့ အသက်ရှုသံတွေကို မင်း ပြန်သတိထားမိလား" ဆိုတော့ ဟင့်အင်းတဲ့။ " မင်း သတိထားကြည့်။ မင်းရဲ့ အသက်ရှုသံတွေကို မင်း အမြဲမပြတ် သေသေချာချာ သတိထားနေမိရင် မင်းစိတ်ကို မင်း ထိန်းချုပ်နိုင်ပြီး မင်း ပတ်ဝန်းကိုလည်း မင်းထိန်းချုပ်လာနိုင်လိမ့်မယ်" ဆိုတော့ ကိုယ့်ဆရာက အဲဒါဆို မင်းရော မင်းအသက်ရှုသံကို မင်း ပြန်သတိထားမိလားတဲ့။ ဘယ်လောက် ကြာ ကြာထားဖြစ်လဲတဲ့။ ကျွန်တော်က ငါလည်း ကြာကြာသတိမထားနိုင်ဘူးကွ၊ လေးငါး ဆယ်မိနစ်ပဲ ဆိုတော့ အဲဒါဆို မင်း ဘယ်လိုလုပ် မင်းပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်မှာလဲလို့ ရယ်ပြီး ပြောသည်။

နောက်တော့ သူ့ကို မင်းတို့ဘုရားကျောင်းကို သွားဖြစ်လားဆိုတော့ တခါတလေမှတဲ့။ အဲသည်ညကတော့ ကျွန်တော်တို့ တတွေ ဘာသာရေးအမြင်တွေ ဖလှယ်ဖြစ်ကြသည်။ သူတို့ ဘုရားကျောင်းကို မင်းလိုက်ချင် လားလို့ ကျွန်တော့်ကို မေးတော့ ဗဟုသုတအဖြစ် တခေါက်လောက်တော့ ငါလိုက်ကြည့်ချင်တယ်ဆိုတော့ သူက မေးသည်။ အဲဒါဆို မင်းတို့ဘာသာတရားအရ အပြစ်မရှိဘူးလားတဲ့။ ကျွန်တော်က အပြစ်မရှိ တဲ့အကြောင်း၊ ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ ဘုရားရှင်ကိုကော၊ သူဟောခဲတဲ့ တရားတွေကိုပါ ကြည့်လိုက် ရင် စိတ်ကို ဖွင့်ထားဖို့ အားပေးတဲ့အချက်တွေ ရှိတဲ့အကြောင်း ပြောပြဖြစ်သည်။ ဟုတ်သည်။ ဗုဒ္ဒရဲ့ ဓမ္မဂုဏ်ရည်တွေမှာ အစမ်းသပ်ခံနိုင်သည့် အချက်တွေပါသလို၊ စမ်းသပ်ဖို့လည်း ဆိုထားသည်မဟုတ် လား။ အဲဒါတွေသည်ကပင် စိတ်ကို ဖွင့်ထားဖို့ အားပေးခြင်းဟု ကျွန်တော်က နားလည်နေမိသည်။ စူးစမ်းရမည်၊ လေ့လာရမည်၊ဆင်ခြင်ရမည်။သုံးသပ်ရမည်။ ပြီးမှ ဘယ်ဟာ အမှား ဘယ်ဟာအမှန် ဆုံးဖြတ်ရမည်ဟု တရာတော်တွေမှာ ဆိုထားသည်မဟုတ်လား။

(၃)
ဘာသာတရားတွေ အကြောင်းပြောရင်း အစွန်းရောက်ဘာသာဝင်တွေအကြောင်း၊ ပြီးတော့ ၂၀၁၂မှာ ကမ္ဘာပျက်မည်ဆိုခဲ့သည့်ဇာတ်ကားတွေအကြောင်း ဆက်ပြောဖြစ်ကြသည်။ သူကတော့ သူတို့နိုင်ငံကို အကြမ်းဖက်သမားအချို့တိုက်ခိုက်ခံနေရသည့်နှစ်အတောအတွင်း ကြီးပြင်းခဲ့ရသူပီပီ ဘာသာရေး အစွန်းရောက် အချို့ကို တော်တော်လေး မုန်းနေပုံရသည်။ ကျွန်တော်က ဒေါက်ကေသိရီ ဓမ္မာနန္ဒ ရဲ့ "A happy married life" ဆိုတာ စာအုပ်ထဲက စကားလုံးအချို့ကို ရွတ်ပြမိသည်။ လူဟာ ဘာသာတရား အတွက်မဟုတ်ဘဲ ဘာသာတရားကသာ လူတွေ အတွက် ဖြစ်တယ်ဆိုသည့် စကားလေး။တချို့သူတွေက ဘာသာတရားကို ကိုးကွယ်နေကြတာမဟုတ်ဘဲ ကာကွယ်နေကြတာတွေ တွေ့နေရသည်။ တချို့ကျတော့ ကာကွယ်တာမဟုတ်ဘဲ ကိုးကွယ်နေကြသည်။ ဘာသာတရားဆိုတာ ကျွန်တော်တို့ ကိုးကွယ်ရမယ့် အရာလား။ ဒါမှမဟုတ် ကာကွယ်ရမယ့်အရာလား။ ဒါမှမဟုတ် နှစ်ခုစလုံးပဲလား။ ကျွန်တော့် စကားကို ကြားတော့ သူက တခုခု ပြန်ပြောဖို့ ဟန်ပြင်နေသည်။ ကျွန်တော်ကလည်း ကိုယ့်ဘာသာ ကိုယ်တွေးပြီး ပြုံးနေမိသည်။ သူက သူပြောချင်တာကို ဆက်မပြောဖြစ်တော့ဘဲ ကျွန်တော့်ကို ဘာကြောင့် မင်းပြုံးနေတာလဲ မေးနေတုန်းမှာ သူ့ကောင်မလေးက ရောက်လာသဖြင့် စကားပြတ်သွားခဲ့ကြသည်။ ဆက်မပြောဖြစ်ကြတော့။ သူ့ကောင်မလေးက သူ့အလုပ်ရုံဆွေးနွေးပွဲကိစ္စကို ရှင်းပြနေတာ၊သူမ ၀ယ်လာ တဲ့ ညစာလေးကို စားကြတာနှင့်ပဲ အချိန်တွေ ကုန်သွားခဲ့ကြသည်။

အိပ်ယာထဲရောက်တော့ သူနှင့်ပြောဖြစ်ခဲ့သည့် အကြောင်းတွေ ပြန်တွေးရင်း ကျွန်တော် ဘာကြောင့်ပြုံး ဖြစ်ခဲ့ တာလဲဆိုတာကို တွေးနေဖြစ်သည်။ လွန်ခဲ့သည့် လ က အမေနှင့် ဖုန်းပြောတော့ အမေက ပြောသည်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဆိုတာတောင် မေ့နေပလားတဲ့။ အဲသလို အပြောခံ ထိခဲ့သူက အခြားဘာသာဝင် တစ်ယောက်ကို ဘာသာရေးအကြောင်းတွေ ပြောပြနေတာများ အမေသိသွား ခဲ့ရင် ဘယ်လိုမြင်လေမလဲ။ သူပြောတဲ့ စကားကို သူပြန်ရုပ်သိမ်းလေမလား။ ဒါမှမဟုတ်။

ခုနက ပြန်ပြောဖို့ ဟန်ပြင်ပြီး ဆက်မပြောဖြစ်ခဲ့တဲ့ သူငယ်ချင်းကကော ဘာတွေ ပြောချင်နေမလဲ။ ကျွန်တော်ရွတ်ပြသည့်စကားကို ထောက်ခံဆွေးနွေးလေမလား၊ ကန့်ကွက်ငြင်းခုံလေမလား။ မဝေခွဲ တတ်။ သေချာတာတခုကတော့ ကျွန်တော်တို့တတွေ အဆုံးမသတ်နိုင်သည့် အကြောင်းအရာတခု ကို ပြောဆိုနေထိုင်နေကြခြင်းပဲ ဖြစ်ပါသည်။


နေသစ်မှူး
၀၈၊၀၃၊၁၂ ည ၁၀း၄၆ နာရီ


No comments:

http://h1.ripway.com/twinpoe/favicon.ico