8/23/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၅)

အဆင်ပြေခြင်းသီအိုရီ


(၁)
သြဂတ်စ်လ ဆယ့်ကိုးရက်နေ့က  လက်ရှိလုပ်နေသည့် လုပ်ငန်းစလုပ်ဖြစ်ခဲ့သည်မှာ တစ်နှစ်တင်း တင်းပြည့် သည့်နေ့ဖြစ်သည်။ တစ်နှစ်သား လုပ်ငန်းတခုဆိုပေမယ့် သည်အလုပ်က ကိုယ့်ဘ၀ရဲ့ ပထမဆုံးသော တင်းပြည့်ကျပ်ပြည့် စီးပွားရေးလုပ်ကြည့်ခြင်းဆိုလျှင်လည်း မမှား။ အစတော့ အိမ်နား မှာရှိသည့် ဘားကို သွားပြီး တစ်ယောက်တည်း အထိမ်းအမှတ်ပွဲလေး လုပ်မလားလို့ စဉ်းစားဖြစ်ခဲ့ သည်။ နောက်တော့ သည်လိုနေ့မျိုးမှာ အနားမှာ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်တော့ ရှိနေသင့် တယ်ဟု တွေးမိပြီး အပေါ်ထပ်က သူငယ်ချင်းနှစ်ယောက်ကို အဖော်စပ်ဖြစ်သည့်။ သို့သော် သကောင့် သားနှစ်ယောက်က အင်တင်တင်။ သူတို့ နက်ဖန် အလုပ်ဆင်းရမယ်ဟု အကြောင်းပြသည်။ ပြီးတော့ ကောင်မလေးက နေ အဲသည်ဘားသွားမနေနဲ့။ ဂျက်စ်တင့်ဘားမှာပဲ အ၀သောက်ဟု ပြောပြီး ၀ိုင်သုံးပုလင်း ချပေးသည်။ ကြိုက်တာ သောက်တဲ့။

သို့ဖြင့် ဘားမသွားဖြစ်တော့ဘဲ သူတို့နှစ်ယောက်နှင့်အတူ သူတို့အိမ်ရှေ့ ၀ရံတာလေးမှာ ထိုင်ပြီး ၀ိုင်သောက်ရင်း စကားတွေ ပြောဖြစ်ခဲ့ကြသည်။ ပြောဖြစ်ခဲ့သည့်အထဲမှာ ပြီးခဲ့သည့်နှစ်က အခက်အခဲ တချို့ကို ပြောပြဖြစ်သည်။ အဲသည်တုန်းက လုပ်ငန်းစ လည်ပတ်ချိန်ဆိုတော့ အကြွေးသုံးသောင်း နီးပါးလောက် တင်နေချိန်။ ချက်စားဖို့ ဆန်မရှိ။ စားစရာဝယ်ဖို့လည်း ပိုက်ဆံကမရှိ။ အကြွေးကဒ်တွေ အားလုံးနီးပါးလည်း သုံးထား သည်မှာ ပြည်လုနီးနီး။ ကိုယ့်အဖြစ်ကို သိသွားသည့် သူငယ်ချင်းများက သူတို့ဆီ ဆန်လာယူဖို့ ဖုန်းဆက်သည်။ သူတို့ဆီသွားယူမယ်ဆိုလျှင်လည်း ကားက အသွားတစ်နာရီ အပြန်တစ်နာရီမောင်းရမှာ ဆိုတော့ ကုန်မယ့်ဆီဖိုးအတွက် တွက်ကြည့်တော့ ကားထဲ ထည့်ဖို့ ဆီဖိုးက အလုံအလောက်က မရှိပြန်။ နောက်တော့ သူတို့ တတွေ သိသွားပြီး အပြန်ကျရင် ကားဆီဖိုး ပါ ပေးလိုက် မယ်ဆိုသဖြင့် သွားယူခဲ့ရသည်။ သူတို့က အဲသည်တုန်းက အပြန်ဆီဆိုင် ၀င်ပြီး ဆီထည့်သွား ဆိုပြီး  ဒေါ်လာနှစ်ဆယ် ပေးလိုက်သည်။ မေ့မရတဲ့ ရက်စွဲတချို့။ မမေ့သင့်သည့် ကျေးဇူးတွေ။

တကယ်တော့ ကျွန်တော် သည်အလုပ်ကို စဖြစ်တုန်းက တချို့အသိတချို့က ကန့်ကွက်ကြသည်။ဘာမှ မဖြစ်စလောက်ဘဲနဲ့တဲ့။ သူများဆီမှာ လုပ်တာလောက်ပဲ ရတဲ့ ဟာကိုတဲ့။ ကိုယ်က အဲသည်လိုမတွက်ခဲ့။ ဥပမာ.. သူများဆီမှာ လုပ်ရင် နှစ်ရာ။ကိုယ့်ဘာသာလုပ်ရင်လည်း နှစ်ရာ။ နှစ်ရာချင်းတူပေမယ့် ရသည့် အမြတ်အစွန်းချင်းက မတူ။ သူများဆီလုပ်ရင် သူများမျက်နှာ၊ သူများစွဲထားသည့် ပုံစံခွက်အချိန်ဇယားထဲ ကိုယ်က လှုပ်ရှားရုန်းကန်ရမည်။ ကိုယ့်ဘာသာဆိုရင်တော့... ကိုယ့်ဘာသာ ကိုယ့်အချိန်ကို ဇယားဆွဲ၊ လွတ်လပ်စွာ ရှင်သန်ကြိုးစားခွင့်ရမည်။ သူများဆီမှာ လုပ်ရင် ပြဿနာတစုံတရာဖြစ်လာရင် ကိုယ်နဲ့ ဘာမှမဆိုင်။ ကိုယ့်အထက်က မန်နေဂျာ သို့မဟုတ် ပိုင်ရှင်က ဖြေရှင်းသွားသည့်အတွက် ကိုယ့်မှာ ဘာတာဝန်ယူစရာမှ မရှိ။ ဘာတာဝန်မှ မယူခဲ့ဘူးသူတစ်ယောက်က ရှေ့ဆက်ရမည့် အနာဂတ်ခရီးမှာ သူ ဘယ်လို သူ့ဘ၀သူ တာဝန်ယူရဲတော့မလဲ။ မသေချာ။

 ကိုယ့်ဘာသာဆိုရင်တော့ တာဝန်ယူမှုရှိလာတော့မည်။ စားသုံးသူက တမျိုး၊ မူရင်းကုမ္မဏီက တစ်ဖုံ၊ ပြီးတော့ သူတို့အစိုးရက ချမှတ်ထားသော ဥပဒေက တဘက်။ ပြဿနာဖြစ်လာရင် ရင်ဆိုင်ဖြေရှင်းရမည့် သူက ကိုယ်။ တာဝန်ယူမှုရှိသည်။ တာဝန်ကြီးသည်။ သို့သော် လွတ်လပ်မှုက တာဝန်ရှိမှုနှင့် တွဲကပ်ပါလာ သည်။ တန်ဖိုးဖြတ်မရသည့် အတွေ့အကြုံတွေ။ ကိုယ်က နတ်ပြည်မှာ ကျွန်လုပ်ချင်သူမဟုတ်။ ငရဲပြည် မှာ ဗိုလ်လုပ်ချင်တတ်သူ။

နှစ်ပတ်လည်သွားသည့် လုပ်ငန်းတစ်ခုအတွက် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဖြစ်ပျက်ခဲ့ သမျှတွေ တော်တော်များများကို ပြန်လည်ဆန်းစစ်နေမိသည်။ အကြောင်းအကျိုး ပြန်လည် ဆက် စပ်နေဖြစ်သည်။  တကယ်တော့ အကျိုးအမြတ်အနေဖြင့် ပြန်တွက်ကြည့်ရင်တော့ လုပ်ငန်းနှင့် အတွေ့ အကြုံသာ အဖတ်တင်သည်။ ငွေကြေးအမြတ်အစွန်းအနေဖြင့် အခုချိန်ထိ ဘာမျှ မက်လောက်စရာ မရှိသေး။ တခါတလေ အဆင်မပြေမှုလေးတွေ့တော့ စိတ်ဓာတ်က ကျချင်ချင်။ အဲသည်လို ဖြစ်လာ ပြီဆိုရင် သည်အလုပ် စမလုပ်ခင်တုန်းက ကြိုတွေးဖြစ်ခဲ့သည့် အဆိုးဆုံးအခြေနေကိုလည်း ရင်ဆိုင်ရမှာပဲ ဟူသော အသိကို ပြန်လည်တွေးနေရသည်။ စွံ့စားမှုဆိုတာ စွံ့မှ စားရတာကို ဆိုလိုတာကွဆိုသော အဆိုမိန့်လေးအတိုင်း စွံ့စားမှုလုပ်ကြည့်ခြင်းလည်း ဖြစ်သည်။ သို့သော် အဆင်မပြေမှုတွေနှင့် အဆင်ပြေပြေ နေထိုင်နေရလေလေ  ဘ၀ဆိုတာ အဆင်မပြေမှုတွေကြားထဲ အဆင်ပြေအောင် နေထိုင် ရခြင်းတမျိုးပါလားဟု စိတ်ထဲ သဘောပေါက်လာလေလေ ဖြစ်လာသည်။

(၂)
ဟိုးလွန်ခဲ့သည့် ငါးနှစ်လောက်က အတွေးသစ်ဂျာနယ်မှာ အဆင်ပြေကြသူများဟူသော နာမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ အဲသည်ဆောင်းပါးပါဝင်သည့် အငွေ့ပျံစိတ်ကူးများ စာအုပ် စီစဉ်ခဲ့ဖြစ်စဉ်ကလည်း အကြွေးရှစ်သိန်းလောက် တင်ခဲ့ဖူးသည်။ စာအုပ်က သိပ်အရောင်း မသွက် ခဲ့။ ရောင်းရသမျှငွေတွေကလည်း ကိုယ့်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် မစုမိ။ အဆင်မပြေမှုတွေနှင့် ရုန်းကန်လှုပ်ရှားနေရချိန်။ မန္တလေးက သူငယ်ချင်းတွေက ဖုန်းဆက်မေးသည်။ နေသစ်မှူး မင်းစာအုပ်တွေ အဆင်ပြေလားတဲ့။ အဆင်မပြေပါဘူးကွာလို့ စိတ်ပျက်လက်ပျက်အသံနှင့် ပြန်ဖြေလိုက်တိုင်း သူတို့တတွေ က ရယ်စရာတ၀က် စေတနာတ၀က်နှင့် အပြောင်အပျက် ပြောကြစမြဲ။ စိတ်ဓာတ် မကျနဲ့၊ နေသစ်မှူးရေး တဲ့ အဆင်ပြေကြသူများ  ဆောင်းပါးကို ပြန်ဖတ်လိုက်ကွာတဲ့။

အခုလည်း လုပ်ငန်းက သိပ်မျှော်လင့်ချက်ထားစရာ နည်းနေသေးသည့်အချိန်။ အဆင်မပြေမှုလေးတွေနှင့် ကစားနေရချိန်။ သူတို့ပြောသလို ကိုယ်ရေးခဲ့သည့် အဆင်ပြေကြသူများကို ပြန်ဖတ်ရတော့မလိုလို။ တိုက်တိုက်ဆိုင်ဆိုင် တလောက သူငယ်ချင်းတစ်ယောက် အိမ်ပြောင်းတော့ သူ့ကို လိုက်ကူရင်း သူ့ဆီကနေ စာအုပ်လေးတစ်အုပ် ငှားဖတ်ဖြစ်ခဲ့သည်။ စာအုပ်က ဆရာဖေမြင့်ရဲ့ ဘာကြောင့် အခုထိ မချမ်းသာသေးတာလဲတဲ့။

စာအုပ်ဖတ်ရင်း စိတ်ဓာတ်က တက်လာလိုက်၊ ကိုယ့်လုပ်ငန်း အကြောင်းပြန်တွေးမိပြန်တော့ ကျသွားလိုက်။ တက်လိုက် ကျလိုက်။ စိတ်က တက်လိုက်ကျ လိုက်ဖြစ်နေ လို့ အဆင်ပြေမှုတွေကကော တက်လိုက် ကျလိုက်ဖြစ်နေတာပဲလားမသိ။ ဆရာဖေမြင့်သာ သည်အကြောင်းသိရင် မောင်ရင် အဲဒါကြောင့် မချမ်းသာသေးတာလို့ မှတ်ချက်ပြုလေမလား။ဘာကြောင့်လဲ ဆိုတော့ အဲသည်စာအုပ်ထဲမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု စွမ်းရည်ရှိရမည်လို့ ဆိုထားခြင်းကြောင့်ပင်။ ဆရာဖေမြင့်စာအုပ်ပြီးတော့ ရယ်စရာစာအုပ်တစ်အုပ်ကို ဖတ်ဖြစ်သည်။ စိတ်ထဲ ပေါ့ပါးလန်းဆန်း သွားစေချင်သည့် ရည်ရွယ်ချက်ဖြင့်။ စာအုပ်ဖတ်နေရင်းတော့ ပြုံးမိသည်။ သို့သော် စိတ်အခံက စိတ်ညစ်နေသည့် ဓာတ်အခံရှိနေလေတော့ ရယ်သည့်အဖြစ်သို့ ရောက်မသွားသော အပြုံးဖြင့်သာ ပြီးဆုံးသွားသည်။ အဲသည်အပြုံးဆိုတာတောင် ပီပီသသ ပြုံးသည့်အပြုံးမျိုးမဟုတ်။ မချိပြုံးလေးသာ။ ရယ်စရာဖတ်ပြီး ရယ်ချင်တာတောင် မရယ်နိုင်ဘဲ မချိပြုံး ပြုံးနေရသည်ထိ အခြေနေက ဆိုးနေပြီလား။ 

(၃)
 တော်တော်များများ တက်ကျမ်းစာအုပ်တွေကို ဖတ်ခဲ့ဖူးသည်။ ပြီးတော့ ဟာသသဘောဖြင့် ရေးဆွဲ ထားသော တက်ကျမ်းရဲ့ ဆန့်ကျင်ဘက် ကျကျမ်းကိုလည်း ဖတ်ခဲ့ဖူးသည်။ ဖတ်ခဲ့တုန်းကတော့ အဟုတ်။ အားကျစရာ၊ အတုယူစရာ။ ပြီးတော့ ဒုံရင်းက ဒုံရင်း။ ကိုယ်ကိုယ်တိုင်လည်း မတောက်တခေါက် တက်ကျမ်းဆန်ဆန် အချို့ရေးခဲ့ဖူးသည်။ သို့သော် ကိုယ်ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ တွေ့တဲ့အခါ အဲသည်တုန်းက တွေးခဲ့ ရေးခဲ့သည့် ၀ါကျတွေက ဘယ်ရောက်ကုန်မှန်းမသိကြတော့။ အထက်မှာ ဆိုခဲ့သလို ပြန်ဖတ်ကွာလို့ ပြောတတ် သတိပေးတတ်သည့် သူငယ်ချင်းတွေ ရှိနေသေးလို့ သာ တော်သေးတော့သည်။  မဟုတ်ရင် မလွယ်။

တခါတလေတော့ သီဟိုဠ်အရှင် ဒေါက်တာ ကေသိရီ ဓမ္မာနန္ဒ ရဲ့ How to overcome your difficulties ကို ဖတ်နေရသည်။ ပျက်အစဉ် ပြင်ခဏဆိုသလို ခဏခဏ ပျက်၊ ခဏ ခဏပြင်နေရတော့ စိတ်ဓာတ်ပိုင်း မှာ ပြင်ထားရသည့် ဒဏ်ရာဒဏ်ချက်တွေက မနည်းလှတော့။  မကြာခဏ ဖာထေးပြုပြင်နေရသည့် သည်စိတ်မှာ မူလပကတိအရှိအတိုင်း မမြင်ရတော့သလို မူလအတိုင်း ရုပ်လုံးလည်း မပေါ်တော့။ အေးလေ ဘ၀ဆိုတာ သည်လိုပဲ ဖြတ်သန်းရဟန်တူပါရဲ့လို့ပဲ ပြန်ဖြေသိမ့်နေရသည်။

 (၄)

သည်မနက် အိပ်ယာထ မျက်နှာသစ်ပြီး အလုပ်မသွားခင် မနက်စာစားရင်း အီးမေလ်းစစ်ကြည့်သောအခါ သူငယ်ချင်းဆီက အဆင်ပြေလားဟု အစချီထားသော မေလ်းတစ်ဆောင် ဖတ်ခွင့်ရသည်။ အဲသည် သူငယ်ချင်းနဲ့ ရန်ကုန်မှာ ကာလ အတန်ကြာ နေခဲ့ဖူးသည်။  သူများတံတွေးခွက်မှာ ပက်လက်မျော မလောက် ဒုက္ခရောက်နေစဉ် သူနှင့် အခု ချင်းမိုင်မှာ အိမ်ထောင်ရက်သားကြနေသည့် သူငယ်ချင်းက  ကိုယ့်ကို လက်တွဲဖေးကူခဲ့ကြဖူးသည်။ အဲသည်အချိန်တုန်းက ကိုယ်တို့တတွေ ညဘက်ညဘက်ဆို အဆိုတော် ၀ိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက်သီချင်း အတူအော်ဟစ်ဆိုပြီး ကိုယ့်ဒဏ်ရာတွေကို သက်သာစေခဲ့ ကြသည်။ တလောက ချင်းမိုင်က သူငယ်ချင်းကတော့ ဖေစ်ဘွခ်မှာ မှတ်ချက်လေးထားပေးခဲ့သည်။ အရင် တုန်းက အဖြူထည်ဘ၀တွေကို သတိရတယ်ဗျာတဲ့။

ပြီးတော့ အလုပ်လက်မဲ့ဘ၀ဖြင့်  စာအုပ်အကြွေးတွေ နင်းကန်တင်နေတုန်းက ဖြေသိမ့်အားပေးခဲ့ကြ သူ။ ဖြေသိမ့်လိုက်သီချင်းနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဒဏ်ရာတွေကို သက်သာအောင် ကုစားပေးခဲ့ကြ သူ။ အခု အဲသည်ထဲက တစ်ယောက်က အဆင်ပြေလားတဲ့။ မေးနေသည်။ ကိုယ် ဘယ်လို ပြန်ဖြေရပါ့။

ကိုယ် ဒုက္ခရောက်ခဲ့စဉ်တုန်းကလိုမျိုး ငါးကန်ဘောင် ငါးစာကျွေးတဲ့ တံတားမှာ ထိုင်ပြီး ဖြေသိမ့်လိုက် သီချင်းကို ထပ်ဆိုကြရအောင်ကွာလို့ သွယ်ဝိုက် ပြောလိုက်ရင် ကောင်းမလား။

အဆင်ပြေတယ်သူငယ်ချင်းရေ၊ ဒါပေမယ့် အဆင်မပြေမှုတွေနဲ့လို့ပဲ တိုက်ရိုက်ပြောချလိုက်ရင်ကော။ ဝေခွဲ မရ။

မန္တလေးက သူငယ်ချင်းတွေသာ သည်အကြောင်းသိရင် အဆင်ပြေကြသူများကို ပြန်ဖတ်ကွာ လို့ ပြန်ပြောနေကြဦးမလား။ မသိ။

ယုံကြည်မှုနဲ့ အခက်အခဲကို ကျော်လွှာပါဆိုသည့် အဆုံးမလေးကို ပြန်စဉ်စားရင်း လျော့ရဲနေသည့်မျှော် လင့်ချက်များကို အရောင်တင်လိုက်နိုင်ဖို့ ကြိုးစားကြည့်သည်။ ဒါပေသည့် ကျလိုက် တင်လိုက်။ ဂျာအေးသူ့အမေ ရိုက်သည့်ကိန်း။

လောလောဆယ် အဆင်မပြေမှုလေးတွေနဲ့ အဆင်ပြေနေပေမယ့် ပျော်ရွှင်လွတ်လပ်နေသူတစ်ယောက် အကြောင်းရယ်ပါ။

နေသစ်မှူး
၀၈၊၂၂၊၂၀၁၂ ည ၁၁း၂၆ နာရီ

 


No comments:

http://h1.ripway.com/twinpoe/favicon.ico