မနေ့က ချစ်သောသုဿာန်အဟောင်းမလေး ပင်လယ်မှာ စတင်ရေချတဲ့နေ့ပဲ။
အလင်းလာကတည်းက ဘုရားသခင်းနဲ့ ဂူဂူးကို သတိရတယ်။
အပြောင်းအလဲမြန်တဲ့ခေတ်ကာလ အပြောင်းအလဲမြန်တဲ့လူ့ဘ၀ ငါတို့တတွေ လမ်းကို ကျောပေးလျှောက်ခဲ့ကြ။
မင်းက မင်းပစ်ကွင်းထဲက ကိုယ်ပိုင်စီးပွားရေးအကြောင်းပြောရင် ငါက ငါ့ပစ်ကွင်းထဲက မေတ္တာအကြောင်းပြောမယ်။
မင်းက ဈေးသူမပီပီ ဈေးကွက်စီးပွားရေးစနစ်နဲ့ မေတ္တာကို ပိဿာချိန်နဲ့အရောင်းအ၀ယ်လုပ်ရင် ငါက အလေအလွင့်တစ်ယောက်ပီပီ အလေ့ကျပေါက်တဲ့ မေတ္တာတရားကို ရှာဝယ်မယ်။
မင်းက ဖုန်နံ့သင်းနေတဲ့ မင်းချစ်သူအကြောင်းပြောရင် ငါက မမြင်ဘူးသေးတဲ့အွန်လိုင်းပေါ်က ကောင်မလေးအကြောင်းပြောမယ်။
မင်းက အစဉ်အလာတွေနဲ့ အထက်တန်းကျကျနေချင်ရင် ငါက ရိုက်ချိုးထားတဲ့ခေါက်ရိုးဟောင်းတွေနဲ့ ရွှင်ရွှင်ပြပြသေချင်တယ်။
မင်းက အယောဆောင်လူသေအလောင်းပေါ်က ရင်ဘတ်နဲ့ ညဦးယာမ်အိပ်မက်တွေ ၀ယ်ရင် ငါက မင်းရဲ့အရုဏ်ဦးအတွက် ညစဉ်ကိုးနာရီတိုင်း သစ္စာဆိုမယ်။
မင်း ရေပြင်လေးပေါ် ငါ့ကို ကူးခတ်ခွင့်ပေးခဲ့သလို ရွက်(ပဲ့)ကလေးလိုလည်း ငါ့ကို ထိန်းပေးခဲ့တယ်။
ငါ့ထက် တစ်နှစ်တစ်လ နောက်ကျကံဆိုးခဲ့ရရှာသော ဂူဂူးရေ....
သတိရမှုတွေ ပေးပို့လိုက်ပါတယ်။ မင်းရဲ့မွေးနေ့သစ်ပင်လေးဆီ။
ရန်ကုန်မှာလိုင်းကားစီးရသလိုပဲ မင်းကို လွမ်းပါတယ်။
အမေနဲ့ သမီးလိုပဲ မင်းနဲ့ နေ့တိုင်း ဖုန်းပြောချင်ပါတယ်။
မကြားရတော့သော ငါ့ရဲ့ ညာဘက်နားကလေးလိုပဲ မင်းကို တမ်းတမိပါတယ်။
မင်မြင်တွေ့နေရတဲ့ ဆယ်ဘီးကားဆိုတာ ငါ့နံကြားကထွက်လာတဲ့ စကားကြီးဆယ်ခွန်းလောက်ပါဝါမမြင့်ဘူး။
သော်တာသစ်မှူးက ဖုန်းဆက်မှာတယ်။
ဒီည စောင်ခြုံအိပ်ပါအစ်ကို၊အပြင်မှာ လေစိမ်းတွေ သိပ်အေးတယ်။ အရင်နဲ့ မတူတော့ဘူးတဲ့။
အင်းစိန်၊မြေနီကုန်း၊လေထန်ကုန်းဝပ်ကျင်းထဲက မြှို့ကလေးနဲ့ ဂူဂူးကပ်ခွာလုပ်သွားတဲ့ စိတ်ကမ်းလေးအကြား
ငါ့ရဲ့ ညအိပ်ခုံတန်းလေး နေ၀င်ချိန်ရောက်ပြီ။
(သေဆုံးသွားသော ချစ်သောသုဿာန်အဟောင်းမလေးရဲ့ မွေးနေ့(29.11.2008)သို့)
ကေတီဦး(N.K.M)
မသက်ဇင်က အခြားတစ်ဖက်မှ နေ၍ ကဗျာစာအုပ်အကြောင်း Commentရေးသွားတာနဲ့ ကြော်ငြာအမြည်းလေး ကေတီဦးကို အကူညီ တောင်းပြီး တစ်ပုဒ်တင်ပေးလိုက်တာပါ။ မောင်တွင်းပိုးကို အားပေးတဲ့အတွက် လာလည်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကဗျာဆရာ ကေတီဦးခမျာတော့ သူ့သုဿာန်အဟောင်းမလေးရဲ့မွေးနေ့တောင် စကားပြောခွင့်မရလိုက်ရှာတဲ့အတွက် မွေးနေ့နောက်ရက်မှာ ဒီကဗျာ ကို ညနှစ်နာရီမှာ မွေးခဲ့တာလို့ ပြောပါကြောင်း။

4 comments:
ကဗျာလေးဖတ်ရတာလွမ်းဆို့ဆို့ ကြီးဗျာ
ကေတီဦး အမြည်းကဗျာလေးကို ဖတ်ရင်း
ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေးဖြစ်သွားတယ်--
လှလိုက်တဲ့ ကဗျာလေး-----
နှစ်သက်လှပါတယ်---
ဖတ်သွားပါသည်
လာရောက် ဖတ်ရှုအားပေး၏ ညီ
Post a Comment