Showing posts with label Art. Show all posts
Showing posts with label Art. Show all posts

3/24/10

ဘယ်လိုဖြေရပါ့ (တစ်မျက်နှာ ၀တ္တုတို)




(၁)
အဲဒီနေ့က မိုးတွေ သည်းသည်းမဲမဲရွာနေတယ်။ ကျွန်တော်တို့အဖွဲ့စီးလာတဲ့ ဆိုင်ကယ်တွေလည်း အားလုံးရွံ့တွေ ပေကျန်လို့။ ဆိုင်ကယ်ကို ထိန်းမောင်းရင်း ပြန်လာခဲ့ရတယ်။ ဒီလိုနဲ့ လမ်းတစ်ဝက်မှာ ဇရပ်တစ်ခုတွေ့တာနဲ့ ဇရပ်ထဲ ၀င်ပြီး မိုးခိုဖြစ်ကြရော။

“မိုးကလည်း စဲမှာ မဟုတ်ဘူးနဲ့တူတယ်ဟ၊ ဘယ်နှယ်လုပ်ကြမလဲ”

“မိုးမစဲတော့ ငါတို့တတွေ ဒီဇရပ်တဲလေးမှာပဲ စခန်းချတာပေါ့ကွာ”

“ဟေး ငါတော့ စခန်းမချနိုင်ဘူးကွ၊ အခုမှ အသစ်စက်စက် ဇနီးကျပ်ချွတ်လေးကို စိတ်မချဘူး”
မင်္ဂလာဆောင်ထားတာမှ မကြာလှသေးတဲ့ နီပုက ၀င်ပြောတာပါ။

“ အံမာ မင်းကများ ဇနီးအသစ်ကျပ်ချွတ်တွေ ဘာတွေ ပြော ကြွားမနေနဲ့ ဟေ့ကောင်။ မင်းတစ်ယောက်တည်း အိမ်ထောင်သည် မဟုတ်ဘူး။ ငါတို့တတွေလည်း အိမ်ထောင်သည်တွေပါကွ။ ညားခါစ မဟုတ်တာ တစ်ခုတည်း။ အဲ...ကိုကြီးမြင့်ဇော်ကတော့ ချွင်းချက်ပေါ့ကွာ။ သူက လူပျိုကြီးဆိုတော့...”

(၂)
ဟုတ်တယ်။ ကျွန်တော်တို့ အခု အခြားရွာက မင်္ဂလာဆောင်က ပြန်လာကြတာ။ သတို့သမီးရော သတို့သားရော ပညာတွေ ငွေတွေ ဘာတွေ ညာတွေ အစုံအပြည့်။ နေနဲ့လ ရွှေနဲ့မြ ပေါ့ဗျာ။ သူတို့ မင်္ဂလာဆောင် ဖိတ်စာမှာလည်း သူတို့နာမည်တွေနောက်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ဘာတွေလည်းတော့ မသိဘူး။ အံမယ် ခေတ္တ ဘာပူဆိုလားပါလိုက်သေးတယ်။ ကျွန်တော်တို့က သူတို့ မိဘတွေနဲ့ ခင်လို့ ဖိတ်ခံရတာပေါ့။ သူတို့က နိုင်ငံခြားသွားနေတော့ ကျွန်တော်တို့နဲ့က စိမ်းတယ်လေ။ သူတို့နာမည်နဲ့ သူတို့ရုပ်ရေလေး သိတယ်ဆိုရုံလေး သိတာပေါ့။ ဒါတောင် သူတို့ မိဘတွေက ကြွားလွန်းလို့ သိတာ။ ဧည့်ခံကျွေးမွေးရေးကလည်း ကောင်းမှကောင်းပဲဗျ။ ၀က်သားဆီပြန်နဲ့ ရွာလုံးကျွတ်ကျွေးတယ်။ ပြီးတော့ ရပ်ဝေးဧည့်သည်တွေဆိုလည်း တခုတ်တရ ဟင်းတွေနဲ့လေ။ တကယ်တော့ သူတို့က နိုင်ခံခြားမှာ မင်္ဂလာဆောင်ပီးသား ဆိုလား။ အခုဟာက ရွာမှာ ပြန်လာဆောင်ဖြစ်တယ်ဆိုတာက မိဘတွေ ဆန္ဒနဲ့ပေါ့။ မိဘတွေက တောသူဌေးတွေဆိုတော့ သူတို့သားသမီးတွေကို တကယ့် နိုင်ငံခြားဆိုတာကြီးထိ ပို့ပေး ပညာသင်ခိုင်း၊ အလုပ်လုပ်ခိုင်းတာ။ ကျွန်တော်တို့လို တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် သူတွေအဖို့ အခု ကျွန်တော်တို့ စီးနေတဲ့ လိုင်စင်မဲ့ဆိုင်ကယ်ဆီဖိုးလေးတောင် မနည်းရှာနေရတာ။ အေးလေ ရှေးကုသိုလ်ကိုး။ သူများတွေ ချမ်းသာတာကြည့်ပြီး မုဒိတာ ပွားနေရုံပေါ့ဗျာ။

(၃)

“ဟေး မိုးကလည်း တိတ်ကို မတိတ်နိုင်ဘူးကွာ။ မင်္ဂလာဆောင်က မီးခိုးတိတ်ကျွေးတာကိုများ အားကျပြီး မိုးမတိတ်ရွာချနေတာ ထင်ပါရဲ့ကွာ။”
“ ဟုတ်တယ်ကွ။ မင်္ဂလာဆောင်ကတော့ ငါတို့နယ်မှာတော့ အကြီးကျယ်ဆုံးမင်္ဂလာဆောင် ဖြစ်တယ်ထင်ပါရဲ့။ ငါ့တုန်းကတော့ မင်္ဂလာပရိတ်ရွတ်တာတောင် အုန်းပွဲငှက်ပျော်ပွဲကို ဘကြီးဘုန်းကြီး စွန့်ထားတာလေးနဲ့ ပြန်ကန်တော့လိုက်ရတယ်။ ဘ၀တွေများ ကွာပါ့။”

“ဒါနဲ့ ကိုကြီး မြင့်ဇော် ကျွန်တော်တို့ အခုအဖွဲ့ထားမှာ ကိုကြီးတစ်ယောက်ထဲ လူပျိုကြီးဖြစ်နေတာနော်။ ဘယ်လိုလဲ မိန်းမမယူတော့ဘူးလား။ သူများတွေ မင်္ဂလာဆောင်တာ အားမကျဘူးလားဗျ။ ကိုကြီးမြင့်ဇော် မင်္ဂလာဆောင်ရင် ကျွန်တော်တို့ ကူပါ့မယ်ဗျ။ အားမငယ်ပါနဲ့”

“ဟုတ်တယ် ကိုကြီးမြင့်ဇော်၊ ဘာကြောင့်မိန်းမမယူသေးတာလဲ၊ ပြောစမ်းပါဦးဗျာ။ပွင့်ပွင့်လင်းလင်း ရွာသွားချင်းပဲလေ။”

ကျွန်တော်တို့ တစ်ယောက်တစ်ပေါက်နဲ့ ကိုကြီးမြင့်ဇော်ကို ၀ိုင်းစနေကြတာ။ ကိုကြီးမြင့်ဇော်ခမျာတော့ မျက်နှာကြီးထူးအမ်းနီမြန်လာပြီး မင်္ဂလာဆောင်က ဧည့်ခံလိုက်တဲ့ Red Ruby ဆေးလိပ်လေးကို တစ်ချက် မီးညှိလိုက်တယ်။ ပြီးတော့ မိန်းမမယူဖြစ်တဲ့အကြောင်း လေးလေးနဲ့ တွေးတွေးပြီး ပြောချလိုက်တဲ့ စကားလုံးတွေကြောင့် ကျွန်တော်တို့တစ်ဖွဲ့လုံး မိုးနဲ့ အတူ ရော မငိုလိုက်ရုံတမယ်ပဲဗျာ။ ဘာတဲ့။ သူက....

“မင်းတို့နှယ်ကွာ။ အခု မင်္ဂလာဆောင်ပဲကြည့်လေကွာ။ သတို့သား သတို့သမီးတွေရဲ့ နာမည်နောက်မှာ ကွင်းစကွင်းပိတ်ဘွဲ့တွေ၊ အလုပ်တွေ၊ ခေတ္တ..ဘာ...ပူတွေနဲ့ဆိုတော့ သတို့သားဘက်ရော သတို့သမီးဘက်ကရော နေနဲ့လ ရွှေနဲ့မြလို ပွဲလယ်တင့်လို့။ ကောင်မလေးကဆို ပြောတာ မကြားဘူးလား။ ကျွန်မအမျိုးသား ကိုကလေ ဘယ်လိုတော်တာ၊ ဟိုမှာ ဘာလုပ်ရတာနဲ့ ရွှန်းရွှန်းကို ဝေလို့ ပြောနေလိုက်တာ။ ပြီးတော့ သူ့မိဘတွေဆိုလည်းကြည့်။ ကျွန်မသမက်ကလေးက ဘယ်လိုနဲ့။ ”

“ အား အဲဒါ ကိုကြီးမြင့်ဇော်နဲ့ ဘာဆိုင်လို့တုန်းဗျာ။ ခများကတော့ လုပ်ပြီ။ တောင်တွေး မြောက်တွေး တွေးပြီး”

“သိပ်ဆိုင်တာပေါ့ကွာ။ တကယ်လို့ကွာ ငါက မိန်းမယူပြီဆိုပါတော့။ ငါယူလိုက်တဲ့ ကောင်မလေးကကော၊ ငါ့ရဲ့ယောက္ခမတွေကကော ခုနက မင်္ဂလာမဏ္ဍပ်ထဲမှာ ပြောနေသလို လူတောသူတောထဲမှာ ပြောနိုင်ကြ မယ်ထင်လား။ ပြောနိုင်ဖို့ နေနေသာသာ ပြောတောင် ပြောရဲပါ့မလား မသိဘူးကွာ”

“ ဟာ ကိုကြီးမြင့်ဇော်ကလည်း၊ ဘာစကားမို့လဲဗျ”

“ကျွန်မအမျိုးသားကလေ ဘုန်းကြီးလူထွက်၊ ကျွန်မသမက်ကလေ လူပျံတော်၊ဘုန်ကြီးလူထွက် လူတော်လေးရှင့်လို့.......လေ...ကွာ”။

(ဒီအိုင်ဒီယာလေးကို သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်ကအပြန် ရလို့ စိတ်ကူးနဲ့ ရေးကြည့်လိုက်တာပါ။ တိုက်ဆိုင်မှုရှိလျင် ခွင့်လွှတ်တော်မူကြပါခများ။ မခွင့်လွှတ်နိုင်လျင်လည်း ဆဲဆိုတော်မူနိုင်ကြပါသည်ခများ :) )

Photo by http://americanretirementsolutions.wdfiles.com/local--files/start/Worry.png


Type the rest of your post here.

3/8/10

နှလုံးသားနုနုလေးနဲ့ ရင့်ကျက်တဲ့ချစ်သူများအကြောင်း

(၁)


(၂)


(၃)

အခုတလော ဘာရယ်မဟုတ်ဘူးလို့ ဆင်ခြေပေးရမလား၊ တစ်ခုခု ဒါမှမဟုတ် တစ်စုံတစ်ရာကြောင့်လို့ ဆင်လက်ပေးရမလား။ မပြောတတ်တော့ပါဘူး။ စာရေးချင်စိတ်မရှိဘူး။ ပြီးတော့ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားယူနေရတယ်။ စာတော့ ဖတ်ဖြစ်ပါတယ်။ ကျွန်တော်က စာဖတ်ရင် လူတစ်ယောက် ဒါမှမဟုတ် ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရရင်တော့ ပျော့ပြောင်းတည်ငြိမ်သွားတတ်တာနဲ့ စာတွေပဲ ဖတ်ဖြစ်နေပါတယ်။ ကြည်အေးရဲ့ ၀တ္ထုတိုပေါင်းချုပ်၊ ကိုယ်ရေးပြီး ကိုယ်ပြန်မေ့မေ့နေတဲ့ စာအုပ်တွေနဲ့ ကိုယ့်အိပ်ယာနံဘေးမှာ အဆင်သင့်ရှိနေတဲ့ မဟေသီမဂ္ဂဇင်းတွေ ဖတ်ဖြစ်တယ်။ အထူးသဖြင့် ဆရာမောင်သာမညရဲ့ ရင့်ကျက်မှုအတွက် ကွင်းဆက်များဆိုတဲ့စာအုပ်လေးပါ။ မြန်မာနိုင်ငံကနေ တခုတရ ဆောင်လာတဲ့ စာအုပ်လေးပေါ့။ အကြိမ်ကြိမ်ပြန်ဖတ်။ ကိုယ့်ကိုယ်ကို ရင့်ကျက်ပီလား ပြန်မေးမေးနေရတဲ့ စာအုပ်လေးလေ။

ရင့်ကျက်သော ချစ်သူတို့သည် တစ်ဦးကိုတစ်ဦး လုံးဝ

ပြီးပြည့်စုံသူများအဖြစ် မမျှော်လင့်တတ်ကြ။ တစ်ဦးကို တစ်ဦး

လက်ခံတတ်ဖို့သာ ကြိုးစားကြ၏။


ကျွန်တော် ဒီစာအုပ်ကို စာဖတ်ဝါသနာပါတဲ့သူငယ်ချင်းတွေကို ညွှန်းဖူးသလိုပဲ အချစ်ကြောင့် တစ်ခုခုဖြစ်နေတဲ့ သူတွေကိုလည်း အချစ်၌ ရင့်ကျက့်ခြင်းဆိုတဲ့ အပိုင်းလေးကို စကန်ဖတ်ပြီး ဖတ်စေခဲ့ဖူးပါတယ်။ အခုတော့ အချစ်ကြောင့် တစ်ခုခုဖြစ်နေတဲ့ ကျွန်တော် မောင်နေသစ်လည်း ကိုယ့်ကိုယ်ကို ပြန်ဖတ်ဖို့ ညွှန်းလိုက်မိပါတယ်။ တကယ်လည်း ပြန်ဖတ်ဖြစ်ပါတယ်။ ပြီးတော့ အချစ်မှာ မရင့်ကျက်သေးတဲ့ ကိုယ့်ရဲ့ မခို့တရို့ စိတ်ထားတွေကို လည်း ရှက်နေမိပါတယ်။ တကယ်လို့သာ မိတ်ဆွေလည်း ကိုယ့်ချစ်သူနဲ့ အိမ်ထောင်ကျပြီး ကလေးတွေ လေးငါးယောက် ပိုင်ဆိုင်ထားသည့်တိုင် စာအုပ်ထဲက သုံးသပ်ထားတဲ့အချက်လက်တွေနဲ့ မကိုက်ညီသေးဘူး ဆိုရင် ရင့်ကျက်တဲ့ ချစ်သူမဖြစ်နိုင်သေးပါဘူး။

ရင့်ကျက်သူများသည် နိမ့်နိမ့်ပစ်မှတ်ကို ချိန်ပြီး ထိအောင်

ပစ်ခတ်ခြင်းမျိုးထက် မြင့်မြင့်ပစ်မှတ်ကို မှန်းပြီး လွဲချော်ခြင်းမျိုးကို ပို၍

သဘောကျသူများ ဖြစ်ပါ၏။


ဘာပဲဖြစ်ဖြစ်...
မိတ်ဆွေလည်း အချစ်နဲ့ မကင်းသေးသူဆိုရင် ကိုယ့်အချစ်ဟာ တကယ်ရင့်ကျက်နေပြီလားဆိုတာ ချိန်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ အချစ်မှာ ရင့်ကျက်သူတွေ ဖြစ်နိုင်ကြပါစေဗျာ။

Type the rest of your post here.

12/25/09

Merry Xmas ပါ သမ္မတကြီး (Lincoln!)

သမ္မတကြီးရဲ့ ရုပ်တုရှေ့အမှတ်တရ

သမ္မတကြီး ပြတိုက်ရှေ့က မြင်ကွင်းကျယ် (Panorama ရိုက်ချက်)

သမ္မတကြီးရဲ့ ဇာတိချက်ကြွေမွေးရပ်မြေရှေ့ သစ်ပင်ကြီး

သမ္မတကြီးလင်ကွန်း ကလေးဘ၀ စာဖတ်နေတဲ့ ပုံ

သမ္မတကြီးလင်ကွန်းရဲ့ ဇာတိချက်ကြွေ မွေးရပ်ပြေ(Panorama ရိုက်ချက်)

ကမ္ဘာလူသားတွေအတွက် စံပြသမ္မတကြီးလင်ကွန်းရဲ့ မွေးရပ်မြေကို ခရစ်စ်မတ်နေ့၊ အလုပ်အားရပ်တဲ့နေ့မှာ သွားရောက်ခဲ့ပါတယ်။ဒါပေမယ့် အိမ်တော်ပြင်နေတာက တစ်ကြောင်း၊ အလုပ်ပိတ်ရက်ဖြစ်နေတာက တစ်ကြောင်းမို့ အိမ်တော်ထဲ ၀င်ခွင့်မရခဲ့ပါဘူး။ ဒါနဲ့ပဲ ဒီလောက်နဲ့ ကျေနပ်ခဲ့ရပါတယ်။ သမ္မတကြီးအကြောင်း ကိုတော့ ကျွန်တော်မပြောတော့ပါဘူး။ ပြောရင်လည်း ပြည့်စုံမှာ မဟုတ်လို့ပါ။ ကျွန်တော့်စိတ်ထဲမှာ Merry Xmas ပါ သမ္မတကြီးလို့ အော်ဟစ်ခဲ့တာပဲဗျာ။

အထူးမှတ်ချက်။လုပ်နိုင်ပါတယ် မပြောနဲ့ လုပ်ပြလိုက်ပါ ဆိုတဲ့ လင်ကွန်းစကားကို ဦးထိပ်ပန်ဆင်၍ လင်ကွန်းအိမ်တော်သို့ သွားသင့်တယ်လို့ မိန့်တော်မူတဲ့ ဆရာတော် အရှင်တိက္ခဥာဏာလင်္ကာရသို့ ..
ကျွန်တော်ကြွားခဲ့တဲ့ ဖုံးကင်မရာနဲ့ ရိုက်ထားတာဆိုတော့ ပုံတွေကို သီးခံကြည့်ရှုစေချင်ပါတယ်။

ဓာတ်ပုံများကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

9/3/09

သော်တာသစ်မှူးသို့ အိပ်ဖွင့်ကဗျာရှည်





သော်တာသစ်မှူးသို့ ...အိပ်ဖွင့်ကဗျာ

မကြာခင်တင်ပါမည်။လောလောဆယ် စာအိပ်မဖွင့်ရသေးသဖြင့်၊:D

8/30/09

TO HELEN


TO HELEN

Helen, thy beauty is to me
Like those Nicean barks of yore,
That gently, o'er a perfumed sea,
The weary, way-worn wanderer bore
To his own native shore.

On desperate seas long wont to roam,
Thy hyacinth hair, thy classic face,
Thy Naiad airs have brought me home
To the glory that was Greece,
And the grandeur that was Rome.

Lo! in yon brilliant window-niche
How statue-like I see thee stand,
The agate lamp within thy hand!
Ah, Psyche, from the regions which
Are Holy Land!


Edgar Allan Poe (1831)

ဘာရယ်လို့တော့ မဟုတ်ပါဘူး။ မတွေ့တာ ကြာပြီဖြစ်တဲ့ ကဗျာဆရာ ညီမွန်နဲ့ အင်တာနက်မှာတွေ့တော့ သူက သူဖတ်ချင်တဲ့ ကဗျာဆရာ၊စာရေးဆရာတွေရဲ့ စာပေနဲ့ ကဗျာတွေ လိုချင်တဲ့အကြောင်းပြောရင်း ကျွန်တော့် နံဘေးမှာ ရှိပေမယ့် လက်ဆောင်ပါကင် မဖွင့်ရသေးတဲ့ အဂ်ဂါအယ်လ်လင်ပိုးရဲ့ THE COMPLETE TALES AND POEMS OF EDGAR ALLAN POE ဆိုတဲ့ စာအုပ်ထူထူကြီးထဲကနေ ကူးချပေးလိုက်တာပါ။ ကဗျာဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ ကဗျာဆရာညီမွန်အတွက် ဆိုပါတော့။ ကဗျာထဲက အကြောင်းတွေတော့ မမေးပါနဲ့။ ကျွန်တော် မဖတ်တတ်ဘူး :D

8/25/09

သူမ ပုတ်ချလိုက်တဲ့မြှို့

အလွဲတွေနဲ့ တေးဆိုခဲ့ဖူးတယ်
အမှားတွေနဲ့ ညတွေ နက်ခဲ့ဖူးတယ်
မြန်မာပြည်ထွက် စင်္ကာပူပို့ကုန် နှိုးစက်ကလေးနဲ့ အိပ်ယာဝင်ခဲ့ဖူးတယ်
တောင်ပေါ်သူတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ ဘ၀တွေ လွမ်းနာကျခဲ့ဖူးတယ်

အမေရိကားမှာ ဒုက္ခသည်စခန်းမရှိဘူးလို့ မင်းကို ဘယ်သူပြောလဲ

ဒီနေ့ ကိုယ့်အလွမ်းတွေ ၀မ်းချမထားဘူး
နောက်လကုန် ကာလဖိုးနီးယားသွားမယ်..

ဆရာချောလို ညီမလေး မမမြင့်ရေ...လို့ မအော်တော့ပါဘူး
တစ်ခါက ငါ့ကြေကွဲမှုက ချင်းတွင်းမြစ်ကမ်းမှာ ရယ်သံတွေနဲ့ စီးဝင်ခဲ့ဖူးတယ်။
အခု ငါငိုနေတာ မင်းသိပါတယ် မစ္စစ္စပီ

ကိုယ်တိုင်ရေး အန္တရာယ်ကင်းကမ္မ၀ါစာကဗျာ ဖြစ်ပါသည်။

8/24/09

သေတမ်းစာ

တိုးတိုးလေး တိုက်တဲ့ ခြေလှမ်း
ဖွဖွလေး နမ်းတဲ့ လေညှင်း
အပင်မသန်မှတော့ အသီး ဘယ်မှန်ပါ့မလဲ ။

အိမ်နောက်က ပန်းသီးပင်လည်း
ကလေးတွေ စွတ်လို့ကုန်ပြီ။
အိမ်ရှေ့မြက်ခင်းလည်း မရှင်းဖြစ်တာနဲ့ မလှတော့ဘူး။

ဆေးလိပ်ငွေ့တွေ ပျံတက်သွားတိုင်း
ပုံရိပ်ထဲမှာ ညီမလေးပါတယ်။
ကိုကို ဆေးလိပ်မသောက်နဲ့ဆိုတဲ့ ပညတ်တော်တစ်ပါး
သူမရဲ့ နံရိုးကြားမှာ ရှင်သန်ခဲ့ဖူးတယ်။

ခေတ်ဆိုးကြီးထဲ လူဖြစ်လာရတာပဲလေ။
အကိုတို့ ပခုံးတွေ ဘယ်ကောင်းတော့ပါ့မလဲ

အခုဆို သူငယ်ချင်းကလည်း အဝေးတစ်နေရာ...
ည ည ဖုံးအလကားရတိုင်း သူ့ရည်းစားအကြောင်း ပြောပြောနေတဲ့ ကောင်မလေးကလည်း ကျောင်းစာတွေရဲ့နောက်မှာ..
ကိုကို့ကို သိပ်ချစ်ပါတယ်လို့ ပြောပြီး ကိုယ်က သိပ်ချစ်ပါတယ်လို့ ပြောခဲ့ဖူးတဲ့ တစ်ခါက နှိုးစက်ကလေးကလည်း သံပါတ်ကုန်ပြီတဲ့။

လွတ်လပ်စွာအထီးကျန်ခြင်းဟာ တစ်ခုတည်းသော
ဆု

ညီမရေ..
မင်းဖတ်နေတဲ့ ဒီကဗျာဟာ
အပေါးစား စကားလုံးတွေ မဟုတ်ဘူးကွဲ့။

ဟောဒီကဗျာကို ညှစ်ကြည့်..
ရင်ဘက်ဟောက်ပက်ထဲက ထွက်လာမယ့် သွေးစက်တွေနဲ့ ချစ်ခြင်းတရားတွေ.... ။ ။

နေသစ်

8/23/09

ဘ၀စီးကြောင်း

ဘာရယ်လို့တော့ မဟုတ်ပါဘူး။ မိုင်တိုင်အမှတ် ၂၈ ကို ကျော်ဖြတ်ရတော့မယ့် နေသစ်အတွက် တစ်ခါတုန်းက သူငယ်ချင်းဆူးရင့် မွေးနေ့လက်ဆောင်ရေးပေးခဲ့တာလေးကို သတိရတာနဲ့ ပြန်တင်ဖြစ်လိုက်တာပါ။


ကြားခံမလိုတဲ့ ဆက်စပ်စိတ်က
ကိုယ့်ညံ့ဖျင်းမှုနဲ့ကိုယ်
မှေးမှိန် ဝေးလွင့်သွားခဲ့ပြီ....။
စိတ်ဟာ
ဘ၀င်အထပ်ထပ်နဲ့အိပ်ပျော်သွားလိုက်
ဖြစ်စဉ်အထပ်ထပ်နဲ့နိုးထလာလိုက်
တစ်ချို့တစ်ချို့လေက ၀င်လို့
တစ်ချို့တစ်ချို့လေက ထွက်လို့....။
သင်ရိုးဆန်ဆန် လေ့လာဖို့အတွက်
ဘ၀တစ်ခုရဲ့ နောက်ဆုံးစိတ်ဆိုတာကိုလည်း
မပြီးနိုင် မပြတ်နိုင်ဝမ်းနဲ့ လွယ်မွေးထားရပြန်ရော့....။ ။
ဆူးရင့် (တန့်ဆည်)

6 - 9 -2006*19 - 9 - 2006 နေ့တွင်ကျရောက်သောသူငယ်ချင်း နေသစ်မှူး (ငွေသာတွင်း) ၏ (၂၅)နှစ်ပြည့် မွေးနေ့သို့ အမှတ်တရဖြင့်သာ....။ ။

ကဗျာမှ လွဲပြီး မွေးနေ့လက်ဆောင် လက်မခံပါ။

8/7/09

ရှစ်လေးလီသုံးဆယ့်နှစ်

၁။ မုသာဝါဒိဿ ဇန္တုနော၊ နတ္ထိ ပါပံ အကာရိယံ
၂။ လိမ်လည် လှည့်ဖျားနေသူအတွက် မလုပ်ရဲတာ ဘာမှမရှိ။ (ဓမ္မပဒ)

၃။ အနီရောင်ထွေခင်းထားတဲ့လမ်းတွေ
၎။ အော်သံတွေ တချို့၊
၅။ ခေါ်သံတွေ တချို့၊
၆။ လုပ်ကြံသူတချို့၊
၇။ မုန့်လှန်သူတချို့၊
၈။ ဆော့ခရတ္တိရဲ့ သောက်တော်ရေခွက်တချို့၊
၉။ မအိုဇာလို ရေကမ်းသူတချို့၊

၁၀။ အမှန်တရားအကြောင်းပြောရင်
၁၁။ ဘာကြောင့် ကိုယ့်လည်ချောင်းဟာ ပျို့ပျို့တက်ရတာလဲ၊

၁၂။ မျှော်လင့်ချက်တိုင်း အသက်မရှင်ခဲ့ရင်
၁၃။ အသက်ရှင်တိုင်း မျှောင်လင့်ချက်မဲ့ရမယ့်ဘ၀တွေ။

၁၄။ ပါးပါးလေးပဲ ပုတ်ပါ။
၁၅။ ဖားဥစွန်းနေတဲ့ အတွေးခေါ်တွေ ဖယ်ထုတ်ပြီး၊

၁၆။ ပါးပါးလေးပဲ ပုတ်ပါ။
၁၇။ ကွမ်းသွေးတွေ လမ်းပေါ်မရှိသလိုမျိုး၊

၁၈။ ညကိုက လင်းနေလွန်းတာ ဘ၀င်မကျဘူး။

၁၉။ နှစ်ဆယ့်တစ်နှစ်သမီးလေးရေ...
၂၀။ မင်းရဲ့ မွေးနေ့မှာ အမေမလာနိုင်ဘူးတဲ့လား၊
၂၁။ မင်းအတွက် မွေးနေ့လက်ဆောင်ဟာ အလံကိုင်ထားတဲ့လက်တွေလား။
၂၂။ မင်းလှီးနေတဲ့ မွေးနေ့ကိတ်ဟာ ဆာလောင်နေတဲ့ ယုံကြည်ချက်တွေလား။
၂၃။ ကိုယ်ဆိုပေးမယ့် တေးက လွတ်လပ်ရေးအတွက် သီချင်းတစ်ပုဒ်။

၂၄။ တကယ်ဆို ..ဒီလိုမင်းရဲ့ မွေးနေ့မျိုးမှာ
၂၅။ ကိုယ်တို့ခြံဝန်းလေးမှာ လွတ်လပ်စွာ သားသမီးတွေကို ပြောဆိုနေမယ်၊
၂၆။ မင်းကလည်း မင်းရဲ့ ကိုယ်ရေးအကျဉ်းကို ကျယ်ကျယ်လောင်လောင် ပြောဆိုနေမယ်။
၂၇။ မွေးနေ့ကိတ်ပေါ် စိုက်ထားတဲ့ အလံကလည်း နီရဲနေမယ်။

၂၈။ ညဆိုမှတော့ မှောင်ရဲ့လားလို့ မမေးသင့်တော့ပါဘူး။
၂၉။ ကွယ်...
၃၀။ မွေးဖွားလာမှတော့ တစ်နေ့ သေဆုံးကြရမှာ အသေအချာ။

၃၁။ နံဘေးမှာ အမေမရှိတဲ့
၃၂။ သမီးကလေးတစ်ယောက်ရဲ့ မွေးနေ့များ ပြောပါတယ်။

တစ်ခုတည်းသော ယုံကြည်ချက်နဲ့ အသက်ရှင်ခဲ့ရတဲ့ နှစ်ဆယ့်တစ်နှစ်သမီးလေး အတွက် အမှတ်တရ။ (8.8.09. PM: 8:8 ) တွင် ဒီကဗျာကို ရေးခဲ့ပါတယ်။ ဒါကြောင့် ရှစ် လေး လီ သုံးဆယ့်နှစ်လို့ပဲ ခေါင်းစဉ်ပေးလိုက်ပါတယ်)

7/13/09

အသစ်စက်စက်နေသစ်မှူးနှင့် စက်တင်ဘာ ၁၉ရက်ရှုခင်း

အင်ဂျင်သံတွေနဲ့ အတူ မင်းရဲ့ မနက်ခင်းဟာ ကြေကွဲနေလိမ့်မယ်
မှိုနံ့မကင်းတဲ့မြို့ပြထဲ အထွက်အ၀င် အဆင်ပြေရဲ့လား

အပြုံးအခွံတွေ လိပ်စာမပါဘဲ မင်းဆီ ရောက်လာပြီဆိုပါတော့
ဆက်ဆံရေးအခွံတွေဟာ မင်းခွဲစိတ်ရမယ့် သရုပ်တွေပဲ

အလုပ်အားလပ်တဲ့တစ်နေ့
မိုးစက်တွေ အရင့်မာကြီး သိုလှောင်ထားတဲ့ ကောင်းကင်ကို
စကားလုံးလှလှနဲ့ ဘာသာပြန်ပေးပါသူငယ်ချင်း

မြင်းလှည်းသမားရဲ့ ကြာပွတ်သံဟာ
ငါတို့နားဆင်ရမယ့်ဂီတမဟုတ်ဘူး

မင်းထိုးစိုက်ခဲ့တဲ့ တောအုပ်မှာ သစ်ရွက်တွေ စိမ်းလန်းဆဲပဲလား
ငါကတော့ လမ်းပျောက်သိုးအုပ်ပေါ်
ပင့်ကူအံတိမ်တိုက်နဲ့ ဆူးခက်တွေ လင်္ကာဖွဲ့ပစ်တင်လိုက်တိုင်း
မင်းဧည့်ခန်းထဲက အငွေ့ပျံစိတ်ကူးရဲ့ ပေးစာဖတ်စာတွေကို အမြဲသတိရတယ်

မင်းက အစဖြင့် မဆုံးနိုင်တဲ့ ဆားငံရေမြင့်တက်မှုအကြောင်းပြောမယ်
ငါက အဆုံးမသတ်နိုင်တဲ့ ဟစ်အော်ဆာလောင်မှုအကြောင်းပြောမယ်

မင်းက ဖြေသိမ့်ရခက်တဲ့ ဖြေသိမ့်လိုက်သီချင်းအကြောင်းပြောမယ်
ငါက သေဆုံးဖူးတဲ့ သုဿာန်အဟောင်းလေးအကြောင်းပြောမယ်

ငါးရာတန် တစ်ထောင်တန်ကုန်ပစ္စည်းတွေ
ငါတို့ ပလက်ဖောင်းပေါ် ပိတ်စို့ခဲ့တာက အစ
ဘေဒ၀ါဒငြင်းခုံမှု မီတောက်စာမျက်နှာတွေအဆုံး
ငါတို့ လှိုင်းစီးရင်း အပျင်ဖြေခဲ့ကြတယ်

နေသစ်မှူးရေ....
နာရေးသတင်းကို ဖတ်ရှုရင်း နာရီကို ချွတ်ပြီးအိပ်ပါ
ငါ့လိုပဲ လဘက်ရည်တိုက်မယ့် သူငယ်ချင်းကောင်းကို မျှော်ပါ
တစ်နေ့တာ ဖြတ်သန်းဖို့ ပိုက်ဆံတစ်သောင်းနှစ်ထောင်လိုအပ်ဆဲပဲလား
ပြောရရင် သံချောင်းကို ပုံမှန်ခေါက်ဖို့လိုအပ်တယ်
မင်းလက်ဖျံရိုးထဲက ညီမလေးကို မေတ္တာပို့ဖို့လိုအပ်တယ်
ယခင်ယခု ကာလာအလွဲတွေ မေ့ပစ်လိုက်တော့
မင်းစီးဆင်းဖို့ ပင်လယ်အသစ်စက်စက်ကို ရွေးချယ်ပြီးရင်
အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုတဲ့ စကားပုံကို
အီးမေလ်းနဲ့ ငါ့ဆီ အရောက်ပို့လိုက်ပါ

ကဗျာဆရာဆိုတာ လက်တွေ့မဆန်တဲ့ ဘ၀တစ်ခုလုံး
ခေါစာအဖြစ် ထိုးကျွေးဖို့ လူဖြစ်လာတဲ့
ကံဆိုးဝဋ်ကောင်ပဲ ဆိုပါတော့။ ။

(ဆူးရင့်-တန့်ဆည်)
(19၊09၊08) သူငယ်ချင်းနေသစ်မှူးရဲ့ အသစ်စက်စက်မွေးနေ့သို့ ရည်ညွှန်းပါတယ်။

ဒီကဗျာလေးဟာ ကျွန်တော့်မွေးနေ့အတွက် သူငယ်ချင်းကဗျာဆူးရင့် (တန့်ဆည်) ရဲ့လက်ဆောင်ပါ။ စာစောင်တွေကို ပေးပေမယ့် စက်တင်ဘာ အငွေ့အသက်မကင်းလို့ပဲလား ဘာကြောင့်လဲတော့ မသိပါဘူး။ စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာတော်တော်များများရဲ့ တော်တော်မှတ်ချက်ပေးခံရတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားခဲ့သလိုပဲ ကျွန်တော့်ဘ၀အတွက်လည်း ထိထိရှရှဖြစ်သွားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကျွန်တော့ ညီမလေးကတော့ ပြောပါတယ် ။ အလိုလိုနေရင်း မဆီမဆိုင် အကို့လက်ဖျံရိုးထဲ ရောက်သွားရ တယ်လို့တဲ့။
သူငယ်ချင်းဆူးရင့်ကို ဒီကဗျာတစ်ပုဒ်ထဲနဲ့တင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်။

6/18/09

ထိပ်ထား (သို့) နေသစ်တို့ရဲ့ ကောင်းကင်သစ်


တူမငယ်-လှိုင်ထိပ်ထားဦး

အခုတလော ပို့စ်တွေမရေးဖြစ်ဘူး။မရေးချင်ဘူး။ အနာဂတ်ဆိုတာတွေ လူ့ဘ၀ဆိုတာတွေကို တွေးပြီး ရယ်ချင်ပြီး ရင်မောနေမိတယ်။ အထက်က ကလေးငယ်လေးဟာ ကျွန်တော့်ဝမ်းကွဲတူမလေးပါ။ သိပ်အပြစ်ကင်းခဲ့ပေမယ့် ကံကြမ္မာက အပြစ်မကင်းခဲ့ဘူးလေ။ သူမ မွေးတုန်းက ပေါင်မပြည့်ခဲ့ဘူး။ ပေါင်ပြည့်ဖို့အတွက် မန္တလေးဆေးရုံကြီးသွားပြီး ဖန်ပေါင်ချောင်ထဲ ထည့်ရသေးတယ်တဲ့။ အနာဆာကင်းတဲ့ ကလေးတစ်ယောက်အတွက် ငွေကြေးအဆင်ပြေတဲ့မိသားစုမှာ မွေးခဲ့တာက ၀မ်းသာစရာပဲလေ။ ဒါပေမယ့် တူမကလေးဟာ ပေါင်မပြည့်ပဲ မွေးခဲ့တာဖြစ်ပြီး သူမအသက်ကို ငွေနဲ့လဲ ယူထားတာဆိုတော့ ကျန်းမာရေးက သာမာန်ကလေးတွေလို မဖြစ်ခဲ့ရှာဘူးလေ။ ဘာကြောင့်လဲဆိုတော့ သူမ ရဲ့နားအာရုံ ချို့ယွင်းသွားရလို့ပါ။ ဒါနဲ့ နားအာရုံချို့ယွင်းတော့ ကလေးက စကားသင်ဖို့ အဆင်မပြေတော့ဘူးလေ။ စကားသင်ဖို့အဆင်မပြေတော့ စကားပြောတတ်ဖို့ ဘယ်လွယ်မလဲ။ စကားမပြောတတ်ခဲ့ရင် စာဖတ်တတ်ဖို့ကော အဆင်ပြေပါဦးမလား။ စာမဖတ်တတ်ခဲ့ရင်..............
ဟူး ..ရင်မောရပါလား ထိပ်ထားရေ...။ ဦးတို့တတွေ လုပ်ပေးနိုင်တာက ထိပ်ထား အနာဂတ်ကို ကိုယ့်ဘာသာရပ်တည်နိုင်စွမ်းရှိနိုင်လောက်တဲ့ အခြေနေတစ်ခုကို ဖန်တီးနိုင်ခွင့်ပါ။ အဲဒါမှ တူမလေးဟာ ကြမ်းတမ်းရက်စက်လှတဲ့လောက ကြီးရဲ့ သားကောင်ဘ၀ကနေ လောကကြီးကို ခေါင်ဆောင်မယ့် ကိုယ့်ဘ၀ကို ထူထောင်နိုင်မယ့် သမီးကောင်းဇာနည်ဖြစ်တော့မှာပေါ့လေ။ ဦးလည်း တူမလေးဖေဖေတို့ အဘိုးအဘွားတို့ကို တိုက်တွန်းဖူးပါတယ်။ တူမလေးကို သေချာ ဆေးခန်းပြပေးဖို့ပေါ့။ သူတို့လည်း အကောင်းဆုံးကုသပေး ခဲ့ကြတယ်လေ။ တူမလေး နားအာရုံရှင်သန်ဖို့ပေါ့။ အခုတော့ တူမလေးရယ်.... မျက်စိအဆုံး နားအရှုံးတဲ့။ နားရှုံးလို့ အသိပညာပါ မရှုံးရအောင် ဦးတို့ တူမလေးအတွက် ၀ိုင်းကြိုးစားကြရမှာပေါ့။ အဲဒီအခါကျရင် တူမလေးဟာ စာတွေဖတ်တတ်လာမယ်။ ပြီးတော့ တူမလေးရင်ဆိုင်ရမယ့် လောကကြီးအတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့ တူမလေးကို သင်ပေးရမယ်။ ပြီးတော့ တူမလေးဟာ အရာရာရှိပြီး အရာရာဖြစ်နိုင်တဲ့ လောကကြီးထဲမှာ အရာရာစွမ်းဆောင်နိုင်တဲ့ သမီးမြတ်ဇာနည်ဖြစ်ချင်တဲ့စိတ်တွေ ပေါ်နေစေရမယ်လေ။
တူမလေး ကျရောက်တော့မယ့်မွေးနေ့မှာ ဦးက တူမလေး စာဖတ်တတ်လာရင် ဖတ်ဖို့ ကဗျာတစ်ပုဒ် ပို့ပေးမယ်။ ပြီးတော့ တူမလေးရဲ့ ရှေ့ရေးအတွက် တူမလေးကို အကြံပေးတဲ့စာတွေ ရေးနိုင်အောင် ကြိုးစားမယ်။ တူမလေးရေ.........ကျန်းမာရေးဂရုစိုက်နော်။ ပြီးတော့ တူမလေးရဲ့ မိဘတွေ အဘိုးအဘွားတွေ။ တူမလေးရဲ့ ဦးဦးတွေ ၊ အဒေါ်တွေ ပြောတဲ့စကားကို သေချာနားထောင်နော်။ အထူးသဖြင့် တူမလေးကို ဂရုစိုက်လှတဲ့ တူမလေးရဲ့ အန်တီရဲ့စကားကို နားထောင်နော်။
ဘာပဲဖြစ်ဖြစ် ။ တူမလေးဟာ ဦးတို့ အ၀န်းအ၀ိုင်းရဲ့ ကောင်းကင်၊ ဦးတို့အတွက် မျှော်လင့်ချက်၊ ဦးတို့အတွက် အလင်း ၊ ဦးတို့ရဲ့ အဖြူရောင်အိပ်မက်သခင်မလေးပဲလေ။
တူမလေးထိပ်ထား သာယာတဲ့ဘ၀လမ်းခရီးကို လှမ်းနိုင်ပါစေကွယ်။

6/15/09

လေထဲစက္ကူစွန်လေးတွေ ဝဲပျံ

ကလေးတွေ
ဆော့ကစားနေတာမြင်တိုင်း လွမ်းမိတယ်။

ဖိုးဇံနဲ့ ပီတိ
ကဗျာဆရာတစ်ယောက် မွေးဖွားဖို့
လူမသိ သူမသိ စတေးခံခဲ့ရတဲ့ သားကောင်တွေ။

စိတ်ကူးယဉ် ကမ္ဘာထဲမှာ
မင်းတို့နဲ့အတူဆော့မယ်
အင်္ဂလိပ်စကားပြော သင်ပေးမယ်
ရောင်စုံအရုပ်တွေ ပန်းချီဆွဲပြမယ်။

စဉ်းစားတတ်တဲ့ အရွယ်ဆို
လူတွေအကြောင်း
ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာအကြောင်း
လူ့ဘဝဟာ တဝီဝီ
အော်မြည်နေတဲ့ စက်ယန္တရားကြီးဖြစ်တဲ့အကြောင်း
ပြောပြမယ်။

အခုတော့ တစ်မြို့ဆီဝေးကွာလို့
မင်းတို့လည်း အဖေမရှိတဲ့ကစားကွင်းထဲမှာ
ငါလည်း အဝေးစစ်မြေပြင်မှာ
ဒဏ်ရာကိုယ်စီ။

ငါဟာ
မင်းတို့အနာဂတ်ကို မျက်နှာလွှဲလို့
ယောကျာ်းမာနကို အနုပညာနဲ့ မောင်းနှင်သူ
နတ္ထိဝါဒီပါ
အယူခံဝင်စရာ မရှိပါဘူး။

လူဆိုတာ
ကိုယ့်အတ္တကိုယ် တည်ဆောက်နေကြတဲ့
ဗိသုကာတွေ
လူတစ်ယောက်ရဲ့ အမှန်တရားဆိုတာ
အခြားတစ်ယောက်အမြင်
အမှားဖြစ်နေနိုင်တဲ့ ဒဿန
ဥာဏ်ပညာရှိသူ
မင်းတို့မေမေ ဆုံးမစကားပြောရဲ့လား။

ငါဟာ
မင်းတို့ မသိနိုင်တဲ့ အဓိပ္ပါယ်တွေနဲ့
ကဗျာဆရာ
ဒီမှာ အိပ်ရာဝင်ပုံပြင် နားထောင်ကြမလား
မင်းတို့ရွတ်ဖို့
ကလေးကဗျာတွေလည်း ရေးထားတယ်။

သားတို့ရေ . . .
သူငယ်ချင်းတွေနဲ့ ဆော့ရင်း ပျော်ရွှင်မှုကိုရှာ
ကျောင်းစာတွေသင်ရင်း လူ့ဘဝကိုသင်ယူပါ
သတိရရင် ဖုန်းဆက်ပါ
စာရေးတတ်ရင် စာတစ်စောင်လောက်ရေးလိုက်ပါ။

သားအဖဖြစ်ဟာ ပြတ်တောက်လို့
လူ့ဘ၀၀င်္ကပါ
သံသရာဇာတ်လမ်းရှည်
တစ်နေ့နေ့ပြန်ဆုံနိုင်ကြဦးမှာလား။

လောကမှာ ဘာမှမရေရာ
ငါ့မှာ မင်းတို့ငယ်နာမည်တွေ ရေရွတ်လို့

ဟိုးအဝေးမှာ
လေထဲ စက္ကူစွန်လေးတွေ ဝဲပျံလို့
အဖေဆိုတာ
မိသားစုဆီ ပြန်မလာဖြစ်တော့တဲ့ ငှက်တစ်ကောင်သာ။

အောင်ရင်ငြိမ်း




ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး စတွေ့တုန်းက သူနဲ့ ကျွန်တော် တစ်ရာသီစာ ရန်ကုန်မိုးနဲ့ အတူ အိပ်မက်တွေလွင့်ပြယ်သွားပြီးတဲ့ ဒီကဗျာလေးကို အယောင်ခံပြီး “မိုးခိုငှက်ကလေးဖတ်ဖို့ကဗျာ”လို့ ရေးပေးခဲ့ဖူးတယ်။ အခုတော့လည်း မိုးရာသီတွေကို မုန်းတတ်လာတယ်ဗျာ။

5/30/09

ညီမလေးရေးမယ့် တနင်္ဂနွေအကြောင်း

မသေချာဘူး။
ယုံကြည်ရာအိပ်မက်တွေထမ်းပြီး
မစ္စစ္စပီမြစ်ကမ်းကို တက်ခဲ့တယ်။

မဖြေသာဘူး။
ဟိုးချောင်းလေးနံဘေးမှာ ညီမလေးရဲ့ပုံရိပ်၊
သဲတွင်းတွေ လက်နဲ့ယက်ပြီး ညီမလေး ကိုယ့်ပုံ ဖော်နေမှာလား။
အကိုခမျာ Screen ပေါ်မှာ ညီမလေးပုံကို လိုက်ဖမ်းနေရ။

ည ည
ထ ထ ငိုရတဲ့စိတ်နဲ့ ညီမလေးရဲ့ဈေးကို ထိခိုက်မှာစိုးရဲ့။

“ရွာပြန် နွားကျောင်းမှာပဲလား အကို”

“ သိပ်သေချာတာပေါ့၊ အကိုတို့ရဲ့ ဧရာဝတီလေးတွေကို
မစ္စစ္စပီမြစ်နံဘေးမှာ စိတ်အေးအေးနဲ့ထားနိုင်ခဲ့တဲ့အခါ...”

ငါးကျပ်တန်စကားပြောခွက်ပေါ်က
ခပ်နော့နော့ရယ်သံ။
ဒဂုံစင်တာ၊ မြေနီကုန်း တစ်ဝိုက်က အသံလှိုင်းတွေ ပြန်တက်လာတယ်။

ညီမလေးသော်တာရေ....
အိမ်ရှေ့မြက်ခင်းလေးကို စိမ်းလန်းအောင် ဂရုစိုက်ပါ။
အိပ်နောက်က သဲချောင်းလေးကို ခဏလေး အေးအောင် သိုဝှက်ထားပါ။
ရွာကူးလက်မှတ်တစ်စုံ အသင့်ဆောင်ထားပါ။
ပြီးတော့ ပြည့်ကျပ်နေတဲ့ ညီမလေးရဲ့အချစ်တွေ မလျှော့ချပါနဲ့။
အမှောင်ကျနေတဲ့ ရွာလေးမှာ မေတ္တာတရားကို သတ္တိရှိရှိ ထွန်းညှိပါ။
ခေတ်ပျက်ကြီးထဲလူဖြစ်ရတဲ့ အကိုတို့ဘ၀လေးကိုလည်း လေးစားပါ။
ဘယ်လောက်ဝေးဝေး၊
စိတ်လိုလက်ရညနေခင်းတိုင်း ညီမလေးရှိတယ်။

မပုတ်သိုးသေးတဲ့ အကိုတို့ရဲ့ ရွက်လွှင့်ခန်းမှာ
ညီမလေးဟာ အခရာ။

ဒီနေရာက ညီမလေးသော်တာသစ်မှူးသို့

5/23/09

“မြစမ်းမျက်ရည်”



ကိုယ့်နေရာသာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊
မည်မျှ တင့်လည်း
မပွင့် နေခြည်၊
အုံ့မှိုင်းသည်သို့မကြည်မွေ့ချေ
သူ့ရပ်မြေတည့်။

သူတို့ စကား၊
သူတို့ကြား၌ပျားသို့ မချို၊
မှိုသို့ မလန်း၊
ပန်းသို့ မရွှင်ကိုယ့်မိခင်ကို၊
တမြင်မြင်တမ်း၊
အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊
ရေကြည်မြကိုသောက်ရပေဖူး၊
သူ့ကျေးဇူးကိုအထူးသိလည်း၊
ဇာတိလွမ်းနာ၊
မဖြေသာခဲ့။

သူ့မြေမှာမူသာယာဘိခြင်း၊
သင်းပါဘိတောင်းကောင်းပါဘိတကား၊
အသိသားပင်တရားလက်ကိုင်၊
ဆင်ခြင်နိုင်လည်းမခိုင်စိတ်ဝမ်း
နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။

ဆရာကြီးဦးတင်မိုး
(၁၁၊ ၅၊ ၂၀၀၁)

5/7/09

တိတ်တခိုး (သုံး)

နှစ်ပေါင်းများစွာကွဲအက်နေခဲ့
အသစ်တစ်ဖန်
နိုးထရန် ပြင်...ဆင်...ဆဲ
ဝေခွဲမရတဲ့ သွေးစက်တွေထဲ
မင်းရဲ့ အကြည့်ရဲရဲတွေရှိတယ်။
လိဒ်စာကဒ်လေးရှိတယ်
စာမျက်နှာပေါ်က ဓာတ်ပုံလေးရှိတယ်
နှစ်သစ်ကူးပို့စ်ကတ်တစ်စောင်ကတော့
မင်းရဲ့ အမှိုက်ပုံးထဲမှာ အားငယ်နေမပေါ့။
ငါကျက်မှတ်ထားတဲ့ ကဗျာတစ်ပုဒ်လို
ငါ့ဘ၀ထဲဖြတ်သန်းဝင်လာတဲ့ ဧကရီမ၊

သိပ်မသိဘူး
မင်းရဲ့ ဘိုင်အိုဂရဖ်ဖီနဲ့ လူနေမှုပုံစံအကြောင်း

မသိဘူး
မင်းပခုံးထက်က လက်ကြမ်းကြီးအကြောင်း

မသိချင်ဘူး
မင်းရဲ့ ဘယ်နှကြိမ်။ ဘယ်နှယောက်မြောက်အကြောင်း

ငါအရက်သောက်တာ မင်းကြောင့်မဟုတ်ဘူး
ဆေးလိပ်တစ်ဘူးဝယ်ဖြစ်တာ မင်းကြောင့်မဟုတ်ဘူး
အင်းလျားကန်မှာ သွားထိုင်ဖြစ်တာ မင်းကြောင့်မဟုတ်ဘူး
သေချာရဲ့။

အချစ်ဆိုတာ ငါ့အတွက်တော့
ပိန်ပိန်ပါးပါး နားရွက်ကားကားနဲ့
ချစ်စဖွယ်မိန်းမသားတစ်ဦးပေါ့
အတွေးချိုချိုတွေ အဆက်မပြတ်
မျိုချရသမျှ အိပ်မက်တွေထဲမှာ
မင်းက အဆင်ပြေဆုံးအနာဂတ်ပဲ။
မင်းဟာ ငါ့ရဲ့အောင်မြေ
မင်းဟာ ငါ့ရဲ့ တနင်္ဂနွေသတို့သမီး
မင်းရဲ့လက်တဖက်ကို လိုချင်တယ်
ငါ့ဘ၀တစ်ဝက်ကိုတော့ မင်းပြန်ယူပေါ့။
ငါ့နှလုံးသားက ချိန်ကိုက်ဗုံးဆိုရင်
မင်းနဲ့တွေ့မှ ဖောက်ခွဲပစ်လိုက်မယ်
လက်မလျော့ဘူးဆိုတာ ငါ့ရဲ့ထုတ်ပြန်ချက်
ပူတစ်ရက်၊ အိုက်တစ်ရက် နွေခေါင်ခေါင်ညတွေမှာ
ယောင်းရမ်းပြီးလန်နိုးနေတာ
မင်း....ချစ်မလာသေးလို့ ထင်ပါရဲ့။
(ဥက္ကာကိုကို-သံတွဲ)

ဒီကဗျာလေးဟာ ကမ္ဘာ့ကဗျာနေ့အမှတ်တရထုတ်ဝေခဲ့တဲ့ ကဗျာဆရားများရဲ့ စကားကြီးသုံးခွန်းကဗျာ စာအုပ်ထဲ က တစ်ခွန်းပါဝင်တဲ့ ကဗျာလေးပါ။လက်ဆောင်ရခဲ့တဲစာအုပ်လေးထဲကပါ။ ဆရာဥက္ကာကိုကိုဟာ 7Day ဂျာ နယ်မှာ လက်ရှိစာပေ့တာဝန်ထမ်းနေတဲ့ ဆရာဖြစ်သလို၊ တစ်ဘက်ကလည်း ကဗျာတွေကို လစဉ်ထုတ်မဂ္ဂဇင်း တွေမှာ ရေးသားနေတဲ့သူဖြစ်ပါတယ်။

5/1/09

သံသရာဆုတောင်း

စိတ်ထားတွေ တူညီတုန်း၊ ရီရီပြုံးပျော်ရွှင်
စိတ်အလို မကျတော့၊ ပြတ်ကြပေါ့ သံယောဇဉ်
သူကြင်မှ ကိုယ်ကြင်၊ မခံချင်စိတ်ထဲ
မုန်းလိုက်မယ် သေသည်ထိ၊ ကြံမိသော်လည်း ၊

မုန်းမရ သူကသိ၊ ကြည့်ကြည့်ပြီး လှောင်ကာ
နေ့တိုင်းပင် နှိပ်စက်၊ ဘယ်ရက်မှ မသက်သာ
အမုန်းကို ရင်မှာ၊ အရှုံးကို ထိပ်မှာရွက်
မေတ္တာကို ရှာဖွေရင်း ၊ သေမင်း ခေါ်ခဲ့။

လူတိုင်းကို အရှုံးပေး။ အမုန်းကြွေး ကျေစေချင်
နောင်သံသရာ မုန်းမဖက် ၊ပြုံးလျက်နဲ့ ထားဝစဉ်
တွေ့သမျှခင်မင် ၊အကောင်းမြင် စိတ်ထား
သူ သူငါ ရင်အပြည့်၊ ရှိကြစေသား။ ။
မောင်မြတ်ဆု (ဖျာပုံ)

(လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ်လေးနှစ်နီးနားတစ်ဝိုက်က အလွတ်ရခဲ့တဲ့ ကဗျာလေးပါ။ ဘာကြောင့်မှန်းမသိဘူးဗျာ။ ကျွန်တော်အခုတလော သိပ်အဆင်မပြေဘူးဗျ။ ရွာမှာက မိုးမရွားဘူး၊ ၀မ်းရောဂါတွေက ဘာလိုလို ညာလိုလိုနဲ့ ဆိုတော့ဗျာ၊ နေပူမိမှာစိုးလို့ သင်္ကြန်ဥပုသ်တောင် မစောင့်လိုက်ဘူးဗျ။ ဒီကြားထဲ မောင်နေသစ်တို့ ချန်ထားရစ်ခဲ့တဲ့ စာကြည့်တိုက်ကလည်း တစ်ဘက်ဆိုတော့ စာဥကို ဂရုမစိုက်မိဘူးဗျာ။ ရေလောင်းချင်တာတောင် မလောင်းခဲ့ဘူး။ အခုတော့ သူမကလည်း စာမဥတော့ဘဲ စိတ်တွေပဲ ကောက်ကောက်ဥနေလို့ ။ဟီး ဟီး(ငိုတာမဟုတ်ဘူးဗျ၊ ရယ်သွမ်းသွေးတာ လောကကြီးကို) ဆိုတော့ဗျာ။ အခုကဗျာလေးကို ရွာက ငယ်ပေါင်းကြီးဘက် ကိုရင်မဲလုံးကို ရင်ဖွင့်ရင်း ဆုတောင်း ရွတ်ဆိုပြခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ်......................... နောက်နောင်ဘ၀တွေမှာ စာဥရေ. . . . .တို့တတွေ အကောင်းမြင်တဲ့အပြုသဘောဆောင်တဲ့ စိတ်လေးတွေနဲ့ တွေ့ဆုံကြပါစို့လား (ဟီး ဟီး -ဒီတခါ အတည်ငိုတာ)။

4/23/09

မှတ်တိုင်စောင့် (ကဗျာ)

နက်ဖန်ညဆို ကျွန်တော် နယ်ပယ်သစ်တစ်ခုဆီကို သွားရတော့မယ်။ မသွားခင် ထရန်စစ်အနေနဲ့ ၀င်ဖြစ်နားဖြစ်၊ဆရာသမားနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တွေ့ဆုံဖြစ်တဲ့ စင်္ကာပူမှာ ဒီနေ့ညနေ MRT စီးရင်း စကားကြီးသုံးခွန်း(သို့)နောက်ထပ်တစ်ခွန်းစီ ဆိုတဲ့ကဗျာစာအုပ်လေး တစ်အုပ်ဖတ်ဖြစ်ခဲ့တယ်။ အဲဒီကဗျာစာအုပ်လေးကို ကဗျာဆရာလင်းသဏ်ညီက ကျွန်တော့်ရဲ့ အမေရိကားခရီးစဉ် မစတင်မီမှာ အမှတ်တရလက်ဆောင်ပေးခဲ့တာပါ။ ထုံးစံအတိုင်း လေထန်ကုန်းမှာပေါ့။ ဒါပေမယ့် ခရီးအတွက် ပြင်ဆင်နေရတာနဲ့ အေးအေးဆေးဆေး မဖတ်ဖြစ်ခဲ့ဘူးဆိုတော့ စင်္ကာပူရောက်မှပဲ။ စင်္ကာပူတောင် MRTစီးဖြစ်မှပဲ မတ်တတ်ရပ်ရင်း ဖတ်ဖြစ်ခဲ့တယ်။ဆိုတော့ ကျွန်တော် အခုခရီးဟာ တန်းဖိုးကြီးခဲ့သလိုပဲ ကျွန်တော့်ရွာမှာ ထားခဲ့ရတဲ့ အရာတွေဟာလည်း သိပ်တန်ဖိုးကြီးလွန်းလှတယ်။ ကဗျာစာအုပ်လေး ဖတ်ရင်းနဲ့ လောလောလတ်လတ် ရင်ဘတ်မှာ လာရိုက်ခတ်တဲ့ ကဗျာလေးကို မျှဝေလိုက်ပါတယ်။ တစ်ခုထူးတာက ကျွန်တော်ဟာ ကဗျာထဲကလို မှတ်တိုင်မှာ မတ်တပ် ကျန်ရစ်ခဲ့တာမဟုတ်ဘဲ MRTပေါ်မှာ မတ်တပ်ရပ် ကျန်ခဲ့ရတဲ့ အဖြစ်လေးပါ။

မလွမ်းချင်ဘူးဆိုလည်း မလွမ်းပါနဲ့
အမြဲတမ်းပြုံးပြုံးနေတဲ့ မင်းရဲ့နှုတ်ခမ်းလွှာ
ငါ့အိပ်မက်တွေ ခြေချော်လွတ်ကျ
ငါဟာ အရူးတစ်ယောက်သာသာ။
မချစ်ဘူးဆိုလည်း မချစ်ပါနဲ့
အမြဲတမ်းပြောပြောနေတဲ့ မင်းရဲ့စကားသံတွေဟာ
ငါဟာ ဇောက်ထိုးမိုးမျှော် တွဲလောင်းကျ
အချစ်က အဆိပ်ရည်သာသာ။
ဒီလိုနဲ့


ငါက ငါ့ရဲ့အိပ်မက်ထဲမှာ မင်းကို ကိုးကွယ်လို့
မင်းက မင်းအိပ်မက်မှာ ငါ့ကို ကြက်ခြေခတ်တယ်။
ကောင်မလေးရယ်...
မိုးရွာတိုင်း ပျော်မြူးတတ်တဲ့ ငါတို့နှစ်ယောက်ရဲ့ အိပ်မက်တွေလည်း
တစ်စစီ ပျောက်ကွယ်သွားခဲ့
နှစ်ယောက်သား ငြိတွယ်ခဲ့တဲ့ သံယောဇဉ်လေး
အဝေးကို လွှင့်မပစ်ရက်ဘူး။
တကယ်ဆိုအတိတ်ဟာ ငါတို့ ပြန်ယူလို့ မရတဲ့ရတနာ
အချစ်ဟာ
အိပ်မက်ထဲမှာ ကြယ်စင်အစစ်တွေနဲ့ ကခုံလို့။
မင်းက မင်းရဲ့နေရာဟောင်းကို ပြန်ရတော့မယ်တဲ့
ဟုတ်မှာပါ
နောက်ဆုံး ငါတို့ခွဲခွါတဲ့အခါ
နှစ်ယောက်သား လက်ပြနှုတ်ဆက်ရင်း
မင်းက ဘတ်စ်ကားအိုအိုလေးထဲ ခိုဝင်ရင်း
ငါက မှတ်တိုင်ရှေ့မှာ မတ်တပ်ကြီး ရပ်ကျန်လို့။
(လမင်းသစ်)

4/15/09

လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်း (မြသန်းတင့်)

အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။ ဒီနေ့ ဖြူးမြို့ မိတ်ဆွေ များ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့် ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။ တချက်ကတော့ ဒီစာပေဆုဟာစာဖတ် သူများက ပေးတဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှု ဆောင်လူငယ်များဟာ သူတို့မြို့မှာ မလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။ သူများရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ကျင်းပရတာဟာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော် တာဝန်ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော်လည်း ငွေကုန်ကြေးကျများတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ရှိတယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။

အမှန်ကတော့ ကျွန်တော်ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့် နေရာဟာ ကျွန်တော့်နေရာ မဟုတ်ပါဘူး။ ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတက်တိုး၊ ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး ထင်လင်း၊ ဆရာကြီး တက္ကသိုလ်နေ၀င်းတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့သာလျှင် ဒီနေရာမှာ ရပ်ပြီး ပြောသင့်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့် ကျွန်တော့်ထက် ကြီးမြင့် တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ သူတို့ ရပ်ပြောရမယ့်နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာကြီးတွေဟာ အသက်ကလည်းကြီး၊ (အင်္ဂလိပ်တွေပြောလေ့ရှိသလို) "ရက်စက်သော တိတ်ဆိတ်မှု" ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီးဖြစ်တဲ့ ကျွန်တော်က "ရက်စက်သောဆူညံမှု"ကို ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်ရဲ့ "ရက်စက်သောဆူညံမှု" အတွက် ခွင့်လွှတ်ပါရန် တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခန်းအနားမှာ ဟောပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲဒါတွေကတော့......
(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေကို ဖတ်ကြမလဲ၊
(၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လို အကျိုးသက်ရောက်မှုကို ရစေသလဲ ဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လို သဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ကျွန်တော့်ခေါင်းထဲက၊ ကျွန်တော့်ဦးနှောက်ထဲက ထွက်လာတဲ့
အတွေးတွေ မဟုတ်ပါဘူး။ ဆရာသမား ပညာရှိနှစ်ဦးက ပြောခဲ့တဲ့
အဆိုအမိန့်များကို ကျွန်တော်မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေကို ကျွန်တော် သဘောကျ လွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး
မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေကို ပြောတာထက်
ပညာရှိများရဲ့ အဆိုအမိန့်က ပိုပြီး တန်ဘိုးရှိတဲ့အတွက် ဒီအချက်များကို
ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။
အဲဒီပညာရှိနှစ်ဦးကတော့ ၁၉ ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ
ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းဆရာ
ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတဦးကတော့ ၁၇ ရာစုနှစ်က ပေါ်ခဲ့တဲ့
တရုတ်စာဆို ကျန်းကျောက် ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့
အဆိုအမိန့်တွေကို ပေါင်းပြီး ကျွန်တော် ပြောသွားပါမယ်။

(၁) စာအုပ်ဆိုတာ ဘာလဲ။
ပညာရှိတယောက်၊ စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသား ထားတဲ့
စာပုဒ်ဟာ စာအုပ်တအုပ်ပါပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာ တွေ၊
ကရော်ကမယ်ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ၊ ပါကောင်းပါနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်က မှန်ကန်စွာဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့
အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲရှိတယ်။
တမျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခုနာရီပိုင်းသာ ခံတဲ့
စာအုပ်ဖြစ်တယ်။ နောက်တမျိုးက ရေရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်း
ခေတ်တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်း
ဖတ်ရမယ့်စာဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊
ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ့် စာတွေ မဟုတ်ပါဘူး။ မနက်ပိုင်း ဖတ်လိုက်ရင်
ကုန်သွားတာပဲ။ ခေတ်တိုင်ခံတဲ့စာ ဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို
လှုံ့ ဆော်ပေးတဲ့စာ ဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်း ပြောပါသေးတယ်။ အသံကို
ပွါးစေတဲ့စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို့ ပြောပါသေးတယ်။
အသံကို ပွါးစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တခါတည်း
မပြောနိုင်တဲ့အတွက်၊ တနေရာ တည်းမှာ ပြောလို့မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး
ပြောရတာ။ တိုင်း မဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ
တချိန်တည်း၊ တနေရာတည်းမှာ ပြောလို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအထဲမှာ
ပါတဲ့သတင်းတွေကို ပွါးပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို
ပွါးစေတဲ့စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။ အသံကို ထိမ်းသိမ်းပေးတယ်ဆိုတဲ့
စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ
မပျောက်ကွယ် သွားအောင် နောင်လာနောက်သားတွေ မှတ်နိုင်ဖတ်နိုင်အောင်
ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တနည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့
စာအုပ်နဲ့ စာရေးထားတဲ့စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့
စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လိုရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက
ဘယ်လိုရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာ
ဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလိုစာတွေကို ဘယ်လောက်ပဲ
လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ
တကယ့်စာအုပ် မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့
ရေးပြထားတဲ့၊ ဖတ်ပြီး သိရုံရေးထားတဲ့ အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင်
ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင်
နှစ်မျိုးပဲရှိတယ်။ တမျိုးက ရေတိုခံတဲ့ စာအုပ်နဲ့ နောက်တမျိုးက
ရေရှည်ခံတဲ့ စာအုပ်၊ တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာ
ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ
စာကောင်းချည်းပဲ။ ဒါပေမယ့် တမျိုးက ရေတိုအတွက်ဖတ်တာ။ သုတအတွက် ဖတ်တာ။
နောက်တမျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက်ဖတ်တာ၊ အဲဒါကို ပြောနေတာ။

(၂) စာကို ဘယ်လိုဖတ်ကြမလဲ။
စာဖတ်တဲ့ လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့ တူတယ်။ ကျွန်တော်အနေနဲ့
ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာ ရှိတဲ့ ရွှေတွေကို
ဘာဖြစ်လို့ တခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ
ပို့မပေးလိုက်သလဲ။ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစ သည်တစ ရှိနေရသလဲလို့
မချင့်မရဲ ဖြစ်ချင်စရာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ
မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ
အနက်ကြီး အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။
တခါတလေမှာ ဘာမှမရဘဲ အချည်းနှီး ဖြစ်ရတယ်။
သဘာဝကြီးဟာ ရွှေတွေကို မြေကြီးပတ်ကြားအက်တွေမှာ ဟိုတစ သည်တစ နည်းနည်းစီပဲ
သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး
ပင်ပန်းကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစကို ရချင်မှ ရတာ။
ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဥာဏ် ပညာတွေဟာလည်း ထိုနည်း လည်းကောင်းပဲ။
ဒီတော့ စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို
မေးခွန်းထုတ်ကြည့် ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတယောက်လို
လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကရိယာတွေ
ကောင်းရဲ့လား။ ကျန်းမာရေး ကောင်းရဲ့လား။ စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။
အဲဒီမေးခွန်းတွေ မေးဖို့ လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။ ခင်ဗျား
ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ စာရေးဆရာရဲ့
စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ
ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့
ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊
ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို
ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့
ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဥာဏ်၊
ကိုယ်ပိုင်အတွေးအခေါ် ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။ အဲဒီအခါမှာ
တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေ ဖြစ်ပြီး၊ အချို့သော ကျောက်ခဲတွေမှာ
ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ရွှေလေးတစကို လိုချင်ရင်
ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စာအုပ်တအုပ်ကို ဖတ်ပြီဆိုရင်
ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှုနဲ့၊
စိတ်အားထက်သန်မှုတို့၊ ကိုယ့်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေကို
ထုထောင်းခွဲချေပြီး ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးနဲ့
မီးပြင်းတိုက်ကျိုရလိမ့်မယ်။ စာအုပ်တအုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး၊
အဲဒီဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တလုံးချင်းရဲ့ အဓိပ္ပါယ်ကို တိတိကျကျ၊
သေသေချာချာ နားလည်ပြီဆိုရင် တစုံတခုသော အတိုင်းအတာအထိ
စာပေကျွမ်းကျင်သူတဦးလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီ
စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ တည်တယ်။
ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို
ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။
ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။

(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ။

ဒါကိုတော့ တရုတ်ပညာရှင် ကျန်းကျောက်က ဒီလိုပြောပါတယ်။ ရှေးဟောင်း
ဂန္ထ၀င်ကို ဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့
ဆောင်းတွင်းမှာ စိတ်ဟာ ပျံ့လွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။
သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင်၊ နွေရာသီမှာ
နေ့ဟာရှည်လျားပြီး အချိန်များများရလို့ ဖြစ်တယ်။ ဒဿနကို
ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောင်းဦးပေါက်ဟာ
နှစ်သက်စဖွယ် စိတ်ကူးတွေကို ပေါ်ပေါက်စေတယ်။ ခေတ်ပေါ်စာပေကို
နွေဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးဟာ
အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။ သေသေချာချာ စဉ်းစားကြည့်ရင်
ဒီအဆိုအမိန့်ဟာ တော်တော်မှတ်သားဖို့ ကောင်းပါတယ်။


(၄) စာပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ။
သူက လူငယ်အရွယ်မှာ စာဖတ်ရတာဟာ လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက
ချောင်းကြည့်ရတာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့အကြုံ မရင့်သန်သေးဘူး။
အတွေးအခေါ် မလေးနက်သေးဘူး။ ဒါကြောင့်မို့ ရိုးတိုးရိပ်တိတ်ပဲ
မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာဟာ လမင်းကို
အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို
မြင်နိုင်ပြီ။ လရောင်ဘယ်လောက်လင်းသလဲ။ ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ
ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့် ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတော့
လမင်းကို လသာဆောင် ၀ရန်တာပေါ်က တက်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်နောက်မှာ
အတွေ့အကြုံတွေ အများကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို
ခြုံငုံသုံးသပ်နိုင်ပြီ။
ခရီးသည်ကောင်းတယောက်ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။ သူ့အဖို့
စာအုပ်တွေနဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ၀ိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။
လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။ အလားတူပဲ စာဖတ်ကောင်းသူတယောက်ဟာလဲ
သွားလေရာရာမှာ စာအုပ်ကိုပဲ မြင်တယ်။ သူ့အဖို့ တောင်နဲ့ရေဟာ စာအုပ်ပဲ။
စစ်တုရင်ခုံနဲ့ ၀ိုင်အရက်ဟာလဲ စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ
စာအုပ်ပဲ။


(၅)
စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ။
စာအုပ်တအုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။
ဆရာသမားတွေရဲ့ အတွေးအခေါ်တွေထဲကို ၀င်ရောက်နိုင်အောင် ကြိုးစားရမယ်။
သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင်
ကြိုးစားရမယ်။
ဒါတွေတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့
ဟောပြောချက်ထဲက စာတပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က
နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့်မို့ ဖတ်ပြရတာ
ခွင့်လွှတ်ကြပါ။
ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။
အဲဒီတုန်းက အင်္ဂလန် နပိုလီယန် စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို
တိုက်နေချိန် ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန် ဖြစ်တယ်။
အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ
ဒုတိယစစ်ပွဲကို တိုက်ပြီးချိန် ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို
တိုက်နေချိန် ဖြစ်တယ်။ တနည်းပြောရရင် ဗြိတိသျှ အင်ပိုင်ယာကြီးကို
ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်း ဖြစ်ပါတယ်။
သူ့စကားကို ကျွန်တော် ကောက်နှုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။
နားထောင်ကြည့်ကြပါ။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က
မှားသလဲဆိုတာ မကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအ၀ယ်
ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲ တွေးပြီး
စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့
ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာဆင်းရဲသားတွေရဲ့
စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း
လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ တောင်တရုတ်ပင်လယ်တ၀ိုက်မှာ လက်နက်အပြည့်အစုံ
တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး
သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း
လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့
လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို
တောင်းနေတဲ့ ဓားပြအကြီးစားကြီးတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း
လက်ပိုက်ကြည့်မနေဘူး။
ကျွန်တော်တို့ တတွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့ အကြောင်းကို
ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ
ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ် ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ စာမဖတ်ချင်ဘဲ
ဖြစ်နေတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ
စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာ မဟုတ်ဘူး။
ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့
အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊
မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး။
လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊
အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာဂရုဏာကို
အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုးဟာ
ရေရှည် တည်တံ့နိုင်မှာ မဟုတ်ဘူး။
ကျွန်တော် ပြောခဲ့တဲ့ စကားတွေဟာ ရင့်သီးတယ်လို့များ ထင်ကြရင် သည်းခံ နားထောင် ကြပါ။
ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။

[၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ၀ိုင်အမ်စီအေခန်းမတွင် ကျင်းပသော
ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲ အခန်းအနားတွင်
ပြောသည့်စကား]
{မြသန်းတင့် ရဲ့ လမင်းကိုထရံပေါက်မှကြည့်ခြင်း စာအုပ် ၂၀၀၀ ခု၊
ပထမနှိပ်ခြင်း မှ ကူးယူဖော်ပြပါတယ်။}

1/14/09

နိဂုံးများရဲ့ အစ


အစ
ခရီးဝေးကွာ အချိန်ကြာညောင်း
မိုင်ပေါင်းကုဋေ သွားရပေလည်း
ခြေတစ်လှမ်းမှ စခဲ့ရ၏။

မြကန်သာမှာ ရေများစွာတို့
လျံကာပြည့်နှက် ကန်ကျော်တက်လည်း
မိုးရေစက်မှ စခဲ့ရ၏။

ပန်းဥယျာဉ်မှာ ပန်းစုံစွာတို့
ဝေဆာလှပ ဖူးပွင့်ကြလည်း
စိုက်းပျိုးခြင်းမှ စခဲ့ရ၏။

အတတ်ပညာ ဘွဲ့များစွာကို
ပိုင်လာခဲ့ရ တတ်ခဲ့ကြလည်း
ဗျည်းသရမှ စခဲ့ရ၏။

သူငယ်ချင်း......
လျှောက်မည့်ခရီး မနီးဝေးကွာ
မင်းမှာရှိစေ ငြီးမနေနဲ့။
တွေဝေငိုင်ပြီး မှိုင်တွေငြီးလည်း
ခရီးဝေးကွာ နီးမလာဘူး
စိတ်မှာသတိ လုံ့လရှိ၍
မင်း၏ခြေလှမ်း စပါတော့။။
(ဖေမိုးသော်)
ဧရာဝတီမဂ္ဂဇင်း

12/16/08

ွှ့The Dhamma Park & The Art

ပြကွက်

ပြယုဂ်

အနုပညာနဲ့ ဓမ္မကို ရောစပ်ဖော်ဆောင်နေတဲ့ မိခင်ကြီး

ပြကွက် (၁)

ပြကွက် (၂)



ပြကွက် (၃)

ပြကွက် (၄)


ပြကွက် (၅)

ပြကွက် (၆)

တစ်ခါတစ်လေမှာ လူတွေက ကိုယ့်အမြင် ကိုယ့် ယုံကြည်မှုတို့နဲ့ ဘ၀ကို ပုံဖော်နေကြပါတယ်။ တစ်ချို့က ကောင်းသော ပြယုဂ်၊ ကောင်းသော ပုံစံတွေနဲ့ လူ့ယဉ်ကျေးမှုတွေကို ဖန်တီးတတ်ကြတယ်။ အခု အရှင်တင်ပြလိုက်တဲ့ ပုံတွေကတော့ ဓမ္မပါခ် ဆိုတဲ့နာမည်နဲ့ ဘုရားအဆုံးအမတွေကို အခြေခံပြီး လူအဖွဲအစည်းအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဖောင်ဒေးရှင်းတစ်ခုက ပုံတွေပါ။ ဖောင်ဒေးရှင်းကို တည်ထောင်သူကတော့ အင်္ဂလန်လူမျိုး အဖွားတစ်ယောက်ပါ။ သူမမျက်နှာမှာ အရောင်တွေ မရှိ ပကတိညင်သာတဲ့ အပြုံးနဲ့ အရှင်တို့ကို လက်ခံစကားပြောခဲ့တယ်။ ပြီးတော့ သူမရဲ့ ဓမ္မနဲ့ အနုပညာကို ပူးတွဲခံစားထားတာတွေကိုလည်း ပါဖောမန်ခ် အနေနဲ့ နေရာတိုင်းမှာ တင်ဆက်ဖန်တီးထားသလို သဘာဝအတိုင်း လူသားတွေ နေတတ်အောင်လည်း သဘာဝအတိုင်းနေထိုင်တဲ့ တောအုပ် ဒါမှမဟုတ် ဥယျာဉ်လေးအဖြစ် တွေ့မြင်ခံစားခဲ့ရတယ်။ ကျေးဇူးတင်ပါတယ် အဖွားရေ။ ဘာသာအတွက် ကမ္ဘာမြေအတွက်

http://h1.ripway.com/twinpoe/favicon.ico