နက်ဖန်ညဆို ကျွန်တော် နယ်ပယ်သစ်တစ်ခုဆီကို သွားရတော့မယ်။ မသွားခင် ထရန်စစ်အနေနဲ့ ၀င်ဖြစ်နားဖြစ်၊ဆရာသမားနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တွေ့ဆုံဖြစ်တဲ့ စင်္ကာပူမှာ ဒီနေ့ညနေ MRT စီးရင်း စကားကြီးသုံးခွန်း(သို့)နောက်ထပ်တစ်ခွန်းစီ ဆိုတဲ့ကဗျာစာအုပ်လေး တစ်အုပ်ဖတ်ဖြစ်ခဲ့တယ်။ အဲဒီကဗျာစာအုပ်လေးကို ကဗျာဆရာလင်းသဏ်ညီက ကျွန်တော့်ရဲ့ အမေရိကားခရီးစဉ် မစတင်မီမှာ အမှတ်တရလက်ဆောင်ပေးခဲ့တာပါ။ ထုံးစံအတိုင်း လေထန်ကုန်းမှာပေါ့။ ဒါပေမယ့် ခရီးအတွက် ပြင်ဆင်နေရတာနဲ့ အေးအေးဆေးဆေး မဖတ်ဖြစ်ခဲ့ဘူးဆိုတော့ စင်္ကာပူရောက်မှပဲ။ စင်္ကာပူတောင် MRTစီးဖြစ်မှပဲ မတ်တတ်ရပ်ရင်း ဖတ်ဖြစ်ခဲ့တယ်။ဆိုတော့ ကျွန်တော် အခုခရီးဟာ တန်းဖိုးကြီးခဲ့သလိုပဲ ကျွန်တော့်ရွာမှာ ထားခဲ့ရတဲ့ အရာတွေဟာလည်း သိပ်တန်ဖိုးကြီးလွန်းလှတယ်။ ကဗျာစာအုပ်လေး ဖတ်ရင်းနဲ့ လောလောလတ်လတ် ရင်ဘတ်မှာ လာရိုက်ခတ်တဲ့ ကဗျာလေးကို မျှဝေလိုက်ပါတယ်။ တစ်ခုထူးတာက ကျွန်တော်ဟာ ကဗျာထဲကလို မှတ်တိုင်မှာ မတ်တပ် ကျန်ရစ်ခဲ့တာမဟုတ်ဘဲ MRTပေါ်မှာ မတ်တပ်ရပ် ကျန်ခဲ့ရတဲ့ အဖြစ်လေးပါ။
မလွမ်းချင်ဘူးဆိုလည်း မလွမ်းပါနဲ့
အမြဲတမ်းပြုံးပြုံးနေတဲ့ မင်းရဲ့နှုတ်ခမ်းလွှာ
ငါ့အိပ်မက်တွေ ခြေချော်လွတ်ကျ
ငါဟာ အရူးတစ်ယောက်သာသာ။
မချစ်ဘူးဆိုလည်း မချစ်ပါနဲ့
အမြဲတမ်းပြောပြောနေတဲ့ မင်းရဲ့စကားသံတွေဟာ
ငါဟာ ဇောက်ထိုးမိုးမျှော် တွဲလောင်းကျ
အချစ်က အဆိပ်ရည်သာသာ။
ဒီလိုနဲ့
ငါက ငါ့ရဲ့အိပ်မက်ထဲမှာ မင်းကို ကိုးကွယ်လို့
မင်းက မင်းအိပ်မက်မှာ ငါ့ကို ကြက်ခြေခတ်တယ်။
ကောင်မလေးရယ်...
မိုးရွာတိုင်း ပျော်မြူးတတ်တဲ့ ငါတို့နှစ်ယောက်ရဲ့ အိပ်မက်တွေလည်း
တစ်စစီ ပျောက်ကွယ်သွားခဲ့
နှစ်ယောက်သား ငြိတွယ်ခဲ့တဲ့ သံယောဇဉ်လေး
အဝေးကို လွှင့်မပစ်ရက်ဘူး။
တကယ်ဆိုအတိတ်ဟာ ငါတို့ ပြန်ယူလို့ မရတဲ့ရတနာ
အချစ်ဟာ
အိပ်မက်ထဲမှာ ကြယ်စင်အစစ်တွေနဲ့ ကခုံလို့။
မင်းက မင်းရဲ့နေရာဟောင်းကို ပြန်ရတော့မယ်တဲ့
ဟုတ်မှာပါ
နောက်ဆုံး ငါတို့ခွဲခွါတဲ့အခါ
နှစ်ယောက်သား လက်ပြနှုတ်ဆက်ရင်း
မင်းက ဘတ်စ်ကားအိုအိုလေးထဲ ခိုဝင်ရင်း
ငါက မှတ်တိုင်ရှေ့မှာ မတ်တပ်ကြီး ရပ်ကျန်လို့။
(လမင်းသစ်)
2 comments:
တကယ်ဆိုအတိတ်ဟာ ငါတို့ ပြန်ယူလို့ မရတဲ့ရတနာ... ကဗျာတစ်ပုဒ်လုံး ကိုခံစားသွားပါတယ် ရှင်
တကယ်ဆိုအတိတ်ဟာ ငါတို့ ပြန်ယူလို့ မရတဲ့ရတနာ... ကဗျာတစ်ပုဒ်လုံး ကိုခံစားသွားပါတယ် ရှင်
Post a Comment