ကလေးတွေ
ဆော့ကစားနေတာမြင်တိုင်း လွမ်းမိတယ်။
ဖိုးဇံနဲ့ ပီတိ
ကဗျာဆရာတစ်ယောက် မွေးဖွားဖို့
လူမသိ သူမသိ စတေးခံခဲ့ရတဲ့ သားကောင်တွေ။
စိတ်ကူးယဉ် ကမ္ဘာထဲမှာ
မင်းတို့နဲ့အတူဆော့မယ်
အင်္ဂလိပ်စကားပြော သင်ပေးမယ်
ရောင်စုံအရုပ်တွေ ပန်းချီဆွဲပြမယ်။
စဉ်းစားတတ်တဲ့ အရွယ်ဆို
လူတွေအကြောင်း
ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာအကြောင်း
လူ့ဘဝဟာ တဝီဝီ
အော်မြည်နေတဲ့ စက်ယန္တရားကြီးဖြစ်တဲ့အကြောင်း
ပြောပြမယ်။
အခုတော့ တစ်မြို့ဆီဝေးကွာလို့
မင်းတို့လည်း အဖေမရှိတဲ့ကစားကွင်းထဲမှာ
ငါလည်း အဝေးစစ်မြေပြင်မှာ
ဒဏ်ရာကိုယ်စီ။
ငါဟာ
မင်းတို့အနာဂတ်ကို မျက်နှာလွှဲလို့
ယောကျာ်းမာနကို အနုပညာနဲ့ မောင်းနှင်သူ
နတ္ထိဝါဒီပါ
အယူခံဝင်စရာ မရှိပါဘူး။
လူဆိုတာ
ကိုယ့်အတ္တကိုယ် တည်ဆောက်နေကြတဲ့
ဗိသုကာတွေ
လူတစ်ယောက်ရဲ့ အမှန်တရားဆိုတာ
အခြားတစ်ယောက်အမြင်
အမှားဖြစ်နေနိုင်တဲ့ ဒဿန
ဥာဏ်ပညာရှိသူ
မင်းတို့မေမေ ဆုံးမစကားပြောရဲ့လား။
ငါဟာ
မင်းတို့ မသိနိုင်တဲ့ အဓိပ္ပါယ်တွေနဲ့
ကဗျာဆရာ
ဒီမှာ အိပ်ရာဝင်ပုံပြင် နားထောင်ကြမလား
မင်းတို့ရွတ်ဖို့
ကလေးကဗျာတွေလည်း ရေးထားတယ်။
သားတို့ရေ . . .
သူငယ်ချင်းတွေနဲ့ ဆော့ရင်း ပျော်ရွှင်မှုကိုရှာ
ကျောင်းစာတွေသင်ရင်း လူ့ဘဝကိုသင်ယူပါ
သတိရရင် ဖုန်းဆက်ပါ
စာရေးတတ်ရင် စာတစ်စောင်လောက်ရေးလိုက်ပါ။
သားအဖဖြစ်ဟာ ပြတ်တောက်လို့
လူ့ဘ၀၀င်္ကပါ
သံသရာဇာတ်လမ်းရှည်
တစ်နေ့နေ့ပြန်ဆုံနိုင်ကြဦးမှာလား။
လောကမှာ ဘာမှမရေရာ
ငါ့မှာ မင်းတို့ငယ်နာမည်တွေ ရေရွတ်လို့
ဟိုးအဝေးမှာ
လေထဲ စက္ကူစွန်လေးတွေ ဝဲပျံလို့
အဖေဆိုတာ
မိသားစုဆီ ပြန်မလာဖြစ်တော့တဲ့ ငှက်တစ်ကောင်သာ။
အောင်ရင်ငြိမ်း
ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး စတွေ့တုန်းက သူနဲ့ ကျွန်တော် တစ်ရာသီစာ ရန်ကုန်မိုးနဲ့ အတူ အိပ်မက်တွေလွင့်ပြယ်သွားပြီးတဲ့ ဒီကဗျာလေးကို အယောင်ခံပြီး “မိုးခိုငှက်ကလေးဖတ်ဖို့ကဗျာ”လို့ ရေးပေးခဲ့ဖူးတယ်။ အခုတော့လည်း မိုးရာသီတွေကို မုန်းတတ်လာတယ်ဗျာ။
No comments:
Post a Comment