သူ အခုတလော ပြည်ပရောက်မှ မြန်မာစာပေကို (အထူးသဖြင့် ကဗျာနှင့် ၀တ္ထုများကို) ဆာလောင်နေသည်။ ပြီးတော့ လိုအပ်တာက အင်္ဂလိပ်စာ၊ ဖတ်ချင်စိတ်ဖြစ်နေတာက မြန်မာစာပေ။ ရန်ကုန်တုန်းက သည်လိုလည်း အေးအေးဆေးဆေးမနေခဲ့ရ။ လွယ်အိပ်တစ် လုံးနှင့် လှည်းတန်း မြေနီကုန်း၊လေထန်ကုန်းသို့ ဥဒဟို သွားလာကျင်လည်ခဲ့ရသည်။ နေစရာ မရှိသည့် နှစ်နှစ်မှာ သူငယ်ချင်းများကို ရှေ့မျက်နှာနောက်ထားပြီး နှိပ်စက်ခဲ့ရသည်။ ယခု တော့….။ ယခုလည်း သူငယ်ချင်းကိုပဲ နှိပ်စက်နေဆဲပင်ဖြစ်သည်။ ထားတော့။ အဲဒါတွေ…
မာယာဘုံဆိုသည့် ဆရာမြသန်းတင့်ရဲ့ ၀တ္ထုကြီးကို စ ကောက်ကိုင်လိုက်တော့ လက် က မချဖြစ်တော့။ စာမျက်နှာ (၄၈၈)မျက်နှာထူပြီး အေဖိုးဆိုဒ်စားအုပ်ကြီးကို လက်ကမချနိုင်။ အရေးကြီးအလုပ်တွေ ရှိတာတောင် ပစ်ထားခဲ့ပြီး တစ်နေ့တည်း ပြီးအောင်ဖတ်ပစ်ခဲ့သည်။ မုံရွာအနီးတစ်ဝိုက်၊ ယမားချောင်းကို အခြေခံထားသည့် ထိုဝတ္ထုကြီး၏ သင်္ခန်းစာသည် များပြားပါဘိ။ ယမားချောင်း အကြောင်းမသိသော ကားသမားသည် ယမားချောင်းတွင် နစ်မြုပ်သွားနိုင်သလို လူ့ဘ၀အကြောင်းကို မသိသော ဘ၀သမားများသည်လည်း လူ့ဘ၀တွင် နစ်မြောပျက်စီးသွားနိုင်သည်။
ပြီးတော့ မှောင်ခိုအလုပ်၊ ဥပဒေနှင့်မလွတ်သော အလုပ် လုံးဝမလုပ်ဟု ကြွေးကျော်ပြီး ထမင်းမငတ်ပြီးရောစိတ်ဓာတ်ဖြင့် နေခဲ့သည့် ဇာတ်လိုက် ကိုမြင့်ကကော… ပြီးတော့ ကိုယ်က သူများမျက်ခုန်းပေါ် မလျှောက်ရင် သူများကို ကိုယ့်မျက်ခုန်းပေါ် လျှောက်သွားမှာပဲဆိုတဲ့ အဘိဓမ္မာနှင့် ဖြူစင်ရာက ညစ်ထေးသွားသည့် လက်တွေ့ကျကျ အဘိဓမ္မာပိုင်ရှင်အေးမ၊ မဟုတ်တာလုပ်ပြီးတော့ ချမ်းသားကြွယ်ဝ၊ အမတ်နေရာရဖို့ သူများကို သတ်ပစ်သည်ထိ ရက်စက်ယုတ်မာခဲ့ပေမယ့် ငွေကြေးရှိတော့ ဘုရားဒကာ၊ ကျောင်းဒကာလုပ်နေသည့် ဘူဇွာ လူတန်းစားများ။ နောက်ဆုံးတော့ “ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကို အိမ်ပြန် ပို့ကြပါတော့”ဆိုတဲ့ ဆရာဦးတင်မိုးရဲ့ ကဗျာလို သက်ဆိုးရှည်လူကြီးမင်းများလည်း ကျဆုံးသွား ရပုံတွေက ဘ၀မာယာကို ထိထိမိမိ ဖော်ကျူးမိသည်။
ဆရာက မာယာဘုံကို ဖော်ကျူးတဲ့နေရာမှာ ယမားချောင်းနှင့်စပြီး ယမားချောင်းနှင့် အဆုံးသတ်ထားသည်။ ပထမစဖော်ကျူးတော့ ယမားချောင်းရေကျချိန်မှာ ချောင်းလည် ရောက်နေသည့် ခရီးသည်တင်ကားတစ်စီး။ ကားသမားက ရှေ့ဆက်မောင်း သင့်၊မသင့် မပြတ်မသား ရှိနေချိန်၊ ကိုမြင့်ဆိုသောကောင်လေးက ဒရိုင်ဘာကို ခွင့်တောင်းပြီး ပြတ်ပြတ် သားသား ၀င်မောင်းပြီး ကူးခတ်လိုက်သည်။ သူ ၀င်မမောင်းလျင် ကားက ချောင်းထဲပါ သွားဖို့ပဲရှိတော့သည်။ ချောင်းလယ်ရောက်မှ ရှေ့တိုးနောက်ဆုတ်လုပ်ဖို့ အချိန်မရှိတော့။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်လုပ်ဖို့က အချိန်နှင့်အမျှ အရေးပါနေသည်။ သည်တော့ ယမားချောင်းတွင်ပဲလား။ ဘ၀မှာလည်း မလိုအပ်ဘူးလား။ အတွေးက ၀င်လာမိသည်။
မာယာဘုံကို အဆုံးသတ်တော့ အေးမနှင့် မကောင်းမှုလုပ်ကြီးပွားနေသည့် နေလင်းအောင်တို့နှစ်ယောက် ယမားချောင်းကို ဂျစ်ကားနှင့် ဖြတ်ကူးသည်။ နေလင်းအောင်က ယမားချောင်းအကြောင်းကို မသိ၊သည်တော့ ရှေ့ဆက်သွားသင့်မသင့် ချိန်နေသည်နှင့် အချိန် ကြာလာသည်။ ထိုစဉ်ချောင်းရေက သူတို့ကားကို ၀ါးမြိုသွားသည်။ နှစ်ယောက်လုံး နေရာတွင် ရေနစ်သေဆုံးသွားသည်။ ဒီလိုပဲ၊ကျွန်တော်တို့ဘ၀မှာ မပိုင်နိုင်သော ဆုံးဖြတ်ချက်များ ကြောင့် သေဆုံးခဲ့ရသည့်၊ ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးတွေကလည်း မနည်းတော့ဟုထင် သည်။
အခုတလော ပြောနေကြသည့် စကားတွေရှိပါသည်။ အများသူငါအပေါ် မိုက်မိုက် ရိုင်းရိုင်း ပြောဆိုပြုလုပ်နေကြပေမယ့် ဘာမှမဖြစ်ကြပါလားတဲ့။ ဟုတ်ပါသည်။ ဘာမှမဖြစ် ကြပါ။ တံငါအလုပ်ဖြင့် ကြီးပွားနေသူများ၊ လူဦးရေ သန်းငါးဆယ်ကျော်ကို အကျဉ်းချထား ပေမယ့် မိသာစု တစ်ကွက်စာ ၀ိုက်ပြီး ကြီးပွားနေတာတွေ ရှိပါသည်။ လောက၏မာယာသည် အလှည့်ဆိုတာရှိပါသည်။ မည်သည့်ယတြာ၊ မည်သည့်အခါတော်ကမျှ မာယာဘုံ၏ ကျော့ ကွင်းမှ လွတ်နိုင်လိမ့်မည်မဟုတ်ပါ။ အားလုံးသည် မာယာဘုံမှ လူသားများသာ ဖြစ်ပါသည်။
အင်း သူးများကို ပြောနေ၊ကိုယ်လည်း ကိုယ့်အခြေနေကို အမြန်သိအောင်လုပ်မှ၊ အချိန်ဆွဲပြီး၊ တုံးနှေးနှေး လုပ်နေ၍ မဖြစ်။
အော်…မာယာဘုံက မလွတ်သေးတဲ့ အဖြစ်များ ပြောပါတယ်………..။
2 comments:
အော်…မာယာဘုံက မလွတ်သေး ကြပါဘူးလေ
ခင်မင်လျက်
စာတွေလာဖတ်ပါတယ်
ပျော်ရွှင်ပါစေ
Post a Comment