သူငယ်ချင်းတစ်ယောက်နှင့်အတူ Mall of America ကို အလည်သွားဖြစ်ကြသည်။ လမ်းခုလတ်ရောက်တော့ အခြားတစ်ယောက် လိုက်လိုသဖြင့် သူ့ကိုပါ ၀င်ခေါ်ဖြစ်ကြသည်။ မောလ်ကိုရောက်သောအခါ ဘာရယ်မဟုတ် ကလေးတွေ ကစားသလို ကိုယ်လည်း ၀င်ကစားချင်မိသော စိတ်က တားမရဖြစ်သွားသည်။ သည်တော့ ဘာရမလဲ၊ ကလေးတစ်ယောက်လို အပူပင်ကင်းစွာ ဆော့ကစားပစ်လိုက်သည်။ သူငယ်ချင်းက တော်တော်ပျော်နေလားတဲ့။ သိပ်ပျော်တာပေါ့ကွာလို့ ပြောရင်း အပူအပင်ကင်းတဲ့ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ် ဆိုသည့် ကိုထီးရဲ့ သီချင်းကို အော်ဟစ်ပစ်လိုက်သည်။
"တော်တော်ပျော်ဖို့ကောင်းတယ်ကွာ"
"ပျော်မှာပေါ့၊ မင်းမှ ဒီလို အပူပင်ကင်းတဲ့ ကလေးဘ၀ကို မဖြတ်သန်းခဲ့ရတာ"
သူငယ်ချင်းရဲ့ စကားကိုကြားတော့ သူ့ဘ၀တစ်လျှောက်လုံးကို ပြန်လည် ဆန်းစစ်နေမိလိုက်သည်။ ဟုတ်သည်။ သူမပျော်ဖြစ်ခဲ့သော၊ မပျော်ခဲ့ရသော၊ ပျော်ခွင့်မရခဲ့သော၊ အချိန်ကာလလေးတွေကို တခုတ်တရ ဖြစ်နေမိသည်။ ကြာတော့လည်း သောကနှင့် နေသား အကျကြီး ကျသွားခဲ့သည်။ တချို့ကတော့ သူ့ကို ပြောကြပါလိမ့်မည်။ လူဆိုတာ သူများခြံထဲ ရှိတဲ့ မျက်ကိုမှ စိမ်းတယ်ထင်တာကွလို့ ပြောပြီး ကရုဏာဒေါသောဖြင့် ရေရွတ်ကြပါလိမ့်မည်။ တကယ်ပဲ ကိုယ့်ခြံထဲ ရှိတဲ့ မျက်ကို မစိမ်းဘူးလို့ သူထင်တတ်နေပြီလား။ အတွေးများဖြင့် ရှုပ်ထွေးလာသောအခါ တစ်ခါက ပုလင်းခွံများကို သတိရနေမိသည်။ ပြီးတော့ ညီမလေးရေလို့ အော်ဟစ်ပစ်လိုက်ချင်သည်။
"မြန်မြန်ဟေ့၊ ငါတို့ Mall of America ကနေ အပြန်ဝင်စရာ ရှိသေးတယ်၊ "
"ဘယ်တုန်း"
"အိမ်ကို"
"....မှပဲ၊ ဒီက အဟုတ်ထင်လို့"
သူငယ်ချင်းများနှင့် အတူ Mall of America က ပြန်လာသောအခါ အမေရိကားကို ရှာဖွေတွေ့ရှိခဲ့သူဟု သတ်မှတ်ထားကြသည့် ကိုလံဘတ်အကြောင်းကို တွေးမိသွားသည်။ တစ်ဆက်ထည်း ဆိုသလို ကိုလံဘတ်ကြက်ဥထောင်ပြသည့် အကြောင်းကို သတိရမိလိုက်သည်။
တစ်ခါတော့ ကိုလံဘတ်စ်ကို ဂုဏ်ပြုပါတီပွဲ လုပ်ကြသည်၊။ ပါတီပွဲ လာသည့် မိတ်ဆွေအချို့က ကိုလံဘတ်စ် အမေရိကကို ရှာတွေ့တာ ပထမဆုံးမဟုတ်ပါဘူးကွာ၊ အခြားလူတွေ တွေ့ပီးသားကိစ္စကြီး ....ဘာညာဖြင့် ပြောဆိုဝေဖန်ကြသည်ဟူ၏။ ထိုစကားကို ကြားလိုက်သော ကိုလံဘတ်စ်က ကြက်ဥတစ်လုံးကို ဖင်ကနေ ထောင်ပြရန် ပြောဆိုလိုက်သည်။ ခုနက ဝေဖန်နေကြသော သူများက မည်သူမှ မထောင်တတ်ကြ၊ ထောင်မပြနိုင်ဖြစ်နေကြသည်။ သည်အခါ ကိုလံဘတ်စ်က သူထောင်ပြမည် ပြောပြီး ကြက်ဥကို ဖင်ဘက်ကနေ ခွပ်ခနဲ့ ခပ်မာမာ ထောင်ချပြလိုက်သည်။ အဲဒီအခါကျမှ ခုနက ဝေဖန်ရေးသမားတွေက " ဟ ဒီလိုဆို ငါတို့လည်း ထောင်တတ်တယ်က" ဆိုတော့ ကိုလံဘတ်စ်က " ထောင်နိုင်ရင် ခုနကပဲ ထောင်ပြပါလား၊ အခုမှ ပြောမနေနဲ့" ပြန်ပြောသည်တဲ့။ သူ အမှတ် မမှားခဲ့ဘူးဆိုရင် ဒါ ကိုလံဘတ်စ် ကြက်ဥထောင်ပြသည့် ဖြစ်ရပ်။
ဆိုတော့၊ တစ်ခါတစ်ရံ လူတစ်ချို့က ကိုယ်တိုင် လုပ်ခွင့်ကြုံတုန်းကတော့ မလုပ်ပြတတ်ဘဲ သူများက ဒါပါလို့ နည်းလမ်းချပြသောအခါ ဒါလေးများ ငါလည်း လုပ်နိုင်တာပေါ့ဟု ပြောတတ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်အခါတုန်းကလည်း ဗိုလ်ချုပ်ခေါင်းဆောင်မှု၊ ပြည်သူတွေ လေးစားတန်ဖိုးထားမှုကို အချို့သူတို့ မနာလို ၀န်တို ဖြစ်ခဲ့ကြဖူးသည်။ အခုတောင် အချို့ ဖြစ်နေကြဦးမလား မသိပါ၊။
"ဟ ဘယ်လိုဖြစ်ရပြန်တာလဲ၊ ခုနက အကောင်းကြီးပါ၊ အခုတော့ ဘာတွေ တွေးနေမှန်းမသိတော့ပြန်ဘူး"
သူငယ်ချင်းက ပြောလိုက်တော့မှ သူ့ ကိုယ်သူပြန် သတိထားမိသွားသည်။ ဟုတ်သား။ အပူအပင်ကင်းတဲ့ ပျော်ရွှင်မှုကနေ ဘာကြောင့်များ အတွေးတွေ ၀င်လာပါလိမ့်။ သည်အတိုင်းဆိုလျှင်တော့ ကြာရင် သူမလွယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ ငါဟာ ဗိုလ်ချုပ်မဟုတ်သလို ကိုလံဘတ်စ်လည်း မဟုတ်ပါဘူး။
အော် ပြောရင်းဆိုရင်း စိတ်က ဘာဖြစ်သွားပြန်ပါလိမ့်။ ကိုလံဘတ်စ်ထောင်ပြတဲ့ ကြက်ဥနဲ့ စိတ်နဲ့က ကပ်ကို မကပ်ဘူး။ ဒါဆို.....
ဘာရယ်မဟုတ်ဘူး။ အခု သူ ဒီစာကို ရေးနေတဲ့စိတ်ကို အထက်ကလိုပဲ မတည်ငြိမ်လှဘူးလေ။"တော်တော်ပျော်ဖို့ကောင်းတယ်ကွာ"

1 comment:
ဒီအကြောင်း တတိယနှစ်တုန်းက ဖတ်စာအုပ်ထဲမှာသင်ရဖူးတယ်.. ဂျပန်မှာ “ကိုလံဘတ်စ်ရဲ့ ကြက်ဥ”ဆိုတဲ့ စကားပုံက ခေတ်စားတယ်တဲ့ ဟုတ်လည်း ဟုတ်တာပဲ... ကိုယ်ကအဖြစ်မရှိဘဲ သူများကို လိုက်ဝေဖန်တဲ့သူတွေအတွက်က ဒီစကားနဲ့ပဲတန်တယ်
Post a Comment