ဒါရိုက်တာကိုအောင်မင်းသိမ်း ကွယ်လွန်သွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ လွယ်အိတ်ကလေးထဲက ကဗျာတစ်ပုဒ်ကို ဇနီးဖြစ်သူက တွေ့ရှိခဲ့ပါတယ်။ နာမည်လေးက `နှုတ်ဆက်ခြင်း´ပါတဲ့။ သူဟာ သေမယ်ဆိုတာကို သိနေခဲ့သူ ဖြစ်ပြီး သေခြင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့ကြောင်း သိရပါတယ်။ သူဟာ လူချစ်လူခင်ပေါ များပြီး အမြဲတမ်းပြုံးရယ်နေတတ်သူဖြစ်တာကို သူ့ရဲ့ဓာတ်ပုံတွေတိုင်းမှာ တွေ့နိုင်ပါတယ်။ ကဗျာက-
`နှုတ်ဆက်ခြင်း´
မနက်ဘက် အိမ်လေးအထွက်မှာ
အိမ်သူကို နှုတ်ဆက်ခဲ့တယ် (သွားတော့မယ်)
ဘူတာမှာ ရထားဆိုက်
သူငယ်ချင်းကို ကတိုက်ကရိုက်
နှုတ်ဆက်ခဲ့တယ် (နောက်မှတွေ့မယ်)
အလုပ်စကားပြောအပြီး ငွေရှင်သူဌေးကြီးကို
သွားဖြီးပြီး နှုတ်ဆက်ခဲ့တယ် (ခွင့်ပြုပါဦး)
ဆေးရုံမှာ လူမမာသွားမေး
အားပေးပြီး နှုတ်ဆက်ခဲ့တယ် (လာခဲ့ဦးမယ်)
ဆုံနေကျ အရက်ဝိုင်းမှာ
တွေ့တာနဲ့ ၀ိုင်းနှုတ်ဆက်ကြတယ် (ဒကာတော်ကြီး ကြွပါ ကြွပါ)
ဆိုက်ကားပေါ်ကအဆင်း
နင်းပို့တဲ့လူကို နှုတ်ဆက်လိုက်တယ် (ကျေးဇူးပဲ)
မူးပြီး အိမ်ထဲဝင်
အိမ်သူကို နှုတ်ဆက်လိုက်တယ် (ကိုယ်ပြန်လာပြီ)
ညအိပ်မက်ထဲမှာ လူတကာကို လိုက်နှုတ်ဆက်မိတယ်။
`သွားတော့မယ်´
`ခွင့်ပြုပါဦး´
`ကျေးဇူးပဲနော်´
`လာခဲ့ဦးမယ်´
`ကိုယ် ပြန်လာပြီ´
`နောက်မှတွေ့မယ်´
`သွားလိုက်ပါဦးမယ်´
ဟုတ်ကဲ့… ဟုတ်ကဲ့… ဟုတ်ကဲ့။
ဒါရိုက်တာ ကိုအောင်မင်းသိန်း
ဆရာမကြီးဒေါ်ခင်စောတင့်ရေးတဲ့ စာမူတစ်ပုဒ်ထဲကပါ။ အီမေလ်းထဲကနေ ဆရာက ပို့လိုက်တာလေးကို သဘောကျလို့ တင်ပေးလိုက်တာပါ။ တကယ်တော့ ကျွန်တော်တို့တတွေ တစ်ယောက်ကို တစ်ယောက် နှုတ်မဆက်ဘဲ လမ်းခွဲသွားကြရတာတွေ အများကြီးပါ။ တချို့က အမုန်းနဲ့ လမ်းခွဲသွားကြတယ်။ တချို့က ချစ်တဲ့စိတ်နဲ့ လမ်းခွဲသွားကြရတယ်။ တချို့ ကရုဏာစိတ်နဲ့ လမ်းခွဲသွားကြရတယ်။ တချို့က ....တချို့က....
အဲဒီလိုနဲ့ ကျွန်တော်သိပ်ချစ်တဲ့သူတွေကို ကျွန်တော် ဘယ်လိုလမ်းခွဲသွားခဲ့ရမလဲ။ ဘယ်လိုနှုတ်ဆက်ခြင်းနဲ့ လမ်းခွဲခဲ့ကြရမလဲ မသိပါဘူး။ အခုတော့ လမ်းမခွဲခင် ပြန်လည် မဆုံနိုင်ကြခင် နှုတ်ဆက်တေးတွေ ဆိုဖို့ အကြောင်းတွေ မြင်နေရပြီလား။ ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ခဲ့ရမှာလည်း နာကျင်သလို ပြန်လည်တွေ့ဆုံကြမယ့်ရက်ဆိုတာလည်း နည်းနည်းလာနေပြီလေ။ နှုတ်မဆက်နဲ့ ငိုချင်တယ်ဆိုတဲ့ သီချင်းလေးဆိုးရင်း နှုတ်ဆက်တတ်လာပြီပေါ့ တစ်စုံတစ်ယောက်ရေ........။။။

1 comment:
နှုတ်ဆက်တယ်လို့ပြောရမှတောင်ကြောက်လာပြီ.... ဒီကဗျာလေးတော်တော်ကောင်းတာပဲ.. မျှဝေပေးတာ ကျေးဇူး. ဒါနဲ့ ကိုအောင်မင်းသိမ်းက သိမ်းက မသတ်နဲ့လားမသိ.. သူက နငယ်သတ်နဲ့ပေါင်းတာမကြိုက်ဘူးလို့ ဖတ်ဖူးသလားလို့
Post a Comment