*ကျွန်တော်တို့သည်....
ဂိုးတိုင်ထဲ ဂိုးဝင်အောင် ကန်သွင်းခွင့် ရှိသောသူများဖြစ်ကြပါသည်။
*ကျွန်တော်တို့သည်...
အနာဂတ်ကို လွယ်အိပ်ထဲ ထည့်ထားသောသူများဖြစ်ပါသည်။
*ကျွန်တော်တို့သည်...
အခြားနိုင်ငံတကာကလေးများကဲ့သို့ ကမ္ဘာကြီးကို လက်ထဲထည့် မကစားနိုင်သေးသည့်တိုင် လွယ်အိတ်ထဲမှ ထုတ်နိုင်ရန် ကြိုးစားမည့်သူများဖြစ်ပါသည်။
*ကျွန်တော်တို့သည်..
လူအများ၏ ရသာတဏှာအတွက် လ္ဘက်ခွက်ထဲမှာ အဖြည့်ဖျော်ခံဖြစ်ပေမဲ့ ဘ၀ရဲ့ မျှော်လင့်ချက်မဲ့မှုတွေကနေ ခုန်ထွက်နိုင်အောင် ကြိုးစားခွင့်ရှိသူတွေ ဖြစ်ပါသည်။
*ကျွန်တော်တို့သည်..
ကျောင်းအိုအိုမှာ ပညာသင်နေရလင့်ကစား လှပသည့် အနာဂတ်သမီးပျိုတွေကို ပွေ့ဖက်ခွင့်ရရန် ကြိုးစားနိုင်ခွင့် ရှိနေကြပါသေးသည်။
*ကျွန်တော်တို့သည်...
မတရားမှုများနှင့် ဘ၀ကို တက်သုတ်နှင်နေရလင့်ကစား အမှန်တရားအတွက် အမှားများစွာကိုလည်း လက်ခံနိုင်သူများဖြစ်အောင် ကြိုးစားနေကြပါသည်။
*ကျွန်တော်တို့သည်..
ဖတ်ကောင်းရုံရေးထားသော အစီရင်ခံစားများ၊လမ်းစဉ်များ၊ကြော်ငြာများနှင့် ကြီးထွားလာနေရသော်လည်း လက်တွေ့ကြပြီး အပြုသဘောဆောင်သည့် ခြေလှမ်းများဖြင့် ဘ၀ကို စတင်ရန် ပြင်ဆင်နေကြပါသည်။
*ကျွန်တော်တို့သည်..
ကျွန်တော်တို့ကလေးဘ၀၊ တွင်းပိုးသဘာဝကို ခင်တွယ်နေလင့်ကစား ဒစ္စနေလမ်းပေါ်က ယဉ်ကျေးမှုများကိုလည်း လေးစားတတ်အောင် လေ့လာနေပါသည်။
*ကျွန်တော်တို့သည်...
လူသိများသည့် ကြယ်များကိုသာ အားမကျဘဲ လူမသိသူမသိကြွေလွင့်ပေးဆပ်သွားသော ကြယ်များ၏ အလှတရားကိုလည်း ခံစားနိုင်စွမ်းရှိကြသူများဖြစ်ပါသည်။
*ကျွန်တော်တို့သည်..
သခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့၏ကဗျာများကိုသာ တရှိုက်မက်မက်ဖြစ်နေကြသူများ မဟုတ်ဘဲ အကယ်၍* (IF)၊ အာရှတိုက်ရဲ့ အလင်းရောင်*တို့ကိုလည်း တရှိုက်မက်မက် ဖတ်ရှုခံစားနိုင်သူများဖြစ်ကြပါသည်။
*ကျွန်တော်တို့သည်..
မိဘများနှင့် ယာထဲ နှစ်ပါးသွားနေရလင့်ကစား
ကမ္ဘာရွာကြီးထဲ ယာထွန်၊ကောက်စိုက်နိုင်အောင် စွမ်းဆောင်နိုင်ခွင့်ရှိသူများ ဖြစ်ကြပါသည်။
*ကျွန်တော်တို့သည်...
ရွာမြောက်တောကြီးကနေ ဟိုး အမေရိကားထိ ခြေဆန့်နိုင်သည့်သူများ ဖြစ်ကြပါသည်။
**ကျွန်တော်တို့သည်...
***ကျွန်တော်တို့သည်...

ဓာတ်ပုံပို့ပေးတဲ့ တွင်းပိုးတစ်ကောင်ဖြစ်သူ မောင်ရဲမင်းကို အထူးကျေးဇူးတင်ပါတယ်။
4 comments:
ကျွန်တော်တို့...လောကကောင်းကျိုးကို သယ်ပိုးနိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်နိုင်ကြပါစေရှင် ဘ၀လမ်းတလျောက်ငြိမ်းချမ်းမူတွေ ဆောင်ကျဉ်းပေးနိုင်သူတွေလဲ ဖြစ်ကြပါစေ..
ကမ္ဘာ့အနာဂတ်ကို ပိုင်ဆိုင်ထားသူတွေ ကမ္ဘာ့အနာဂတ်ကို အလှပဆုံးဖန်တီးပြီး နိုင်ငံနဲ့လူမျိုးအကျိုးတင်မက တစ်ကမ္ဘာလုံးအကျိုးကို သယ်ပိုးနိုင်သူများ ဖြစ်လာရင် ဘယ်လောက်ကောင်းလိုက်မလဲနော်
ကလေးဆိုပြီး အထင်သေးတတ်တဲ့ တချို့လူကြီးမျက်လုံးတွေကြားထဲမှာ မကြီးပြင်းရပါစေနဲ့လို့လည်း ဆုတောင်းပေးပါတယ်
အရမ်းကောင်းတဲ့စာစုလေးကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...။
ကျောင်းခန်းထဲက ပါးကွက်ကြားနဲ့ ကလေးလေးတွေပုံကိုမြင်ရတာ...ရင်ထဲမှာဘာဖြစ်သွားမှန်းတောင်မသိတော့ဘူးဗျာ...
ကျွန်တော်တို့သည် ဂိုးတိုင်ထဲ ဂိုးဝင်အောင် ကန်သွင်းခွင့်ရှိသောသူများ ဖြစ်ကြသည်။
ကျွန်တော်တို့သည် ရွာမြောက်တောကြီးကနေ ဟိုးအမေရိကထိ ခြေဆန့်နိုင်သူများ ဖြစ်ကြသည်။
Post a Comment