10/17/09

ကလောင်( Pen-Name)


ကျွန်တော်တို့ တတွေ စာကို အကြောင်းအမျိုးမျိုးကြောင့် ရေးကြပါတယ်။ တချို့က စာ မရေးရရင် မနေနိုင်လို့။ တချို့ငွေကြေးကြောင့် (မြန်မာနိုင်ငံက စာရေးဆရာစစ်စစ်များမပါပါ။) တချို့က နာမည်ကြီးချင်လို့၊ တချို့က ၀ါသနာပါလို့၊ တချို့က ခံစားချက်တွေကို နှုတ်နဲ့ မဖွင့်ဘဲ စာနဲ့ဖွင့်ချင်လို့။ ဘယ်လိုအကြောင်းပြချက်ကြီးတွေနဲ့ပဲ ရေးရေး စာရေးတာက ရေးတာပါပဲ။ တချို့က စာမျက်နှာပေါ်ရောက်မှ စာရေးသူလို့ ခံယူတာမျိုးလည်း ရှိတတ်ပါတယ်။ ရှင်မဟာသီလ၀ံသတို့ဟာ ဂျာနယ်ဘာညာစာမျက်နှာတွေပေါ် ရေးပြီး စာရေးဆရာဖြစ်ခဲ့ကြတာ တော့ မဟုတ်ပါဘူး။ အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အွန်လိုင်းစာမျက်နှာပေါ်မှာ ဘာအခငွေကြေးမှ မရဘဲ ကိုယ့်ဘာသာငွေကုန်ခံပြီး တကယ့်ဝါသနာရှင် စာရေးသူတွေလည်း အတော်များများတွေ့နေရတာပါပဲ။ တချို့ဆို တကယ့်အပြင်မှာ ရေးနေတဲ့ သူတွေထက်တောင် အရေးအသားတော်နေတာတွေ ရှိပါတယ်။

ဆိုတော့။ ဘာကြောင့်ပဲရေးရေး၊ ဘယ်နေရာမှာပဲ ရေးရေး၊ လူတိုင်း ရွေးရခက်တဲ့ ပြဿနာက ကလောင်လို့ ခေါ်တဲ့ Nick Name (နာမည်ဝှက်)ပါ။ တချို့က နာမည်လှချင်လို့ ကလောင်ရွေးတယ်။ တချို့က ကိုယ့်ရဲ့ ပကတိ ဘ၀နဲ့ ခွါချချင်လို့ ကလောင်ရွေးတယ်။ တချို့က စိတ်ကူးယဉ်ကဗျာဆန်ဆန်လေးတွေ၊ တချို့က မိဘရဲ့ နာမည် အညွန့်လေးတွေ၊ တချို့က ကိုယ့်ချစ်သူ (သို့) ကိုယ့်အပေါ်လွှမ်းမိုးသူတွေရဲ့ နာမည်အညွှန့်လေးတွေကို ယူမှည့်တတ်ကြတယ်လေ။ ဆိုကြပါစို့။ ဆရာကြီးပါရဂူဆိုရင် သူ ရဟန်းဘ၀က ပါရဂူဆိုတဲ့ဘွဲ့နဲ့ပဲ ကလောင်အမည်ယူတယ်။ တချို့ကျတော့ ကိုယ်ပြောချင်တဲ့ စာနဲ့ လိုက်ဖက်တဲ့ ကလောင်ကို သုံးတယ်။ တောင်မြို့ မဟာဂန္ဒာရုံ (တကယ်တော့ ဓ အောက်ခြို့က်နဲ့ ရေးရမှာပါ၊ အဲဒီတိုင်ပင်ရိုက်မရလို့) ဆရာတော်ကြီးဆိုရင် တောင်မြို့ဘုန်းကြီးလို့ တခါတလေ သုံးတယ်။ လူတွေအနေနဲ့ ရေးသင့်တဲ့စာကို ဘုန်းကြီးတွေ ရေးရင် အများစုက လူနာမည်ကလောင်သုံးတာ ရှိသလိုပဲ ဘုန်းကြီးတွေ ရေးသင့်တဲ့စာကို လူတွေ ရေးရင် ဘုန်းကြီးဆန်တဲ့ ကလောင်နာမည် သုံးတတ်ကြတယ်။

ဘုန်းကြီးဘွဲ့နဲ့ အချစ်အကြောင်းရေးဖို့ အဆင်မပြေသလို၊ ကလက်တဲ့လူနာမည်နဲ့လည်း တရားစာပေတွေ ရေးဖို့ မသင့်ဘူးမဟုတ်လား။ ဒါကြောင့် စာရေးတဲ့သူအများစုက ကလောင်ကို အမျိုးမျိုးကိုင်တတ်ကြပါတယ်။ ဒါကို တချို့က ကလောင်နဲ့လူ မကွဲဘဲ အမျိုးမျိုးအပုတ်ချတတ်ကြတယ်။ တစ်ခုတော့ ရှိပါတယ်။ ကလောင်သွား ထက်လွန်းအားကြီးပြီး မူရင်းနာမည်ပျောက်ပြီး ကလောင်နာမည်နဲ့ လူ တစ်သားတည်းနာမည်ကြီးပြီး တစ်ထပ်တည်းကြသွားတာလည်း မနည်းမနောရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စာရေးတဲ့သူတွေ ကလောင်နာမည် လှလှလေးနဲ့ပဲ ရေးရေး၊ တည်တည်ခန့်ခန့်နာမည်တွေနဲ့ပဲ ရေးရေး အရေးကြီးတာက စာဖတ်သူတွေဟာ ကလောင်နဲ့လူကို ကွဲဖို့တော့လိုပါတယ်။ ပြီးတော့ စာရေးသူရဲ့ စေတနာအားကို လေးစားမိဖို့ လိုပါတယ်။ အထူးသဖြင့် အခုလိုအင်တာနက်ခေတ်မှာ ဘာတစ်ပြားတစ်ချပ်မှ မရဘဲ ကိုယ့်ဘလော့လေးမှာ မှတ်သားစရာလေးတွေ၊ ဘာသာပြန်တွေ၊ ခံစားစရာ စာပေတွေ၊ သမိုင်းသုတတွေ၊သတင်းတွေ ရေးနေကြတဲ့သူတွေဟာ ကိုယ့်အိပ်ထဲက ငွေကို ဆိုက်ထုတ်ပြီး အွန်လိုင်းစာမျက်နှာပေါ်မှာ ရေးတင်နေကြတဲ့ စေတနာဟာ သိပ်လေးစားစရာကောင်းပါတယ်။

တက်ကျမ်းတွေရေးပြီး ချို့ချို့ငဲ့ငဲ့နေသွားရတဲ့ စာရေးဆရာကို အထင်သေးဖို့ မလိုသလို၊ အရေမရ အဖတ်မရစာတွေရေးပြီး ကြီးပွားနေတဲ့စာရေးဆရာတွေကိုလည်း အမြင်မလွဲသင့်ပါဘူး။ ကျွန်တော်ကြားဖူးတာ လေးရှိတယ်။ စာရေးဆရာတစ်ယောက်ရဲ့ စာပေကို လေးစားရင် အဲဒီစာရေးဆရာနဲ့ အပြင်မှာတွေ့အောင် မကြိုးစားပါနဲ့တဲ့။ ဘာကြောင့်လည်း ဆိုတော့ တချို့စာရေးဆရာတွေဟာ သူရေးတဲ့စာနဲ့ ပြောင်းပြန်ဖြစ်နေတတ် လို့ပါပဲ။ ဘာသာရေးဘက်က ကြည့်ရင်တော့ အဲဒီလိုဖြစ်နေတာဟာ မသင့်တင့်ပါဘူး။လူနဲ့မူ တစ်ထပ်တည်းကြ သင့်တာပေါ့။

ဘာပဲဖြစ်ဖြစ်၊ စာရေးဆရာဆိုသူတွေလည်း ကိုယ်လိုသူလို ပုထုဇဉ်တွေပါ။ နားလည်ပေးတတ်ဖို့ အရေးကြီး သလိုပဲ ကလောင်နဲ့လူကို ခွဲမြင်၊ခွဲဖတ်မှ ကျွန်တော်တို့ စာဖတ်သူတွေအတွက် ပိုအကျိုးများမယ်လို့ ထင်မြင်မိ ကြောင်းပါ။ ကျွန်တော့်အယူအဆကို လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့တတွေ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲလိုက်ကြရုံပါပဲဗျာ။

1 comment:

နေ့အိပ်မက် said...

ကောင်းလိုက်တဲ့စာ တချို့စာရေးဆရာတွေကျတော့လည်း စကားလုံးနဲ့ဖော်ပြလို့မရအောင် လေးစားဖို့ကောင်းသလို တချို့စာရေးဆရာကျပြန်တော့လည်း စာရေးဆရာလို့ထင်ရက်စရာမရှိအောင်ပဲနော်..

http://h1.ripway.com/twinpoe/favicon.ico