လူ့အဖြစ်ကို ရယူဖို့ ပင်လယ်တွေ တောင်တန်းတွေ အထပ်အထပ် ဖြတ်ကျော်ခဲ့ရတယ်။
လိမ္မော်သီးတွေ ၀ါဝါ၀င်းဝင်း လှလှပပ
ဒီလျှာမှာ မချိုနိုင်တော့ဘူး
ဒီမျက်စိမှာ ဆူးတွေ စူးနေပြီ ဆိုတဲ့အကြောင်း
ပြောရင်း ဒီအ၀တ်တွေ ယားယံလာတဲ့ အခါ
လူတစ်ယောက်ဖြစ်ဖို့ လူလို နေရပါလိမ့်မယ်
အလုပ် လုပ်ရင် ထမင်းဖိုးရနိုင်ပါတယ်
ထမင်းစားဖို့လူဖြစ်လာတယ်ဆိုရင် စိတ်မကောင်းစရာ ဇာတ်လမ်းတစ်ပုဒ်သာ
လူတွေရဲ့ ဈေးပွဲခင်းမှာ သီချင်းသံအပြင် ငိုသံတွေ ရယ်သံတွေ တလွင်လွင်
ဆဲဆိုနေတဲ့ လင်နဲ့ မယားတွေရဲ့  အသံကြောင့်ပေါ်လာတဲ့ ဗလံတွေအကြားမှာ
နင့်နားရွက်ကလေး ရေဆွတ်ထားနိုင်ရင် ပန်းကလေးတစ်ပွင့်လို လူ့အဖြစ်က အလှကြည့်ချင်စရာ
သူငယ်ချင်းနေသစ်မှူးပြောခဲ့သလို ``လူ့အဖြစ်က ဂုဏ်ယူစရာလား``
အပြောင်းအလဲတစ်ခု (သို့) အလုပ်သစ်တစ်ခုပြောင်းဖို့ အကြိမ်တစ်သန်း စိတ်လေရ
အမှားတစ်ခုလား အမှန်တစ်ခုလား မပြောရဲတဲ့အပြင်
ဟိုး...အဝေးမှာ ကျန်ရစ်ခဲ့တဲ့ အဖေရယ် အမေရယ် ညီမလေးရယ်
သွေးချင်းတွေရယ် သတိတရ စိတ်မကောင်းမိတာက အစ
ဆုံးဖြတ်ချက် ချလိုက်ချိန်အတွင်း မျက်ရည်စို့စို့ လည်နေမိပါတယ်။
ဒီနေ့မှာ ဒီလူရဲ့  ပြောင်းလဲမှုက မြွေရေခွံလဲသလောက်မလွယ်ကူပါဘူး
သိမ်မွေ့ တဲ့စိတ်တစ်ခုလုံးလုံး အခွံချွတ်ချခဲ့ရပါတယ်။
ကျေးဇူးကြီးမားတော်မူပါပေသော အို အရှင်
``အကျွန်ုပ်ကို လူတစ်ယောက်လို့သာ သိမှတ်တော်မူပါ``
ခင်များအတွက် မဆိုလိုပါဘူး ဒီနေ့ဟာ ဒီလူအတွက် အမှတ်ရစရာ။

(၂၀၁၀.၂. ၁၇ ....နေ့သို့ အမှတ်တရ ကဗျာ)
ဒီကဗျာလေးကို သူငယ်ချင်း သာရလင်းက ပေးပို့လိုက်တာပါ။ သူငယ်ချင်းသာရလင်းရဲ့ အင်တာနက်စာမျက်နှာ ဒီနေရာမှာလည်း သွားရောက်ဖတ်နိုင်ကြကြောင်းပါ။Type the rest of your post here.
1 comment:
လူတစ်ယောက်အဖြစ်သတ်မှတ်ပါတယ်ကဗျာဆရာ
မူလတန်းကျောင်းသားလေးရေ
Post a Comment