4/22/10

တစ်နှစ်စာ အလွမ်းများ


(၁)

တကယ်ဆိုမေ့ပစ်လိုက် နာကျင်ခြင်းတွေ မေ့ထားလိုက်၊ အမျှော်လင့်ဆုံးကလေးရေ....
ဟန်ထွန်းရဲ့ သီချင်းသံလေးက သူ့ရင်ဘတ်တစ်ခုလုံးကို ဆွဲဖြစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ အရင်တုန်းကဆို အားအားရှိတိုင်း သည်သီချင်းသံလေးကို အမြဲနားထောင်ဖြစ်သည်။ အခုတော့ အလုပ်က ဇိမ်ပြေနပြေထိုင်လုပ်ရသည့် အလုပ်မဟုတ်တော့ ကိုယ်လည်း တစ်နေ့တစ်ခေါက် ၊ ဒါမှမဟုတ် နှစ်ရက်သုံးရက်မှ တစ်ခါသာ နားထောင်ဖြစ်သည်။ သည်နေတော့.... ဟုတ်သည်၊ သည်နေ့။ ဧပြီ (၂၄)ရက်နေ့ရဲ့ မိုးဖွဲဖွဲညလေးတစ်ခုတွင် သည်သီချင်းကို ကောင်မလေးတစ်ယောက်ဆီမှ လက်ခံခဲ့ရသည်။ ပြီးတော့ သည်နေ့သည် ကိုရွှေအမေရိကားသို့ သွားရမည့်နေ့ဖြစ်သည်။ ဆိုတော့ အရင်ဇာတ်လမ်းသီချင်းလေးက သူ့ ကို အရင်ကဇာတ်လမ်းတွေကို မေ့ခိုင်းနေသည်။ သူ သည်တစ်နှစ်တာလုံးလုံး မေ့ထားနိုင်ခဲ့ပြီလား။ မေ့ရက်ခဲ့ပြီလား။ မေ့ဖို့ရော ကြိုးစားမိခဲ့ပြီလား။ သည်နေ့ညမှာပင် အဲဒီအရင်ကဇာတ်လမ်းလေးနှင့် အလွမ်းတွေ၊ သင်္ခန်းစာတွေကို ဥဏှောက်နှင့်ရော နှလုံးသားနှင့်ပါ နုတ်ထုတ်နေမိသည်။


(က)
"သော်တာသစ်မှူးဆိုတဲ့ ဇာတ်ကောင်က ဘ၀မှာတော်တော်ကိုအရေးပါခဲ့မယ်ထင်တယ်..... ပြောပြချင်တဲ့ဆန္ဒ ရှိမယ်ဆိုရင်တော့ နားထောင်ချင်ပါတယ်...ပြောပြချင်တဲ့ဆန္ဒရှိတဲ့အချိန်ပေါ့.......ခဏနေက သီချင်းပို့ပေး လိုက်တယ်...နားထောင်ပြီးသားလည်းဖြစ်ချင်ဖြစ်မှာပေါ့...နေရာသစ်ကိုသွားရမှာဆိုတော့ စိတ်လှုပ်ရှားပြီး ပျော်နေမယ်ထင်ပါတယ်...... လမ်းခရီးအဆင်ပြေချောမွေ့ပါစေ"

အိမ်ပြန်ရောက်တော့ ကိုယ့်အခန်းကျဉ်းလေးထဲဝင် ကိုယ့်ရဲ့ မဖြစ်ညစ်ကျယ် ကွန်ပျူတာလေးဖွင့်။ အီးမေလ်းစစ် ပြီးတော့ အရင်ကဇာတ်လမ်းသီချင်းလေးဖွင့်။ သီချင်းကတော့ မေ့ပစ်ခိုင်းနေသည်။ သီချင်းလက်ဆောင်ပေးသော ကောင်မလေးကလည်း မေ့ပစ်ခိုင်းနေသည်။ ကိုယ်ဘာဆက်လုပ်ရမလဲ။ မေ့ပစ်စေချင်နေကြမှ ကိုယ့်မှာက မေ့မရ။ သီချင်းကိုလည်း မမေ့။ အရင်က ဇာတ်လမ်းကိုလည်း မမေ့။ အရင်ကဇာတ်လမ်းသီချင်းလေးကို ပေးနားထောင်ပြီး မေ့ခိုင်းသော ကောင်မလေးကိုလည်း မမေ့။ မမေ့... မမေ့........။


(ခ)
ချန်ဂီလေဆိပ်ကနေထွက်တော့ ည နှစ်နာရီခွဲ။ ဆယ်နှစ်နာရီလောက်ကတည်းက လေဆိပ်ထဲ ရောက်နှင့်တော့ အရင်ကဇာတ်လမ်းလေးကို နားထောင်ဖြစ်သည်။ လေယာဉ်ပေါ်ရောက်တော့ အိပ်မရ။ ခရီးစဉ်က တစ်နေကုန် လေယာဉ်စီးရမည့် ခရီးစဉ်။ ကိုယ့်နံဘေးခုံက ခရီးသွားဖော်တွေက သီဟိုဠ်ကျွန်းသူ သီဟိုဠ်ကျွန်းသားတွေ။ သူတို့ပြောသည့် အင်္ဂလိပ်စကားကို ကိုယ်ကနားမလည်။ သို့ဖြင့် စကားဆက်မပြောဖြစ်တော့။ ပထမ ဂိမ်းကစားပြီး မေ့ဖို့ ကြိုးစားသည်။ ကြာတော့ ငြီးငွေ့လာသည်။ ဂိမ်းကို ပိတ်ပစ်လိုက်သည်။ ရုပ်ရှင်ကြည့်သည်။ ရုပ်ရှင်ကလည်း ပိုက်ဆံပေးမှ အပြည့်ရမှာဆိုတော့ ကြာကြာ မကြည့်လိုက်ရ။ သို့ဖြင့် ကိုယ့်လွယ်အိပ်လေးထဲက မာမိုရီစတစ်လေးကို ထုတ်ပြီး စတစ်လေးကို လေယာဉ်ထိုင်ခုံနှင့် ဆက်သွယ်လိုက်သည်။ ပြီးတော့ စတစ်လေးထဲက သီချင်းနားထောင်မိသည်။

မနက်ကိုးနာရီခွဲလောက်ရောက်တော့ မော်စကိုမှာ တစ်ထောက်နားသည်။ တစ်နာရိမျှ ကြာမည်ထင်သည်။ လေဆိပ်ထဲ ဟိုငေးဒီငေးဖြင့် ဒေါက်တာဇီဗားဂိုးကို သတိရသည်။ ဗော်ဒကာအရက်ကို လွမ်းသည်။ အေဗရာမိုဘစ်နှင့် အာရှာဗင်ကို တွေ့ချင်သည်။ အောက်တိုဘာတော်လှန်ရေးကို တမ်းတမိသည်။ မေ့မရပါဘဲလား ကောင်မလေးရေ..။ ကိုယ့်အတွက် မေ့စရာတွေ များသလိုပဲ အမှတ်တရတွေကလည်း ဟိုတစ သည်တစ်စ ပွစာကျဲလို့။


(ဂ)
ညနေ လေးနာရီခွဲလောက်ရောက်တော့ တက္ကဆပ်ပြည်နယ်က ဟူစတန်လေဆိပ်ကို ရောက်သည်။ တစ်ခါတုန်းက ရွာပြန်နွားကျောင်းဖို့ စိတ်ကူးခဲ့သည်။ အခုတော့ မစ္စစ္စပီမြစ်နံဘေး နွားကျောင်းဖို့အတွက် ဖြစ်လာသည်။ ခုတ်ရာ တစ်လွဲ ရှရာတစ်ခြား။ ဒါ လူ့ဘ၀ပဲ ဖြစ်လိမ့်မည်ထင်သည်။ တက္ကဆပ်ပြည်နယ်ရောက်တော့ တစ်ခါတုန်းက တက္ကဆပ်ပြည်နယ်က လယ်သမားတွေကို သတိရသည်။ ကိုယ်သိပ်တန်ဖိုးထားမိသော တက္ကဆပ်သားတစ်ဦးရဲ့ စကားတစ်ခွန်းရှိသည်။ “ ဒဏ်ရာများကို မမေ့သလို ဒဏ်ရာပေးသူများကိုလည်း လုံးဝမေ့လိမ့်မည်မဟုတ်”ဆိုသော စကား။ ပြောသူက ဂျော့ဒဗလျူ ဘုတ်ရှ်။ 9/11 အရေးခင်းပြီးတော့ မိန့်ခွန်းပြောသည့်စကား။ ကိုယ်သိပ်ကြိုက်သည့် ဒဿန။ မေ့လို့မရတာလည်း မပြောနဲ့။ ကိုယ်တန်ဖိုးထားသည့်စကားကိုက အမှတ်သည်းခြေကြီးသည့်စကား။ မေ့ဖို့ ကြိုးစားပါလို့ မပြောပါနဲ့တော့ ကောင်မလေးရေ...။

တက္ကဆပ်ပြည်နယ် အော်စတင်မြို့ကနေ မေရီလန်းပြည်နယ်ကို အလည်ရောက်သွားသည်။ ၀ါရှင်တန်ဒီစီကို နှစ်နာရီလောက်ပဲ ကားမောင်းရသည်ဆိုသဖြင့် ဒီစီကို ဆက်သွားဖြစ်သည်။ အိမ်ဖြူတော်၊ ကွန်ကရက်အဆောင်အဦး၊ လင်ကွန်းပြတိုက်.. ဘာညာ စုံနိုင်သမျှ စုံအောင်လျှောက်သွားဖြစ်သည်။ ကိုယ်တို့ရောက်တာ နည်းနည်းနောက်ကျတော့ ချယ်ရီတွေ ဝေနေတာ မမြင့်ခဲ့ရ။ ပြင်းရှရှ ကျောက်တိုင်နှင့် ပန်းခြံတွေသာ ထိရှခံစားခဲ့ရသည်။ ကြည့်စမ်း။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရသော အိမ်ဖြူတော်။ တကမ္ဘာလုံးက လေးစားကြည်ညိုကြသော သမ္မတကြီးလင်ကွန်း။ ကိုယ်မမေ့။ ကော်လင်းပါဝဲလ်ကို မမေ့။ ဗီယက်နမ်စစ်ပွဲကို မမေ့။ လပ်ဇပ်ကားနှင့် သံလွင်ပင်ကို မမေ့။ 9/11 တုန်းက ဘင်လာဒင်တို့ ပစ်မှတ်များကို မမေ့။ ဂျော့်ဒလျူဘုတ်ရှ်ရဲ့ သမိုင်းဝင်စကားကို မမေ့။ သမ္မတကြီးလင်ကွန်း အိမ်ဖြူတော်ကို လာသည့် ဘော်လ်တီမိုးက ရထားဘူတာရုံလေးကို မမေ့။ မမေ့နိုင်သေးဘူး ကောင်မလေးရေ...။

အဲသည်ကနေ ကိုယ်နေရမယ့် မေပယ်ရွက်ကြွေတောကို ခရီးဆက်သည်။ မေပယ်မြို့လေးကို ရောက်ရောက်ခြင်း Welcome to United State ဆိုသော Homeland Security က ပို့သည့် စာလေးက နွေးထွေစွာ ကြိုနှင့်နေသည်။ တစ်လလောက်ရောက်တော့ ဂရင်းကဒ်ရောက်လာသည်။ စာတိုက်က။ ဂရင်းကဒ်အလာကို စောင့်နေရသည့် ကာလလေးမှာ နေတိုင်းကြည့်နေသည့် စာပို့ကားလေးကို မမေ့။ ခြံနောက်တွင် ညဘက်ညဘက်ရောက်လာတတ်သည့် ယုံကလေးများကို မမေ့။ အအေးဓာတ်လေးထဲမှာ အနွေးဓာတ်ရအောင် ဆေးလိပ်သောက်ခဲ့ရသည်များကို မမေ့။ ကိုယ်ကိုယ်တိုင် ဦးစီးခဲ့ရသော ရှင်ပြုရဟန်းခံပွဲကို မမေ့။ စာကြည့်တိုက်လေးကို မမေ့။ ထမင်းရှင် ဟင်းရှင်များကို မမေ့။ ညဥ့်သန်းခေါင်ကျော်ကိုယ်က လ ကိုကြည့် စကားပြောရင် နေကို ငေး စကားပြောနေသည်ဆိုသော သော်တာကိုလည်း မမေ့။ ကျောင်းတက်ဖော် အီသီယိုးပီးယားက မွတ်စလင်မလေးကို မမေ့။ ရှေးဟောင်း အမေရိကန်လယ်သမားများရဲ့ သစ်လုံးအိမ်ကို မမေ့။ ကမ္ဘာ့အကြီးဆုံး ရေကန်ကြီးကိုလည်း မမေ့။ ကိုယ်စင်္ကာပူပြန်မယ်ဆိုတော့ ၀မ်းနည်းစကား ဆိုသူများကိုလည်း မမေ့။ မမေ့စရာတွေက အများသား ကောင်မလေးရေ........။

(ဃ)

အောက်တိုဘာရောက်တော့ ကာလဖိုးနီးယားကို အလည်ရောက်သည်။ လော်စ်အိန်ဂျလိစ် အင်တာနေရှင် နယ်လေဆိပ်ရောက်တော့ ဟိုတယ်ကာလဖိုးနီးယားသီချင်းကို သတိရမိသည်။ ဟောလိဝုဒ်တောင်တန်းကို သတိရသည်။ ယူနီဗာဆယ်စတူဒီယိုကို သတိရသည်။ စကြာဝဠာအကြောင်း လေ့လာခဲ့ရသည့် ဂတ်တီစင်တာကို သတိရသည်။ တစ်သက်တွင် တစ်ခါသာစီးဖူးသော BMW ကားစီးချိန်ကာလလေးကို သတိရသည်။ ကမ္ဘာကျော် ဒေါ်လာငါးဆယ့်ငါးသန်းကျော်တန် ပန်ချီကားတွေကို သတိရသည်။ ပြီးတော့ သူငယ်ချင်းမိဝေ မုန့်လိုက်ကျွေးတာကို သတိရသည်။ သတိအရဆုံးက အပျက်မဘ၀ကနေ ရုန်းထွက်ပြီး နာမည်ကျော်အဆိုတော်မလေးဘ၀ကို တက်လှမ်းခဲ့သည့် အဆိုတော်မလေးကို သတိရမိခြင်းဖြစ်သည်။

အဲသည်ကနေ ဆန်ဖရန်စစ္စကို ခရီးဆက်ဖြစ်သည်။ တစ်ခါက ဆန်ဖရန်စစ္စကိုဆိုသော မေဆွိသီချင်းလေးကို မေ့မရ။ မိုးထဲရေထဲ ဂိုးဒင်းဂိတ်တံတား ပြေးလွှားခဲ့သည်ကို မေ့မရ။ ရိုက်ထားသည့်ဓာတ်ပုံများ မှားဖျက်မိခဲ့သည်ကိုလည်း မေ့မရ။ မားသားထရီး ဖားသားထရီးကိုလည်းမေ့မရ။ ဘေးဧရိယာက တံတားကြီးများကိုလည်း တအံ့တသြမေ့မရ။ ကမ္ဘာမြေဆွဲအားကို ပြောင်းပြန်ဖြစ်နေသော နေရာလေးကိုလည်း မေ့မရ။ လိုက်ပါပို့ဆောင်ပေးသော မိတ်ဆွေများကိုလည်း မေ့မရ။ ဆန်ဒီရေးဂိုးက လေယဉ်တင်စစ်သင်္ဘောကြီးကိုလည်း မေ့မရ။ ဆန်ဖရန်ကနေ အမေ့ကို တရားချတဲ့ ကာလလေးကိုလည်း မေ့မရ။ ကောင်မလေးရေ.. ကိုယ့်ကို မေ့လိုက်ပါလို့ မပြောပါနဲ့တော့ ။ ကိုယ့်ရင်မှာ မေ့မရတာတွေ များလွန်းလို့ ကိုယ့်မှာ သတိရဖို့တောင် အချိန်လုနေရတယ်လေ။

(င)
ဘ၀တစ်ခုကို ပြောင်းလဲတော့မည်ဆိုတော့ ကိုယ့်မိတ်ဆွေ သူငယ်ချင်းကောင်းတွေရှိရာ ပင်ဆယ်ဗေးနီးယားဆိုတဲ့ ပြည်နယ်လေးဆီ ခြေဦးတည်လိုက်တယ်။ ဘ၀တစ်ခုကို နိဂုံးသတ်လိုက်တဲ့ နိုဝင်ဘာ (၂၁)ရက်ညလေးက ည (၇)နာရီ မိနစ်လေးဆယ်ကို မေ့မရ။ အဲသည်ကနေ ဖလော်ရီဒါပြည်နယ်က မိုင်ယာမီကမ်းခြေအလှကိုလည်း မေ့မရ။ ကန်တကီပြည်နယ်က သမ္မတကြီးလင်ကွန်း မွေးဇာတိ ယာသမားအိမ်လေးကိုလည်း မေ့မရ။ ကိုမိုးထက်အောင်နှင့် အရက်ဆိုင်သွားရသည်ကိုလည်း မေ့မရ။ ကိုရွှေသူဌေးရဲ့ ကောင်းကွက်ဆိုးကွက်များကိုလည်း မေ့မရ။

ကန်တကီ၊ တန်နက်စီ၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဗာဂျီးနီးယားနှစ်ပြည်နယ်နှင့် မေရီလန်းပြည်နယ်တို့ကို နှစ်ညအိပ် သုံးရက်ခရီး ကားနှင့် ပတ်ခဲ့ရသည့် ကာလလေးကိုလည်း မေ့မရ။ အခုတော့ မေ့မရမှုများနှင့် အသားကျနေသည့် ကိုယ်က မေ့လိုက်ပါဆိုသည့် ဟန်ထွန်းသီချင်းလေးကို နားထောင်နေမိပြီ။

(၂)

“ဟေ့ နေသစ် ဘာလုပ်နေတာလဲ”
ဒူဘိုင်းက သူငယ်ချင်းက အွန်လိုင်းကနေ မေးနေသည်။ ကောင်းမလေးကို လွမ်းနေတာကိုယ့်လူရေဆိုတော့ မေ့ပစ်လိုက်တဲ့။ လာပြန်ပြီ။ သည်မေ့ပစ်လိုက်ဆိုကြီး။ ကိုယ်ကတော့ မမေ့ဘူးကွာဆိုတော့ သူက တစ်ဘက်သတ် အချစ်သာ ကြားဖူးတာ၊ တစ်ဘက်သတ်သစ္စာဆိုတာကို အခုမှကြားဖူးတာတဲ့။ သူပြောသွားသည့်စကားလေးက တော်တော်ကောင်းသည်။ တစ်ဘက်သတ်သစ္စာဆိုပါလား။ တော်တော်လတ်ဆတ်သည့်အတွေးပဲ ဟု ကောက်ချက်ဆွဲလိုက်မိသည်။ သစ္စာတရားဆိုသည်မှာ ဆိုထားမှ၊ ဘုရားရှေ့တိုင်တည်အဓိဌာန်ထားမှ သစ္စာမည်သည်မဟုတ်ပါ။ ကိုယ့်စောင့်ထိန်းမှုသည်သာ သစ္စာဖြစ်သည်ဟု ယုံကြည်နေမိသည်။ သို့ဆိုလျင် သူငယ်ချင်းပြောသလို ကိုယ့်ဘာသာ စောင့်ထိန်းပြီး ကျန်တဲ့တစ်ယောက်က မစောင့်ထိန်းရင်ကော..။ တစ်ဘက်သတ်ချစ်၊ တစ်ဘက်သတ်သစ္စာများ ဖြစ်နေမလား။

ဟိုးလွန်ခဲ့သော ၂၀၀၉ ခု ဧပြီလတုန်းက ကောင်မလေးက ကိုယ့်ရဲ့ အရင်ကဇာတ်လမ်းတွေကို မေ့ပစ်ဖို့ သီချင်းလေးနှင့် သတိပေးနေသည်ဟု ကိုယ်ခံစားရမိခဲ့သည်။ အခု နားဆင်နေချိန်မှာတော့ ကိုယ့်ကို သူနဲ့ ပတ်သက်ခဲ့တာတွေ မေ့ခိုင်းနေသည်ဟု ခံစားနားလည်နေမိသည်။ Time will heal our wounds.ဟူသော အဆိုလေးက လောလောဆယ် သူ့ကို မထိရှသေး။ ဘာပဲဖြစ်ဖြစ် သူမ နောက်ဆုံးပြောသွားသည့် အတိတ်ကို ပြန်တူးဆွမနေနဲ့ ဆိုသော စကားလေးကတော့ သူ့ရင်ထဲတွင် ယနေ့ထိ မမေ့နိုင်သေးပေ။

(ကိုယ့်ကို အ၀ါရောင်တိမ်တိုက်တွေအကြောင်း သင်ပေးသွားတဲ့ ကောင်မလေးကို ဒီနေရာကနေ ကျေးဇူးစကားဆိုပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ တစ်နှစ်စာအလွမ်းတွေကို ကူနားလည်ပေးတဲ့ သူငယ်ချင်းတွေနဲ့ ကိုရွှေအမေရိကားခရီးစဉ်အတွက် ကူညီပေးသူတွေရဲ့ ကျေးဇူးကိုလည်း မေ့မရပါကြောင်းလည်း ပြောပါရစေ လား။)





Type the rest of your post here.

No comments:

http://h1.ripway.com/twinpoe/favicon.ico