5/21/10

သူတို့ဆီက နာမည်ကိစ္စ

နာမည်တဲ့။ နှစ်လုံးတည်း။ ဒါပေမယ့် အဲဒီ နှစ်လုံးထဲရှိတဲ့ နာမည်ကြောင့်ပဲ ကိုယ်အခုတလော စိတ်ရှုပ်စရာတွေချည်း ကြုံနေရတယ်။ ကိုယ်တို့ ရွှေပြည်ကြီးမှာတော့ နာမည်ဟာ သိပ်ရေးကြီးခွင်ကျယ် မဟုတ်ပါဘူ။ ချစ်စရာ ၀ကစ်ကစ်ကလေးတစ်ယောက်ကို ၀တုတ်လို့ ခေါ်ရင် ၀တုတ်လေးဟာ နာမည်ရင်းဖြစ်သွားတတ်သလို့ ငရုတ်သီးမှုန့်ရောင်းလို့ ဘုတ်ဆုံမလို့ အပြောင်အပျက်ခေါ်ရင်း ဘုတ်ဆုံမလို့ တွင်သွားတာတွေ ရှိပါတယ်။ ပြီးတော့ မျိုးရိုးနာမည်ဆိုတာလည်း မရှိသလောက်ပါဘဲ။ ဦးတို့ ဒေါ်တို့ မောင်တို့ မတို့ဟာ နာမည်အရင်းတွေထဲ ထည့်ရေးလို့ ရပါသလား။ မစ္စတာဆိုတဲ့နာမည် မစ္စစ်ဆိုတဲ့ နာမည်တွေကကော ကိုယ်တို့တတွေသုံးတဲ့ ဦးတို့ မောင်တို့နဲ့ ထပ်တူပဲ မဟုတ်လား။ အခုတော့ ကိုယ်က အဲဒီနာမည်ဆိုတာလေးကြောင့် ဟိုပြေးရ ဒီပြေးရနဲ့ ။


ဒီလိုပါ...

ကိုယ်လက်ရှိနေတဲ့ နေရာမှာ ကိုယ်က ပြည်နယ်တွေ တစ်ခုပြီး တစ်ခု ပြောင်းရင်း အလုပ်တွေ လုပ်ရတယ်။ ဆိုတော့ PR ကဒ်မှာပါတဲ့ နာမည်မှာက First Name နဲ့ Last Name က တစ်မျိုး၊ Social Security နဲ့ ID မှာ ပါတဲ့ နာမည်ကတစ်မျိုး ဖြစ်နေတာကိုး။ တစ်မျိုးဆိုလို့ လုံးလုံး လွဲချော်နေတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ရှေ့နောက်လေး ပြောင်းပြန်ဖြစ်နေတာပါ။ ဥပမာ- နေသစ်မှူးဆိုရင် နေ,သစ်မှူးလို့ ဖြစ်နေသလိုပဲလို့ ပြော ရမလိုပဲ။ ဒါတောင် First Name က ဘာ၊ Last Name က ဘာလို့ မကြည့်ပဲ ဖတ်ရင် နေသစ်မှူးလို့ပဲ အတည့်ဖတ်လို့ရတဲ့နာမည်။ ဒါတောင် သူတို့က မရဘူး။ တိကျမှ စည်းကမ်းတကျရှိမှ ။ ပြီးတော့ သူတို့တတွေက စက်မှုတိုင်းပြည်ဆိုတော့ စက်ကိုပဲ အားကိုးရင်း ဖြတ်ထိုးဥာဏ်တွေ ပုတ်သိုးနေအောင် ထုတ်မသုံးဘဲ ထားတာကလား။ ဒါကြောင့် ရောက်တဲ့ ပြည်နယ်တိုင်း ဒရိုင်ဘာလိုင်စင်ဖြေဖို့ ကြိုးစားခဲ့တယ်။ မရဘူး။ အခု လက်ရှိရောက်နေတဲ့ ပြည်နယ်က တောင်ပေါ်ပြည်နယ်။ မြို့ကလေးက သံမဏိထွက်တဲ့ မြို့ကလေး။ ပညာရေးမြို့ဆိုလည်း ဟုတ်ပါတယ်။ တစ်ခါတစ်လေ မြို့ကလေးက အအေးပတ်တော့မယ့် အတိုင်း အနွေးဓာတ်တွေ သိပ်လိုအပ်တယ်။ တစ်ခါတစ်ရံ မြို့ကလေးဟာ နှင်းခဲတွေနဲ့ မြို့လေးဟာ ကြေကြေကွဲကွဲ အိပ်ငိုက်နေတတ်တယ်။ တစ်ကြိမ်တစ်ခါကျပြန်တော့ မိုက်ခရိုဆော့သူဌေးကြီး ဘီးဂိတ်က လာရောက်ဟောပြောလေ့ရှိတတ်တယ်။ ဒါပေမယ့်... မြို့ကလေးကတော့ ကိုယ့်အပေါ်သိပ်ရက်စက်တာပဲ။ မြို့ကလေးက ကိုယ့်ရဲ့ နာမည်ရှေ့နောက်ပြောင်းပြန်လေး ဖြစ်နေတာကို ခွင့်မလွှတ်ခဲ့ဘူး။

ပထမတစ်ကြိမ် လိုင်စင်ရုံးသွားတယ်။ လက်မခံဘူး။ နာမည်ကိစ္စ IRS ကိုပဲဖြစ်ဖြစ် Social Security ကိုပဲဖြစ်ဖြစ် သွားပါတဲ့။ ဒီနေ့တော့ ပျင်းတာနဲ့ ကိုယ်လည်း ရှော့ပင်ဝယ်ဖို့ ရှော်ပင်ထွက်တယ်ပဲ ပြောရမလား။ K Mart ကိုသွားတယ်။ ကေမတ်ရောက်တော့ ဟိုကြည့်ဒီကြည့်ကြည့်ရင်းနဲ့ ဒရိုင်ဘာလိုင်စင် ရုံးကို မြင်တာနဲ့ အနာဆွခံရသလို ခံစားရတယ်။ ဒီတော့ ပေါက်တဲ့ နဖူး မထူးဘူးဆိုတဲ့ စိတ်နဲ့ ၀င်ဖြေလိုက်တယ်။ တစ်ခါတည်း အမှားမရှိအောင်သွားတယ်ဆိုပါတော့။ ဒါပေမယ့်.......ဟုတ်တယ်ဗျာ။ ကိုယ့်ဘ၀မှာ မသုံးချင်ပေမယ့် မကြာမကြာ သုံးနေရတဲ့ ဝေါဟာရလေးက ဒါပေမယ့်ဆိုတာလေးပါ။ ဖြေပြီးလို့ အောင်တယ်လို့ ကောင်တာလူကြီးက ပြောတာနဲ့ အတူ နာမည်ကိစ္စပြောလာပြန်ပါတယ်။ သူတို့ လိုင်စင်ထုတ်ပေးလို့ မရပါဘူးတဲ့။ ပြဿနာ။ သူတို့က Social Security ရုံးကို သွားပြီး နာမည်ပြင်ပေးပါတဲ့။ ဒါဆို သူတို့ လိုင်စင်ပေးပါ့မယ်တဲ့။

သူတို့ပြောသလို သွားပြန်မယ်ဆိုတော့ နာမည်ပြောင်းဖို့ အချိန်က တစ်လလောက် စောင့်ရမယ်ဆိုပဲ။ ဆိုတော့ သင်္ခန်းစာရလိုက်တာကို ကိုယ်တို့နဲ့ မတူတဲ့ နာမည်ကိစ္စဟာ တော်တော်လေးကို အရေးပါလှပါလားဆိုတဲ့ အသိပါ။ ဘာပဲဖြစ်ဖြစ် ဘ၀မှာ အောင်မြင်မှုမှာ အိပ်မက်တွေမှာ နာမည်ဆိုတာလေးကို နှစ်လုံးထဲဆိုပြီး မထေမဲ့မြင် မပြုသင့်သလို စည်းကမ်းတကျ လုပ်ကြဖို့ လိုပါတယ်ဆိုတဲ့ အသိလေးနဲ့ ကျွန်တော် မောင်နေသစ်ခမျာ မခံစားနိုင်တဲ့ဝေဒနာတွေနဲ့ အချိန်တွေကို စောင့်မျှော်နေမိနေရတော့တယ်။

(ကိုယ်စိတ်ကူးအိပ်မက်လေးထဲက နာမည်လေးတွေကတော့ ကိုယ့်အတွက် Family Name က သစ်မှူး ပါ။ ကိုယ့်အတွက် နေဆိုတာ First Name ဆိုရင် ညီမလေးရဲ့ First Nameက သော်တာပေါ့။ ကိုယ်တို့ သားသမီးတွေအတွက်တော့ ကိုယ်မဆုံးဖြတ်ရသေးဘူး။ ဒူဝေ ဝေေေ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀းးးးးးးး D)

1 comment:

နေ့အိပ်မက် said...

အဲဒီပြဿနာက မြန်မာတွေအတွက် တော်တော်ဒုက္ခရောက်တယ်နော်။ အဲလိုမျိုးရိုးနာမည် မရှိတာ မြန်မာတစ်နိုင်ငံတည်းပဲ ရှိလားမသိဘူး။ မြန်မာပြည်ကြီး တိုးတက်ပြီး နာမည်ကြီးလာရင်တော့ မျိုးရိုးနာမည် မဖြည့်လည်း ရတယ်တွေ၊ ဘာတွေ ဖြစ်လာလောက်ပါရဲ့... ဟား ဟား.. စိတ်ကူးယဉ်ကြည့်တာပါ.. :P

http://h1.ripway.com/twinpoe/favicon.ico