ကြောက်စိတ်နဲ့ သောက
Wheresoever fear arises, it arises in the fool, not in the wise man. (Buddha)
လူမိုက်တွေဆီပဲ ကြောက်စိတ်က မင်းမူချင်တိုင်း မင်းမူလို့ရပေမယ့် ပညာရှိသူတွေဆီမှာတော့ ကြောက်စိတ်က နည်းနည်းလေးမှ လွှမ်းမိုးလို့ ရမယ် မဟုတ်ဘူး၊။။

အောင်မြင့်ဖို့ပဲ ဖြစ်ဖြစ် ကျရှုံးဖို့ပဲ ဖြစ်ဖြစ် လူတိုင်းကို တုတ်နှောင်ထားတဲ့ အရာက ကြောက်စိတ်ပဲဖြစ်တယ်။ အဲဒီကြောက်စိတ်ဆိုတာလည်း လူတိုင်း (သတ္တ၀ါ)တိုင်း မွေးရာပါဗီဇစိတ်ဖြစ်ပြီး ပုထုဇဉ်ပီသတဲ့ အချင်းအရာ တစ်ခုလို့ ဆိုပါတယ်။ ဒါပေမယ့် ကြောက်စိတ်နဲ့ သောကဟာ အမြဲတမ်းပူးတွဲနေတတ်သလို လူတွေကိုလည်း အမြဲတမ်းပူးသတ်နေပြန်ပါတယ်။ ဒေါက်တာ ကေ သိရီ ကတော့ ကြောက်စိတ်အားကြီးတဲ့ လူငယ်တစ်ယောက် ဟာ သက်ကြီးရွယ်အိုတစ်ယောက်လို မသန်မစွမ်းဖြစ် သွားတတ်သလို၊ ကြောက်စိတ် အားကြီးနေတဲ့ လူကြီးတွေအဖို့ လည်း အသက်ရှင်သန်ရခြင်းဟာ တော်တော့်ကို ရှည်လျားတဲ့အရာလို့ ဆိုပါတယ်။ တကယ်တော့ ဘ၀ဆိုတာ မတည်မြဲမှုတွေ၊ ရွေ့လျားပြောင်းလဲလာမှုတွေနဲ့ အမြဲရွေ့လျား သွားလာနေတဲ့ ပန်းချီကား တစ်ချပ်သာသာပါပဲ။ ဒါပေမယ့်.. အဲဒီပြောင်းလဲနေတဲ့ ပန်ချီကားအရှင်ကြီးကို လူသားတွေက တည်မြဲနေ စေချင်တယ်။ တည်မြဲအောင် ဆွဲကိုင်ထားချင်တယ်။
ကိုယ်က ပျော်စရာ၊ စိတ်ချမ်းသာစရာတွေနဲ့ တွေ့နေရင် အချိန်တွေ အကုန်မြန်လှချေလားလို့ ထင်တတ်ပေမယ့် ဒုက္ခသုက္ခတွေ သောကတွေနဲ့ တွေ့နေရရင်တော့ အချိန်တွေ ကုန်ခဲလှချေလားလို့ အပြစ်တင်ငြီးငြူတတ်ကြတာ လူတိုင်းရဲ့ သဘာဝတစ်ခုပဲ မဟုတ်လား။ တကယ်တမ်းမှာတော့ ဘ၀ရဲ့ အတက်အကျတွေကို ကိုယ့်ရဲ့ စိတ်(အတ္တ)ကသာ ကြိုးဆွဲခံထားရတဲ့ ရုပ်သေးရုပ်လို ဘ၀ရဲ့အတက်အကျတွေကို ဆွဲထားနေတာပါပဲ။ ဒါကြောင့် ရှင်တော်ဘုရားက မိန့်ခဲ့တယ်။ “အချစ်ကြောင့် သောကတွေ ဘေးဒုက္ခတွေဆိုတာ ဖြစ်လာရတာတဲ့။ အဲဒီအချစ်တွေ မရှိတော့ ရင် သောကတွေ ဘေးဒုက္ခတွေကနေ လွတ်မြောက်မှာပဲ”တဲ့။ ဒီနေရာမှာ ဆိုတဲ့ အချစ်ဆိုတဲ့ ဝေါဟာရမှာ မောင်ချစ် နှမချစ်၊ သားချစ်၊ သမီးချစ်၊ လင်ချစ်မယားချစ်၊ စတဲ့ အချစ်မျိုးစုံ ပါဝင်ပါလိမ့်မယ်။ နောက်ဆုံးအချစ်ကတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်ထိ အပါအ၀င်ပေါ့။ ဆယ်ကျော်သက် လူငယ်တွေဆိုရင် ကိုယ့်ချစ်သူအထင်ကြီးဖို့ အစွမ်းကုန် ကြိုးစားပြတတ်သလို၊ အဲဒီအချစ်ကြောင့်ပဲ အဲဒီအရွယ်မှာ မိုက်ရူးရဲစွာနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်တတ်ကြပြန်တယ်။
ဒေါက်တာ ကေ သိရီ ဆိုတာကတော့ ကြောက်စိတ်ဟာ စိတ်အခြေအနေ တစ်ခုထက် ဘာမှ ပိုလွန်တဲ့ အရာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီစိတ်ကို အပျက်ဘက်ကနေ သုံးမယ်ဆိုရင် ကြောက်စိတ်ပဲ ဖြစ်လာမှာ ဖြစ်ပြီး အပြုသဘောနဲ့ ထိန်းချုပ်မယ်ဆိုရင်တော့ ပျော်ရွှင်ကြည်နူးချမ်းမြေ့စရာတွေ၊ နိုးကြွနေတဲ့ မျှော်လင့်ချက်တွေနဲ့ တကယ့်ကို ချမ်းမြေ့စရာအနာဂတ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ဆိုတယ်။ ဒါဆိုရင် လူတွေရဲ့ ဘ၀အတက်အကျတွေကို ချုပ်ကိုင်ထားတဲ့ အရာက ပတ်ဝန်းကျင်က မဟုတ်ဘဲ မိမိရဲ့ စိတ်အခြေနေထဲက ကြောက်စိတ်က အခရာပဲ ဆိုတာ ထင်ရှားနေပြီပဲ။ ဗုဒ္ဓစာပေမှာတော့ “စိတ်အလိုလိုက်ခြင်းဟာ ဆုံးရှုံးပျက်စီးခြင်းရဲ့ အစ” လို့ ဆိုသလို “ လောကကြီးကို စိတ်ကသာ ဦးဆောင်နေတယ်”လို့ ဆိုပါတယ်။
တစ်ခါက ဗြိတိသျှခန္ဓာဗေဒပညာရှင်တစ်ဦးကို သူ့တပည့်ကမေးတယ်။ “ ဆရာ ကြောက်စိတ်ပျောက်အောင် ဘယ်လိုလုပ်ရမလဲ” တဲ့။ ဆရာက ပြန်ဖြေလိုက်တာလေးက “Try doing something for someone.” တဲ့။ ဒီတော့ ကိုယ့်မှာ ဖြစ်နေတဲ့ ကြောက်စိတ်ကို ဘယ်လိုဖြေရမယ်ဆိုတာ သိဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြောက်စိတ်ဝင်လွန်းအားကြီးရင် ဘ၀တွေ ကျရှုံးသွားတတ်သလို သောကတွေ လည်း ပိုလာတတ်ပါတယ်။ သောကတွေ ပိုလာပြီဆိုရင် သောကကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေ ၀င်လာပါလိမ့်မယ်။ ဆိုတော့ ...ကိုယ့်မှာ ရှိတဲ့ ကြောက်စိတ်ကို ပြန်ရင်ဆိုင်ရဲဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ ကြောက်စိတ်ကို ကိုယ်ပြန် ရင်မဆိုင်ရဲလောက်အောင် ကြောက်နေပြီဆိုရင်တော့..။ သေချာပါတယ်။ အဲဒီလူ ဘယ်လိုမှ တိုးတက်ကြီးပွားမဟုတ်တော့သလို ဘယ်သောအခါမှလည်း ပျော်ရွှင်မှာမဟုတ်တော့ပါဘူး။
ဟုတ်ပြီ။ ကိုယ်တို့ ဘာတွေကို ကြောက်နေတာလဲ။
သေရမှာကို ကြောက်တာလား။
နေရမှာကို ကြောက်နေတာလား။
ဒါဆိုရင်တော့ “ သေရမှာလည်း မကြောက်နဲ့၊ နေရမှာလည်း မကြောက်နဲ့။ ကြောက်စိတ်ဝင်မှာသာ ကြောက်” ဆိုတဲ့ အဆုံးအမလေးကို သတိရလိုက်ပါ။
ကိုယ်ကတော့ လျပ်စီးလက်တာမြင်ရင် မိုးကြိုးပစ်ခံရမှာကို ကြောက်တယ်။ ဟိုး ကမ်းမမြင်တဲ့ ရေပြင်မှာ လှေနဲ့ကူးနေတုန်း လှိုင်းကြီးတွေနဲ့ တွေ့ရင် ရေနစ်သေမှာကို ကြောက်ခဲ့ဖူးတယ်။ အဲဒီလို ဖြစ်လာတဲ့အခြေအနေတိုင်းမှာ ဖတ်ခဲ့ဖူးတဲ့ ဗုဒ္ဓ အဆုံးမလေးကို သတိရဖြစ်ပါတယ်။ “ ကောင်းကင်ကို ပြန်တက် လို့ပဲဖြစ်ဖြစ်၊ ပင်လယ်သမုဒ္ဒရာကို ကူးခတ်လို့ပဲဖြစ်ဖြစ်၊ တောင်ခေါင်းတွေထဲ ၀င်ပုန်းနေလို့ပဲဖြစ်ဖြစ် ဘယ်တော့မှ ကိုယ့်စီလာနေတဲ့ သေမင်းလက်ကနေ ပြေမလွတ်နိုင်ဘူး”ဆိုတဲ့ အဆုံးအမလေးကို ခေါင်းအေးအေးထားပြီး တွေးလိုက်တယ်။ ဒါဆိုရင် ဖြစ်နေတဲ့ ကြောက်စိတ်ကို ပြန်ရင်ဆိုင်ရဲလိုက်သလို ကြုံတွေ့လာမယ့်ဘေးတွေ ကိုလည်း ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ဖူးတယ်။
ကိုယ်ချစ်ရသူနဲ့ ဝေးကွာရမှာကို ကြောက်တဲ့ စိတ်၊
တစ်စုံတစ်ယောက်က ကိုယ့်ကို မလိုတမာ ညစ်ပတ်သွားမှာကို ကြောက်တဲ့စိတ်၊
အလုပ်ရှင်နဲ့ အဆင်မပြေလို့ အလုပ်ထုတ်ခံရမှာ ကြောက်တဲ့စိတ်၊
...စတဲ့ ဘယ်လိုကြောက်စိတ်မျိုးကိုမဆို ခေါင်းအေးအေးနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှ ပျော်ရွှင်တဲ့ဘ၀၊ ချမ်းမြေ့တဲ့ဘ၀င်ကို ပိုင်ဆိုင်နိုင်မှာ အသေချာပါပဲမိတ်ဆွေ။

Ref: Fear and Worry by Dr. K. Sri. Dhammananda
2 comments:
လာဖတ်သွားပါတယ်...။ အမှန်တော့ ဇီးကွက် ဆိုတဲ့ စလုံးကို ဂူလ်ဂဲ မှာ ရိုက် ရှာရင်.. လမ်းမှားပြီး ဒီရောက်လာတာပါ...။
ဒါပေမဲ့ ကောင်းသော လမ်းမှားခြင်း ဖြစ်သွားတဲ့ အတွက်... ၀မ်းသာရပါတယ်..။
တန်ဖိုး ရှိတဲ့ ပို့စ်လေးပါ။ ကြောက်တတ်တဲ့ ကျမ အတွက် အင်အား တွေ အများကြီး ပေးလိုက်လို့.. ဇီးကွက်ကိုရော.. ဒီဘလော့ ပိုင် ရှင်ကိုရော ကျေးဇူးတင်ပါတယ်။
ကောင်းသထက် ကောင်းတဲ့ ပို့စ်တွေ များများ တင်နိုင်ပါစေ နော်.
ကောင်းတယ်ဗျာ ကိုနေသစ်. Fear and Worry အကြောင်းတင်ပြပုံလေး သေသပ်တယ်။ စာရေးဆရာဆိုတော့လဲ လက်ကွက်ကျရာ စာကောင်းထင်ပေါ့။
Post a Comment