ယောနိသော မနသိကာရ (သို့မဟုတ်) ပြန်လည်ပြောဖြစ်ခဲ့မယ်ဆိုရင် (၁၉)
(၁)
(၁)
နေ့ခင်းက
မိုးသက်လေပြင်းလေး တိုက်ခတ်ပြီး ခပ်ကြာကြာလေး မိုးရွာထားသည်မို့ အခန်းထဲမှာ အအေးပေးစက်
ဖွင့်ထားစရာမလိုတော့။ အပူချိန် လျှော့ကြသွားသည်ကိုက ကိုယ့်အတွက် ၀မ်းသာစရာပဲ မလား။
မဟုတ်ရင်.. အအေးပေးစက်ဖွင့်၊ မီတာခတက်၊ ပိုက်ဆံကုန်။ ပြီးတော့ အအေးပေးစက် ဖွင့်ထားချိန်ဆို
ကိုယ့်အခန်းကျဉ်းလေးက တကယ့်ကို ဆူညံနေသည်။
အခုတော့ကိုယ့်အခန်းကျဉ်းလေးကတိတ်ဆိတ်လို့။တချက်တချက် လေယာဉ်အတက်ဆင်း လေယာဉ်သံ လေးတွေကလွဲလို့
ဘာဆို ဘာမှမကြားရ။ အပြင်မှာလည်း အပူချိန်လျော့နေသည်ဆိုတော့ နောက်ဘေး ဘက်က မြက်ခင်းပြင်မှာ
သွားထိုင်ပြီး စာဖတ်နေရင် ကောင်းမလား။ ဒါမှမဟုတ်.. ကွန်ပျူတာ လေးယူပြီး အပျင်းပြေ မြက်ခင်းပြင်မှာပဲ
မြန်မာဗွီဒီယိုဆိုဒ်တွေကနေ မြန်မာကားလေး ကြည့်ရင် ကောင်းမလား။ တကယ်ဆို ကိုယ်က သည်နေ့ည
သင်တန်းသွားရမှာ။ ပျင်းတာနဲ့ မသွားရင်ကောင်းမလားလို့ တွေးပြီး အခန်းထဲ ၀င်ခါရှိသေး
သင်းတန်းတာဝန်ခံက သည်နေ့ သင်တန်းနားတဲ့အကြောင်း ဖုန်း ဆက်ပြောလိုက်တော့ စူဠလိပ် ရေထဲလွှတ်
လိုက်သလို ဘာပြောကောင်းမလဲ၊ကျေးဇူးတင်စကား မွှန်ထူနေအောင်ပြောဖြစ်လိုက်သည်။ အခါတိုင်းဆို
ညနေတိုင်းလိုလို သည်မြက်ခင်းလေးက ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေ ဆော့ကစားနေကြ နေရာ။
တခါတလေ Corn Hole Game ကစားတတ်သလို တခါတရံ Beer Pong Game လည်း ကစားတတ်သည်။ တခါတလေတော့
ကိုယ့်ဘာသာ ဘီယာပုလင်းလေးဘေးချပြီး စီးကရက်လေးဖွာရင်း အနားမှာ အစာရှာရင်း လာကစားနေတတ်သည့်
ယုန်ကလေးတွေကို ငေးကြည့်နေတတ်သည်။ (သည်လိုနေရတာကိုပဲ ကဗျာဆန်တယ် အထင်နဲ့ နေနေလိုက်တာ ယမကာလုလင်လေး
ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။)
မြက်ခင်းလေးပေါ်မှာထိုင်ပြီး
စာလေး ဖတ်မယ်ကြံကာရှိသေး။ အရင်က သောက်ခဲ့ဘူးသည့် ဘီယာနဲ့ စီးကရက်လေးကို သတိရနေမိသည်။
ဘီယာသွားဝယ်ရင် ကောင်းမလား၊ ဒါမှမဟုတ်၊ သူငယ်ချင်း တာရာ(TIARA) ဆီက ဆေးလိပ်တောင်းသောက်ရင်
ကောင်းမလား။ စိတ်က ဝေခွဲမရ။ ကိုယ့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းယူနေရသည်။ အရင်လို
စိတ်မျိုးနှင့်ဆို အတွေးမဆုံးခင် လူက အနားမှာရှိသည် ဘီယားဘားကို ရောက်နေလောက်ပြီ။ အခုတော့ ကိုယ်ကိုယ်တိုင်က မသောက်ဘဲ နေမည်လို့ ကိုယ့်ကိုယ်ကို
တာဝန်ယူထားသည့်ကိစ္စ။ ကိုယ့်ဘာသာ ကိုယ်ပေးပြီး ကိုယ်ဘာသာ ကိုယ်မလိုက်နာဘဲ ဖောက်ဖျက်မည်
ဆိုလျင်လည်း မည်သူမျှတော့ မသိပါ။ ဒါပေမယ့် လူမသိသူမသိ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကတော့..
ပျက်ဆီးသွားရပေလိမ့်မည်။
(၂)
ကိုယ်ဆေးလိပ်တွေ
ဘီယာတွေ သောက်တာတွေ ရပ်နားတော့မည်လို့ ပြောတော့ သူငယ်ချင်း တာရာက “ နေ မင်း ရပ်နားတာ
နှစ်ပါတ်လား”တဲ့။ သူ့ချစ်သူ ဂျက်စ်တင်ကတော့ ဘာမျှမပြော။ နံဘေးကနေ ရယ်နေရုံသာ။ အင်း
သူပြောမယ်ဆိုလည်း ပြောစရာ။ ကိုယ် အမေရိကားကို ရောက်ကတည်းက ရွှေပြည်ကြီးက ပါလာသည့် အကျင့်လေးတွေ
ဖြတ်ပစ်ဖို့ ကြိုးစားခဲ့သည်။ ကွမ်းစားတာ ပြတ်သွားသည်။ အလွယ်တကူကွမ်းရွက် ၀ယ်မရတာကြောင့်လည်း
ပါသည်။ ဒါတောင် တခါတလေ အိန္ဒိယကုလားဆိုင် ရောက်ရင် မျက်လုံးက ကွမ်းရွက်နဲ့ ကွမ်းသီး
ရှာနေမိတတ်သည်။ နောက်တော့ အလ်အေနဲ့ ဆန်ဖရန်စစ္စကိုကို အလည်ရောက်တော့မှ ရွှေသွားဆရာဝန်တွေရဲ့
ဆေးခန်းမှာ သွားတွေ သန့်ရှင်းရေးလုပ်ပြီးတော့မှပဲ ကွမ်းကို လုံးဝပြတ်သွားတော့ သည်။
ဆေးလိပ်ကိုတော့ ရောက်လေရာ အရပ်တိုင်း ဖြတ်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည်။
တာရာပြောသလိုမသောက်ဖြစ်လည်း နှစ်ပါတ်၊ ပြန်သောက်ဖြစ်လည်း နှစ်ပါတ်လို့ပဲ ပြောရတော့မလိုဘဲ။
ဖြတ်လိုက်၊ နားလိုက် ပြန်သောက်လိုက်( ပြတ်တယ်လို့ ပြောလို့မရ)။ သည်တခါတော့…။
သည်တခါတော့
ပြန်သောက်ချင်သည့် စိတ်ကလေး ပေါ်လာပြီး စိတ်ဂနာမငြိမ်ဖြစ်လာသည့်အခါ လွန်ခဲ့တဲ့ ဆယ်တစ်နှစ်ကျော်
ဆယ်နှနှစ်ကာလလေးတခုကို ပြန်ပြန် တွေးနေမိသည်။ အဲသည်တုန်းက ကိုယ်က အသက် ဆယ့်ရှစ်နှစ်လားပဲ
ရှိသေးတာ။ ချမ်းအေးလှတဲ့ ပြာသိုလကြီးမှာ ကိုယ်တို့ သူငယ်ချင်းတွေ မန္တလေးမှာ စာမေးပွဲဖြေရောက်နေကြတယ်။
အဲသည်တုန်းက စာမေးပွဲ ဒုတိယရက်မှာ မေးတာ ခက်လွန်းလို့ တော်တော်များများ မဖြေနိုင်ကြ။
အဲသည်ထဲမှာ ကိုယ်အပါဝင်ပေါ့လေ။ နောက်တတိယရက်မှာ သူငယ်ချင်းတစ်ယောက်က စိတ်ညစ်လို့ ဆိုပြီး
သူကိုယ်တိုင်ဆေးလိပ်ဗူးတွေကို ကာတွန်လိုက်ဝယ်၊ ကိုယ်တိုင်လည်း သောက်၊ ကျန်တဲ့သူငယ်ချင်း တွကိုလည်း
လိုက်ဝေပေးပါရောလား။ ကိုယ်လည်း တဗူးရလိုက်တော့ ဘာရမလဲ။ ခပ်တည်တည် ပဲ သောက်တတ်သလိုလို
ဘာလိုလိုနဲ့ ယူသောက်ဖြစ် လိုက်ပါရော။
တကယ်ဆို
ဇာတ်လမ်းက သည်မျှနဲ့ တခန်းရပ်ခဲ့ရင်တော့ အကောင်းသား။ အဲသည်တုန်းက မရပ်ဖြစ်ခဲ့။ စာမေးပွဲဖြေပြီးတာနဲ့
ကိုယ်တို့ သူငယ်ချင်းတတွေ စုပြီး ပြင်ဦးလွင်ကို တက်ဖြစ်ကြသည်။ ကိုယ်က တစ်လမ်းလုံး
ဆေးလိပ်တစ်ဗူးထပ်ဝယ်ပြီး သောက်တတ်သလိုလို ဘာလိုလိုနဲ့။ လူပျိုပေါက်အရွယ်ဆိုတော့ ကိုယ့်ကိုယ်ကို
အဟုတ်ထင်ပြီး ဘယ်နေရာရောက်ရောက် ဆေးလိပ်ကလေး လက်ကြားညှပ်လို့ပေါ့။ ကိုယ့်အမူအရာကို
အမြင်ကဒ်တဲ့ သူငယ်ချင်းတယောက်က ပြောပါလေရော။ပွဲကောက်ရေတံခွန်နားမှာ ထင်ပါရဲ့။ ဟေ့ကောင်
မင်း မသောက်တတ်ဘဲနဲ့ မသောက်နဲ့။ ငွေတွေ အလကားမီးရှို့နေတာတဲ့။ သူ့စကားကြား တုန်းက ကျွန်တော်
တော်တော်လေး ဒေါသထွက်သွားသည်။ သည်ကောင် ငါ့ကို ဖဲ့တာ။ နှိမ်တာဆိုပြီး သူ့ကို ပြန်ပြောဖြစ်လိုက်သည်။
“ငါသောက်တတ်အောင် သောက်ပြမယ်။” သည်လိုနဲ့ ကျွန်တော်
ဆေးလိပ်သောက်တတ်သွားပြီး လုံးဝဖြတ်မနိုင်လောက်အောင် ဆေးလိပ်စွဲသွားခဲ့သည်။
(၃)
ကိုယ်
ကျင်လည်ခဲ့ဖူးသည့် ပတ်ဝန်းကျင်မှာ ကိုယ်ကျင့်သိက္ခာပိုင်းရော စာပေပညာဘက်ပိုင်းပါ ထူးချွန်သည့်
သူတစ်ဦးကို ကြုံဆုံလေးစားခွင့်ရခဲ့ဖူးသည်။ အခါအခွင့်သင့်တိုင်း အခုနောက်ပိုင်း ခင်မင်ရင်နှီးသည့်
မိတ်ဆွေများကို သည်အကြောင်း ဖောက်သည်ပြန်ချ ပြောပြဖြစ်ခဲ့သည်။ တဆင့်စကားဖြင့် သူ့အကြောင်းကို
ကြားခဲ့ဖူးသည်။ အဲသည်တုန်းက သူက အသက် ဆယ့်လေးငါးနှစ်အရွယ်။ သူတက်သည့်ကျောင်းက ကျောင်းသားတချို့က
သူ့ကို စကြ နောက်ကြသည်။ သည်ကောင်က ပေစုတ်စုတ်နဲ့။ သူကြည့်တော့ ဟုတ်မလိုလိုနဲ့။ သူက
အဲသည်လို အစခံရတိုင်း စိတ်ထဲနာကျဉ်သွားသည်။ သို့ဖြင့် အဲသည်အချိန်ကစပြီး မခံချင်စိတ်ဖြင့်
စာကြိုးစားလိုက်တာ အတန်းတိုင်းမှာ အတန်းထဲမှာ ကျောင်းမှာ နောက်ဆုံး တနိုင်ငံလုံးမှာပါ
ပထမဆု ၊ နံပါတ်တစ်ဆိုသည့် နေရာကနေ အောင်ဂေဇက်တိုင်းမှာ သူ မဆင်းတော့။ သူ့ကို နာကျဉ်အောင်
ပြောဆိုခဲ့ကြသူများကို ရန်တုံ့မမူဘဲ ကိုယ့်အရည်အသွေးကို ထူးချွန်အောင် ကြိုးစားပြခဲ့သည်။
(၄)
မြန်မာစာ
မြန်မာစကား၊ ဗုဒ္ဓတရားတော်များတွင် ယောနိသောမနသိကာရ ဆိုသော စကားလေး ရှိသည်။ မန်မာမှုပြုလျှင်
သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ သင့်တော်မှန်ကန်အောင် တွေးတောဆင်ခြင်ခြင်း
(စိတ်ကောင်းနှလုံးကောင်းရှိခြင်း)ဟု ဘာသာပြန်လျှင် ရမလားဘဲ။ အကြောင်းအရာတခု၊ အပြုအမူတခု၊
အတွေ့အကြုံတခု စသဖြင့် တခုခုနှင့် ကြုံရတိုင်း ကောင်းသည့်ဘက်က လက်ခံတတ်ဖို့ အရေးကြီးသည်။
ကောင်းသည့်အကြောင်းအရာဘက် ကောင်းသည့်အမူအကျင့် ဘက်၊ ကောင်းသည့် အိပ်မက်ဘက် ဦးတည်သွားလျင်ကား
ပြဿနာမရှိ။ အဆိုးဘက် ဦးတည်သွားပြီ ဆိုလျှင် အဲသည်အမူအကျင့်က လူကို တော်တော်လေး ဒုက္ခပေးနိုင်သည်။
မြတ်စွာဘုရားလက်ထက်က
နောက်ပါပရိသတ်ကြောင့် ဘုရားရှင်ရဲ့ ကဲ့ရဲ့မှုကို ခံရသည့် မထေရ်တပါး ရှိခဲ့ဖူးသည်။ အဲသည်မထေရ်က
သည်ပရိတ်သတ်ကြောင့် ဘုရားရှင်ငါ့ကို ကဲ့ရဲ့တာဆိုတော့ သည်ပရိသတ် ကြောင့်ပဲ ဘုရားရှင်ရဲ့
ချီးမွမ်းမှုကို ငါ ပြန်ရအောင် ကြိုးစားမယ်ဟု စိတ်ဆုံးဖြတ်ပြီး ပြုမူနေထိုင်ခဲ့သည်။
နောက်တော့ သူစိတ်ဆုံးဖြတ်ချက်အတိုင်း ဘုရားရှင်ကိုယ်တော်မြတ် ပြန်လည်ချီးမွမ်းခဲ့ရသည်။
သိပ္ပံပညာရှင်ကြီး အက်ဒီဆင်က လျှပ်စစ်မီးတီထွင်သည့်
အခါတုန်းက အောင်မြင်မှုမရတဲ့ အကြိမ်တွေကြုံတိုင်း (စိတ်ဓာတ်ကျမသွားဘဲ) ရှာဖွေလေ တွေ့ရှိလေဆိုသည့်
သဘောထားဖြင့် နောက်ဆုံး သည်နေ့ခေတ် လူသား တွေအတွက် အလင်းရောင် ဖန်တီးပေးနိုင်ခဲ့သည်။
တလောက
ဂျာနယ်တစောင်တွင် IQ နှင့် EQ အကြောင်းရေးထားတာ ဖတ်လိုက်ရသည်။ အရင်တုန်းက အောင်မြင်မှုရဖို့အတွင်
IQ နှင့် အဓိက ပေတံတိုင်းသည်ဟု ဆိုသည်။ အခုနောက်ပိုင်းကျတော့ IQ ချင်း တူသည့်သူအချင်းချင်း
ယှဉ်ပြိုင်လာရမည်ဆိုလျှင် EQမြင့်သူက သာစမြဲဟု ဆိုထားသည် မှာလည်း ယောနိသောမနသိကာရသာ
အခရာဟု ဆိုသည်နှင့် ဘာမျှ မခြား။
(၅)
ဆေးလိပ်မသောက်ဖြစ်အောင်
စေတနာနဲ့ ပြောခဲ့တဲ့သူငယ်ချင်းသာ ကိုယ် အခုလို ဖြစ်နေတာကို ကြားရင် သူရယ်သွမ်း သွေးနေမလား။
ဒါမှမဟုတ်။ ဂရုဏာဒေါသနဲ့ ငါသတိပေးခဲ့ရဲ့သားနဲ့။ စိတ်ကောင်းနှလုံးကောင်း ထားပြီး ငါသတိပေးသလို
မသောက်ဖြစ်ခဲ့ဘူးဆိုရင်လို့များ တွေးပြီး မချင့်မရဲ ဖြစ်နေမလား။
တကယ်လို့သာ
သည်အကြောင်းကို သူသိသွားလို့ ပြောဖြစ်ခဲ့ဦးမယ်ဆိုရင် “ သူငယ်ချင်းရေ… စိတ်ကောင်းနှလုံးကောင်းနဲ့
လက်မခံတတ်တဲ့ ကိုယ့်အတွက် နောင်တရမိပေမယ့် ယောနိသော (စိတ်ကောင်း နှလုံးကောင်းလေး)မွေးမြူတတ်ဖို့
အရေးကြီးတယ်ဆိုတာ သိသွားပြီးသူငယ်ချင်းရေ” ဟု ပြန်လည် ပြောလိုက်ချင်သေးသည်။
ဒါပေသည့်………
အခုတော့……………။ ။
နေသစ်မှူး
(၀၇၊၁၉၊၂၀၁၂) ည ၁၁း ၂၇ နာရီ
No comments:
Post a Comment