7/21/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၀)

အညိမ့်တစ်ခုရဲ့ အနှစ်သာရ (သို့မဟုတ်) ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၀)

(၁)
မနေ့ညနေက အဖြစ်အပျက်လေးကို ပြန်စဉ်းစားမိတိုင်း ရင်ခုံ ကြည်နူးရတော့မလိုလို၊ ကျေးဇူးတော်အနန္တ တင်ရမလိုလို။ ပြီးတော့ လွမ်းခွင့်လေး တွေးခွင့်လေး နွေးထွေးခွင့်လေး ပေးတဲ့ သူတို့တတွေကို သတိတရ ရှိနေရတော့မလိုလို။ အဲသည်လို လိုလိုတွေ မလိုလိုတွေ ပေးတတ်ကြတဲ့ သူတို့တတွေဆိုတာက ကိုယ့်ရဲ့ သူငယ်ချင်းတွေဆိုလည်း ဟုတ်၊ ကိုယ့်အတွက် အိမ်နီးနားချင်းကောင်းဆိုလည်း ဟုတ်တဲ့ ဂျက်စ်တင်နဲ့ တာရာ ( Justin + Tiara)  ဆိုတဲ့ ချစ်သူနှစ်ဦးရယ်ပါ။ 
(ကိုယ်နဲ့ ကိုယ့်ကျေးဇူးရှင်လေးတွေ တစ်ညသ၌ ဘီယာဘားမှာ)
တကယ်ဆို သူတို့နဲ့ ကိုယ်က လာမယ့် သြဂတ်စ်လ ၁၆ ရက်နေ့မှာမှ သိကျွမ်းခင်မင်ခဲ့ကြတာ တစ်နှစ်ပြည့် ရယ်။ ဒါပေသည့် ကိုယ်တို့တတွေက လ များမကြာခင်မှာပဲ တစ်ယောက်ကို တစ်ယောက် ငယ်ပေါင်းကြီးဖော်တွေလို။ တခါတော့ ကိုယ့်မိဘ ညီအကိုမောင်နှမတွေကို သတိရတယ်လို့ ပြောတော့ ဂျက်စ်တင်က " နေ - မင်းက ငါ့ကို ညီလို သဘောထား၊ တာရာ့ကို ညီမလေးလို သဘောထားပြီး ငါ့ အမေကို မင်းမိခင်လို သဘောထားပေါ့ကွာ"တဲ့။ တကယ်လည်း သူ့မိခင်ကြီး သူ့သားတော်မောင်ဆီ ရောက်တိုင်း ကိုယ့်အခန်းလေးကို ဂရုတစိုက်ရှိတတ်ပါရဲ့။ သည်ကြားထဲ ကိုယ့်ရဲ့သော်တာသစ်မှူး ဓာတ်ပုံလေးကိုတောင် တောင်းတောာင်းပြီး ကြည့်တတ်သေးရဲ့။


ရှုပ်ပွေညစ်ပတ်ပြီး ကိုယ့်ရဲ့အခန်းကျဉ်းလေးဟာ တကယ့်ကို မြင်ရသူအဖို့ မသက်မသာ ဖြစ်စရာပဲ လားတော့ မသိဘူး။ ကိုယ်ကတော့ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ဆိုတော့ ကိုယ့်အခန်းကို တလမှ တခါလောက်ပဲ သန့်ရှင်းရေးလုပ်ဖြစ်တယ်။ ကိုယ့်ဆီ အလည်လာတဲ့ မိတ်ဆွေအပေါင်းသင်းတွေဆိုလည်း တခါ လာပြီးတာနဲ့ နောက် ထပ်မလာဖြစ်ကြတော့တာပဲ များလေရဲ့။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်။ ထားပါတော့လေ။ သည်လိုနဲ့။ တနေ့ တာရာဆိုတဲ့ သူငယ်ချင်းမလေးက ပြောလာသည်။ " နေ... မင်းအခန်းကို ငါရှင်းပေမယ်။ နက်ဖန် ဂျက်စတင့်အမေလာရင် ငါတို့ နှစ်ယောက် ရှင်းပေးမယ်။ လောလောဆယ်တော့ နက်ဖန် မင်း အလုပ်သွားရင် မင်းအရေးကြီး တဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းထား။ ပြီးရင် မနက်မှာ ငါ့ကို မင်းအခန်းသော့ ပေးထားခဲ့"တဲ့။ 

စဉ်းစားဖြစ်သေးသည်။ ကောင်းပါ့မလား။ သူတို့ဆီက အကူညီယူဖို့။ ပြီးတော့ သည်နိုင်ငံမှာက ငွေမရဘဲ တော်ရုံနဲ့ လုပ်ပေးတတ်ကြတာမဟုတ်။ သူက ကိုယ်စဉ်းစားလွန်းမက စဉ်းစားနေပုံထောက်ပြီး ထပ်ပြောတော့ ကိုယ်လည်း သော့ကို ပေးထားဖြစ်ခဲ့သည်။ ကိုယ်အလုပ်က ပြန်လာတော့ သူတို့သားအမိ သုံးယောက်စလုံး ချွေးတွေ စို့ပြီး ကိုယ့်အိမ်ရှေ့မှာ အမောဖြေနေကြပြီ။ ကိုယ်ကလည်း တော်တော့်ကို ချာတဲ့သူ။ သူတို့တတွေ မောရင် သောက်ဖို့ ရေခဲ့သေတ္တာထဲမှာ ရေသန့်ဗူးလေးတောင် ထည့်မထားဖြစ်ခဲ့။ တော်တော့်ကို အားတုံ့အားနာဖြစ်ခဲ့ရသည်။ ကိုယ့်ကို မြင်တော့ ဂျက်စ်တင့်မိခင်ကြီးက " နေ.. မင်းအိပ်ယာခင်း လဲဖို့ လိုနေပြီ။ နက်ဖန် သမီးကြီး ဘရန်ဒီလာလိမ့်မယ်။ သူ့ကို ငါမှာထားတယ်။ အိပ်ယာခင်း အသစ်လဲဖို့။ ငါ့ဆီမှာ အသစ်ရှိတယ်" တဲ့။ ကိုယ် ဘာဆက်ပြောရမလဲ။ နွေးထွေးလိုက်တာ။ ကြင်နာဂရုစိုက်လိုက်တာ။

ဟိုးလွန်ခဲ့တဲ့ မြန်မာသင်္ကြန်ကာလ မတိုင်မီလေးဘဲ ကိုယ် ကားတိုက်မှုဖြစ်ခဲ့သည်။ အဲသည်တုန်းက တိုက်တာက ကိုယ်ရယ်။ မှားတာက တစ်ဘက်က မောင်းလာတဲ့သူ။ ဖြစ်စတုန်းက ကိုယ်က အတွေ့ကြုံက မရှိ။ စကားက ရေရေလည်လည် မပြောတတ်။ တစ်ဘက်သူက မင်းမှားတာ။ မင်းငါ့ကို တိုက်တာ။ မင်းအာမခံကုမ္မဏီနဲ့ မင်း ယာဉ်မောင်းလိုက်စင်ပေးဆိုပြီး လုပ်သည်။ ကိုယ်တော်တော်လေး စိတ်ပျက်သွား သည်။ ရဲကား မလာခင် အပြီးရှင်းထားမှ။ မဟုတ်ရင်... ။ ဒါနှင့် ပူထူပြီး ကိုယ့်အသိသူငယ်ချင်းတွေဆီ ဖုန်းတွေ စွတ်ခေါ်သည်။ တစ်ယောက်မှ မအားကြ။ နောက်ဆုံးတော့ ကိုယ့်ဘော်ဒါတွေ (ဂျက်စ်တင်နဲ့ တာရာ)ဆီခေါ်လိုက်တော့မှ သူတို့က ဆယ်မိနစ်အတွင်းရောက်လာသည်။ ။ ဖြစ်စဉ်ကို သူတို့ကို ပြောပြ လိုက်တော့ သူတို့က "နေ မင်းမှားတာ မဟုတ်ဘူး။ သူ သက်သက်မဲ့ ညစ်နေတာ"လို့ ပြောပြီး ရဲကို ဖုန်းခေါ်သည်။ သူတို့ ရောက်မလာခင်တုန်းက ကိုယ်က အမှား။ ကိုယ်က လျော်ပေးရတော့မလို့။ သူတို့ ရောက်လာပြီး ရဲရဲ့မှတ်ချက်က ကိုယ်က အမှန်၊ တဘက်လူက အမှားဖြစ်သွားသည်။ အဲသလို ကိုယ့်ကို ကူညီခဲ့သူတွေ။

(၂)
သူတို့တတွေ ကိုယ့်အခန်းလေးကို သန့်ရှင်းရေးလုပ်ပေးပြီး နောက်တစ်ရက်။ တာရာက မေးသည်။ " နေ.. မင်း သည်ဖန်ခွက်ကြီးထဲ ရေထည့်ပြီး ဘာလုပ်တာလဲ" တဲ့။ သူ ပြောသည့် ဖန်ခွက်ကို ကြည့်လိုက်တော့ ဘုရားသောက်တော်ရေခွက်။ တကယ်တော့ သည်ဖန်ခွက်ကြီးက တခါမှ မသုံးရသေးသည့် ဘီယာသောက်သည့် ဖန်ခွက်။ သူတို့ ကိုယ့်မွေးနေ့တုန်းက လက်ဆောင်ပေးခဲ့သည့်ခွက်ဖြစ်သည်။ အဲသည်တုန်းက ကိုယ်က သည်ခွက်က အကြီးကြီးဆိုတော့ ဘုရားသောက်တော်ရေခွက်အဖြစ် အသုံးပြုလိုက်ရင် သူတို့လည်း ကုသိုလ်ရ၊ ကိုယ်လည်း ကုသိုလ်ရဆိုပြီး ဘုရားသောက်တော်ရေခွက်အဖြစ် စတင် အသုံးပြုလိုက်ခြင်းဖြစ်သည်။ 

အခုတော့ အဲသည်သူတို့ မွေးနေ့လက်ဆောင်ပေးခဲ့ကြသည့် ဖန်ခွက်ကြီးအကြောင်းပဲ မေးနေကြပြန်ပြီ။ဘယ်လိုဖြေရှင်းပြရပါ့။ ယုံကြည်သက်ဝင်မှု မတူကြသည့် နှစ်ဦးနှစ်ဘက်အကြား တစ်ယောက်ကို တစ်ယောက် ၊ တစ်ဘက်ကို တစ်ဘက် ငြိမ်းချမ်းလေးစားစွာ အတူနေထိုင်ကြဖို့ နာလည်မှုက ၉၉ ရာခိုင်နှုန်း မျှ အရေးကြီးသည်။ သို့ဖြင့် ကိုယ်က ဗုဒ္ဓဘာသာဖြစ်လာခြင်းရဲ့အကြောင်း ပြီးတော့ ကိုယ်တို့ ကိုးကွယ်ကြသည့် ဗုဒ္ဓဟူသည့် မဟာလူသားအကြောင်း၊ ဗုဒ္ဓကို ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေက မည်ကဲ့သို့ လေးစားကိုးကွယ်ယုံကြည်ကြသည့်အကြောင်း ရှင်းပြဖြစ်သည်။ ပြီးတော့ ခဏ ငါးမိနစ်လောက်စောင့်ဆိုပြီး ကိုယ်က အွန်လို်င်းကနေ တရားဓမ္မအချို့ကို ရှာဖွေကြည့်လိုက်သည်။ သူတို့တတွေကို ဘာကြောင့် သောက်တော်ရေချမ်းကပ်လှူဒါန်းရတာလဲဆိုသည့် အဖြေကို ကိုယ်လက်လှမ်းမီသလောက် ရှင်းပြဖြစ်သည်။ 

သူငယ်ချင်းနှစ်ယောက်ခမျာတော့ တကယ်သဘောတူ လက်ခံကြတာပဲလား၊ သံသယနဲ့ ခေါင်းညိမ့် သွားကြ တာပဲလား၊ မပြောတတ်။ ခေါင်းတွေက တညိမ့်ညိမ့်။ အဲသည်လို ခေါင်းတွေ ညိမ့်နေကြ တာတွေ့တော့ ကိုယ်က အမှတ်မထင် တစုံတခုကို သတိရပြီး ပြုံးဖြစ်လိုက်သည်။ အဲသည်အပြုံးကို မိမိရရ ဖမ်းမိလိုက်သော ဂျက်စ်တင်က ဘာကြောင့် ပြုံးတာလဲတဲ့။ အစတော့ ကိုယ်က ပြန်ရှင်းပြတော့ မလို့။ ဒါပေသည့် သူ့မိခင်ကြီးက လှမ်းခေါ်နေသဖြင့် သူတို့လည်း အချိန်မရတော့။ ကိုယ်လည်း ဆက် မရှင်းပြဖြစ်တော့

(၃)
ရှင်တော်ဘုရား ခြောက်နှစ်တာ ပတ်လုံး ဒုက္ကရစရိယာအကျင့် ကျင့်ပြီး သိပ်မကြာခင် သဗ္ဗညုတ ဥာဏ်တော်ရှင် အဖြစ် ဖြစ်တော်မူခဲ့သည်။ ဘုရားအဖြစ်ရောက်တော်မူပြီး မည်သူ့ကို ပထမဆုံး တရားဦးဟောရမလဲဟု ဆင်ခြင်သုံးသပ်တော်မူသောအခါ  ပဉ္စ၀ဂ္ဂီငါးဦးကို မြင်တော်မူပြီး ပဉ္စ၀ဂ္ဂီငါးဦးရှိရာ ဥရုဝေလတောသို့ ကြွတော်မူခဲ့သည်။ အဲသည်တုန်းက လမ်းမှာ တက္ကဒွန်းတစ်ဦးကို တွေ့ခဲ့သည်။ တက္ကဒွန်းကြီးက ရှင်တော်ဘုရားကို မြင်ပြီး " ငါ့ရှင်  ငါ့ရှင်ရဲ့ ရုပ်ရည်အဆင်းရူပကတွေက တယ်ကို ကြည်လင်တာပဲ၊ မင်း ဆရာ ဘယ်သူပါလိမ့်၊ သိပါရစေ" လို့ မေးမြန်းစူးစမ်းသည်။ ရှင်တော်ဘုရားက " သူ့မှာ လောကုတ္တရာဆရာ မရှိတဲ့အကြောင်း ရှင်းပြပြီး ငါ့နာမည်က ဇိနမည်တဲ့အကြောင်း ရှင်းပြတော်မူသည့် အခါ အဲသည်တက္ကဒွန်းက ဟုပေယျာဝုသော - ငါ့ရှင် ဟုတ်ပေမှာပဲဆိုတဲ့ အတွေးလေး နဲ့ ခေါင်းလေးညိမ့်ပြီး ရှင်တော်ဘုရားကို လမ်းခွဲသွားသည်ဟူသတတ်။

အခုလည်း ကိုယ့်ကျေးဇူးရှင်လေးတွေက ကိုယ်တို့ ဘာကြောင့် ဗုဒ္ဓကို ကိုးကွယ်ကြတာလဲ၊ ဘာကြောင့် သောက်တော်ရေချမ်း ကပ်လှူဒါန်းဖြစ်ကြတာလဲဆိုသည့် အကြောင်းတွေကို နားထောင်ပြီး ခေါင်းတွေ ညိမ့်နေကြသည်။ အဲသည် သူတို့ညိမ့်လိုက်သည် ခေါင်းတွေက ခုနက တက္ကဒွန်းကြီး ညိမ့်ခဲ့သည့် အညိမ့်မျိုးနဲ့ မတူနိုင်ပေဘူးလား။ တကယ်လို့ တူခဲ့မယ်ဆိုရင် ... သူတို့ ရနိုင်သည့် အကျိုးကျေးဇူးအချို့ ကော မဆုံးရှုံးသွားနိုင်ဘူးလား။ တကယ်လို့ မတူခဲ့ဘူးဆိုရင် သူတို့လေးတွေ စိတ်ဝင်စားနေသည့် ဘာသာတရားတခုအကြောင်း ဆက်ပြောမပြသင့်ဘူးလား။

(၄)
တကယ်လို့ ကိုယ်ပြုံးဖြစ်ခဲ့သည့် အပြုံးတခုအကြောင်း ရှင်းပြဖြစ်ခဲ့မယ်ဆိုရင် ရှင်တော်ဘုရားကို ဦးဆုံးတွေ့ပြီး တွေ့ရုံနဲ့တင် ပြီးဆုံးသွားခဲ့သည့် တက္ကဒွန်းတစ်ယောက်အကြောင်း ရှင်းပြဖြစ်ပေဦးမည်။ အဲသည်လို အခြားတဘက်ကနေလည်း သူတို့လေးတွေ ကိုယ်ရှင်းပြသည့်အကြောင်းကို နားလည် မလည်၊ ကိုယ်တို့ယုံကြည်မှုတွေ သူတို့သာဆို လက်ခံနိုင် မနိုင်ဆိုတာလေးတွေကိုပါ သိချင်လှသေးသည်။

ကိုယ်စီ ပြန်လည် ပြောခွင့်ရကြ ဦးမယ်ဆိုရင်ပေါ့လေ။

နေသစ်မှူး
(၀၇၊၂၁၊၂၀၁၂) ည ၁၀း၅၉ နာရီ
(သည်စာကို လွန်ခဲ့တဲ့ လေးလလောက်ကတည်းက စ ရေးဖြစ်ပါတယ်။ အဆုံးမသတ်ဖြစ်တာနဲ့ ။ အခုမှပဲ အချောသတ်ဖြစ်ခဲ့တာပါ)

No comments:

http://h1.ripway.com/twinpoe/favicon.ico