5/25/09

ထိမှန်ခဲ့သော ဆေးစက်များ (၁)

ဒီနေ့ဆို သူ အမေရိကားသို့ ရောက်ခဲ့သည်မှာ တစ်လတိတိ ပြည့်ပြီ။ အိုဘားမား သမ္မတသက်တမ်း ရက်ပေါင်း (၁၀၀) ပြည့်တော့ မီဒီယာတွေက အမျိုးမျိုးလွှင့်ပေးနေကြသည်ကို ကြည့်ခဲ့ရသည်။ အခု သူ့မှာ .... ကိုယ်ပိုင် မီဒီယာက မရှိတော့၊ ကိုယ်အနိုင်ကျင့်လို့ ရတဲ့ မီဒီယာကနေပဲ ကိုယ့်အကြောင်းကို ကိုယ့်ဘာသာ ဘုရားဒကာ ဖြစ်ကြောင်း ပြောလိုက်ချင်သေးသည်။ ဆိုတော့....

ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့က စင်္ကာပူကနေ အမေရိကသို့ ထွက်လာခဲ့သည်ဆိုတော့ အခုဆို (၁)လတိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ သည်တစ်လအတွင်း ဘ၀အတွက်၊ အများအတွက် သင်ယူစရာ၊ လေ့လာစရာ၊ အတုယူစရာ တွေက ဟိုတစ သည်တစ်စ။ ဘယ်ကနေ စ ကောက်ရမှန်းမသိတော့သော အကြောင်းအရာများကား ပြည့်နှက် နေသည်။ သူတို့ ရွာသားတွေအများစု ထင်နေကြသည်က အမေရိကဆို Sexy ဖြစ်မယ့် မြင်ကွင်းတွေချည်းဟု ထင်နေကြသည့်အထင်နှင့် ယခု မြင်နေရသော မြင်ကွင်းတို့ကား တစ်ခုခုတော့မှားနေသည်ဟု ဦးစွာထင်နေမိ သည်။ ထားတော့၊ အခုတော့ “ဒီတစ်ပါတ်အတွင်း မြင်ကွင်း”လေးကိုပဲ ရေးနေချင်မိပါသည်။

(၁)
သူရောက်ရှိနေထိုင်သည့် မြို့ကလေးမှာကလောမြို့လေးလို အေးချမ်းလှသည်။ သို့သော် ထင်းရှုးပင် တော့မရှိပါ။ အေးတာတစ်ခုနှင့် သာယာသည့်အခြေအနေကိုသာ ကြည့်ပြောခြင်းဖြစ်ပါသည်။ အအေးဓာတ်နှင့် ဆေးလိပ်မပြတ်သော သူသည် ဆေးလိပ်မရှိက မနေတတ်ခဲ့ချေ။ သို့ဖြင့် သူငယ်ချင်း ဈေးသွားသည့်အခါ လိုက်ပါသွားရင်း ဆေးလိပ်ဝယ်ဖို့ ဆိုင်းပြင်းမိသည်။ ပြဿနာက ဆိုင်တိုင်း ဆေးလိပ်မရှိ၊ မရောင်းကြ၊ ရောင်းခွင့်မရှိကြဟု သိရသည်။ သို့ဖြင့် ဆေးလိပ်သောက်ရဖို့ အရေး တော်တော်လေး လမ်းလျှောက်ယူရသည်။ ဆေးလိပ်ရောင်းဖို့ အတွက် အထက်ကို ရောင်းခွင့်တင်ရသေးတယ်ဟု သူငယ်ချင်းက ပြောတော့ ရွှေပြည်ကြီးကို မြင်ယောင်လိုက်မိသည်။ သူတို့ဆီးဆေးလိပ်ရောင်းသည့်ဆိုင်ဆိုတာလည်း တကယ်တော့ ဓာတ်ဆီဆိုင် ဆိုရင်သာ ရဖို့သေချာသည် ထင်၏။ သို့ဖြင့် သူငယ်ချင်းနှင့် ဓာတ်ဆီဆိုင်ရောက်တော့ မာဘိုရိုတစ်ဘူး မှာလိုက်သည်။ သို့သော် အရောင်းဝန်ထမ်းက မပေးသေး။ “မင်း IDကဒ်ကော”တဲ့။ ဒုက္ခတော့ ရောက်ရချည်ရဲ့ ဟုသာ တွေးမိလိုက်သည်။ သူ့မှာက ဘာကဒ်မှ မရှိသေး၊။ သူငယ်ချင်းက သူ့ကဒ်ထုတ်ပြလိုက်မှ အဆင်ပြေသွားသည်။ ဘာကြောင့်လည်းဟု စပ်စုလိုက်တော့ “အသက်ပြည့်မပြည့် ကြည့်တာ”တဲ့။ အသက်မပြည့်ဘဲရောင်းမိရင် ၀ယ်တဲ့သူကိုယ်တိုင်က “ကျွန်တော့်ကို အသက်မပြည့်ပဲရောင်းလိုက်ကြောင်း တိုင်လို့ ရသည်ဟူ၏”တဲ့ ။ ဆေးလိပ်ဝယ်ပြီး ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ရွာက ကိုဖိုးဝဆိုင်မှာ အသက်ရှစ်နှစ်အရွယ် သူ့တူလေး ဆေးလိပ်ပြေးပြေး ၀ယ်နေတဲ့ မြင်ကွင်းက ဆေးလိပ်မီးခိုးလို အမြင်တန်းပြီး ပါလာခဲ့ပါတော့သည်။

(၂)
သူ အမေရိကားကို ရောက်ပြည်ဆိုတော့ အွန်လိုင်းပေါ်တွင် သူငယ်ချင်းတော်တော်များက ဘာထူးလဲဟု မေးလေ့ ရှိကြသည်။ သူကတော့ ဘာမျှ ရေရေလည်လည် မပြောဖြစ်ခဲ့။ အခုတော့ သတိရလို့ ပြောချင် သည့်အကြောင်းလေးရှိပါသည်။ အဲဒါက တိရစ္ဆာန်အခွင့်အရေးပါ။ သူ အမေရိကားသို့ ရောက်တော့ ပထမဆုံး ဆင်းဖြစ်တဲ့လေဆိပ်မှာ ဟူစတန်လေဆိပ်ဖြစ်ပြီး အော်စတင်မြို့တွင် ခဏတည်းခိုနေထိုင်ခဲ့သည်။ သီတဂူဆရာတော်ဘုရား၏ သီတဂူဝိဟာရ(အောင်စတင်)တွင် တည်းခိုခဲ့သည်။ ဆိုတော့ သီတဂူဝိဟာရတွင် နေထိုင်စဉ် သမင်တော်တော်များများက ကျောင်းထဲတွင် တစ်နေကုန်နေထိုင်ကျက်စားနေသည်ကို တွေ့ရသည်။ ထိုစဉ်ကတော့ အော် ငါကိုက တောကြီးထဲရောက်နေလို့ ဒီတိရစ္ဆာန်လေးတွေ မြင်တာ နေမှာလို့ပဲ တွေးဖြစ်ခဲ့ သည်။ ထိုအတွေးက အခုတော့ အစ ပြန်ပေါ်လာသည်။ သူ တလောက သူငယ်ချင်းနှင့်အတူ လမ်းလျှောက်လိုက် သွားတော့ ဘောလုံးကွင်းထဲတွင် သမင်လေးများ ပြေးလွှားနေခြင်းနဲ့အတူ အိမ်နောက်ဘက် က ခြံထဲမှ သစ်ပင်များတွင်း ရှဥ့်အကောင်များစွာ ပြေးလွှားစော့နေကြသည်ကို သတိရမိသည်။

သို့ဖြင့် အသိမိတ်ဆွေများကို မေးမိသောအခါ “ဒီမှာက တိရစ္ဆာန်တွေကို ဘာအနှောက်အယှက်မှ မပေးဘူး။ ပေးရင်လည်း အရေးယူလို့ ရတယ်။ တလောကဆို ၀က်မွေးတဲ့သူတစ်ယောက်က ၀က်တွေကို ၀က်ခြံထဲမှ ပြွတ်ကျပ်နေအောင်ထားတယ်တဲ့။ သူကတော့ ၀က်တွေ ပြွတ်ကျပ်ပြီး ၀လာရင် လမ်းမလျှောက်ဖြစ် တော့ ပိုအသားတိုးအောင်တဲ့။ အခုတော့ အဲဒီလို ၀က်တွေကို ပြွတ်သိပ်အောင်ထားမှုနဲ့ တရားစွဲခံရတယ်တဲ့။”

မိတ်ဆွေပြောတဲ့စကားကို နားထောင်နေဆဲမှာပဲ သမင်လေးတစ်ကောင် ပြေးလွှားနေသည့် မြင်ကွင်းက မျက်စိထဲဝင်လာသည်။ မိတ်ဆွေ ဆက်ပြောနေသည့် စကားလုံးတွေက သူ့နားထဲ မ၀င်တော့။ သူ့ရင်ထဲမှာ ခံစားနေမိသည်က “အော် ကမ္ဘာပေါ်မှာ တိရစ္ဆာန်ချင်းအတူတူ ဖြစ်ခဲ့တာတောင်မှ လူလိုသူလို တိရစ္ဆာန်အခွင့် အရေးရတာခြင်း တယ်ကွာပါလား”ဆိုတဲ့အသိနဲ့ ရွာက ၀က်တွေကို သတိနေမိပါတော့သည်။

1 comment:

KOTAMAR said...

ကိုနေသစ်ရေ ..
ဒီစာလေးဖတ်လိုက်တာ ရင်ထဲမှာ တကယ်ခံစားရတယ်။ ဘာလဲဆိုတော့ ရွာလွမ်းစိတ်နဲ့ အဲဒီထဲက ရွှေပြည်ကြီး ဆိုတဲ့ စကားလုံးလေးအပေါ် ရင်ထဲမှာ ဘယ်လိုမှန်းမသိတာတွေ ခံစားရတယ်။ လောလောဆယ် ယမကာ လည်း အရှိန်နဲနဲ ရနေတယ်။

အင်တာနေရှင်နယ် တောသားကြီးထဲက ကိုတောသားကြီးဖြစ်ချင်နေတဲ့
တွင်းပိုး တစ်ကောင်

http://h1.ripway.com/twinpoe/favicon.ico