Showing posts with label Village Scent. Show all posts
Showing posts with label Village Scent. Show all posts

5/25/10

မိုးသက်လေပြင်းကြောင့် စာကြည့်တိုက်အဆောက်အဦ အနည်းငယ်ပျက်စီးသွား


မေလ (၇)ရက်ခန့်က တိုက်ခတ်သွားသော မိုးသက် လေပြင်းကြောင့် ဘ၀ဘဏ်စာကြည့်တိုက်နှင့် စာဖတ် အသင်း အဆောက်အဦ အနည်းငယ်ပျက်စီးသွားပါသည်။ ထို့ပြင် စီမံကိန်းအရ ငွေသာတွင်း (တွင်းထဲ)ကျေးရွာ လူထု ပြောင်းရွေ့နေထိုင်ရန် ဆောက်လုပ်ပေးထားသည့် ရွာသစ်မှ အိမ်များ အားလုံးနီးပါးခန့် (သုံးလုံးသာကျန်) လည်း ပြိုလဲပျက်စီးသွားရာ အသစ်ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေကြပါသည်။ သို့သော် ယခုအသစ် ဆောက်ရမည့် အိမ်များအတွက် စီမံကိန်းမှ အနည်းငယ်သာ တာဝန်ယူကြောင်း သိရပါသည်။

12/1/09

ဆွမ်းဆန်တော် လောင်းလှူပွဲ( တောင်ပေါ်)

တောင်ပေါ် လွမ်းစေတီ


ဆွမ်းလောင်းကုသိုလ်ရဖို့ ယခုလို မမောမပန်း တက်ကြရ

ဆွမ်းလောင်းပွဲ လာကြသူအချို့

တကယ်တော့ ကျွန်တော်တို့ရွာလေးဟာ ၁၂ လရာသီ ပွင့်တဲ့ ပန်းတွေလိုပဲ ၁၂ လ လုံးလုံး ဆွမ်းလောင်းပွဲတွေ ဘာပွဲ ညာပွဲတွေနဲ့ ပြည့်ကျပ်နေတဲ့ ရွာလေးပါ။ အခုလို နတ်တော်လ ချမ်းချမ်းအေးအေးနဲ့ နေခြည်နွေးနွေးလေးရတဲ့ အချိန် နတ်တော်လပြည့်နေ့မှာ တောင်ပေါ်မှာရှိတဲ့ စေတီတော်မြတ်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းတွေ ဆက်ကပ်ဖို့ အားခဲတက်ရောက်လေ့ရှိကြပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ၈၀၈ ပေမြင့်တဲ့ တောင်ကြီးပေါ်ကို ကုသိုလ်ရေး၊ ရပ်ရေး ရွာရေးဆိုတဲ့ အသိလေးတွေနဲ့ ကျွန်တော်တို့တတွေ မမောမပန်း တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ရွာလေးရဲ့ ဓလေ့ထုံးစံ ကုသိုလ်ပွဲဖြစ်တဲ့ တောင်ပေါ်ဘုရားပွဲလေးကို အများသူငါ သာဓုခေါ်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။

တဆက်တည်း ကျွန်တော်တို့ ရွာလေးအခြေအနေမှန်ကို တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ ယခု လောလောဆယ်ရက်အတွက် ကျွန်တော်တို့ ရွာက အိမ်ခြေအချို့ ရွာသစ်ကို မဖြစ်မနေ ပြောင်းရွေ့နေရပြီဖြစ်ကြောင်းပါ။ ကျွန်တော်တို့ ရွာကနေ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ကျွန်တော် မောင်တွင်းပိုးလို တွင်းပိုးလေးတွေ၊ အခြားတွင်းကြည့်လာဖူးကြသူတွေ၊ ဘူမိဗေဒကျောင်းတော်ကြီးသားတွေ အနေနဲ့ တကယ်လို့များ ကျွန်တော်တို့ ရွာကို အလည်လာကြဦးမယ်ဆိုရင် မျက်စိလည် နေကြမှာစိုးလို့ အသိပေးလိုက်ပါတယ်ဗျာ။

အားလုံးပဲ အဆင်ပြေ ချမ်းမြေ့ကြပါစေ။

11/19/09

ရွာပြောင်းရွေ့ရမည်



ငွေသာတွင်းရွာသည် သဘာဝစပီရူလိုင်းနား ထွက်ရာ ဒေသများတွင် ပါဝင်သော ဒေသဖြစ်ရာ ယခုအခါ စပီရူလိုင်းနားတိုးချဲ့ထုတ်လုပ်နိုင်ရန်ဟူသော ခေါက်းစဉ်သစ်အောက်တွင် မကြာခင် အပြီး ပြောင်းရွေ့ရတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ တွင်းကြီး၏ နံဘေးပတ်လည် ကုန်းထိပ်များတွင် တည်ရှိသော ရွာသုံးရွာမှ အပ တွင်းထဲ(ကျင်းထဲ)နေမည့် အိမ်များ အားလုံး၊ မိသားစုအားလုံး အထက်ဓာတ်ပုံပါအတိုင်း အစားထိုးဆောက်ပေးသော အိမ်များသို့ ပြောင်းရွေ့ရမည်ဖြစ်ကြောင်း သိရသည်။ ယခင်ကလည်း ရွေ့ခိုင်းခဲ့ဘူးသော်လည်း တကယ် မပြောင်းရွေ့ခဲ့ရပေ။ ယခုအခါ အိမ်အားလုံးဆောက်ပြီးသည်ဖြစ်သောကြောင့် ပြောင်းရွေ့ခိုင်းနေပြီး အများစုက ပြောင်းရွေ့လိုချင်စိတ်မရှိသောကြောင့် မရွေ့ကြသေးဘဲ သည်အတိုင်းဆက်နေကြသည်ဟု သိရပါသည်။

11/13/09

ရွှေမုဌောစေတီတော်မြတ်ကြီး ဆွမ်းလောင်းပွဲ



ရွှေမုဌောစေတီတော်မြတ်ကြီး၏ ဆွမ်းဆန်တော်လောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့က ကျင်းပခဲ့ရာ ကျွန်တော်+ကျွန်မတို့ စုပေါင်းပြုလုပ်အပ်သော ကုသိုလ်များကို သုံးဆယ်တစ်ပုံ ဝေနေယျအပေါင်းအား အမျှပေးဝေပါတယ်

10/30/09

ငွေသာတွင်းရွာ၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ငွေသာတွင်းရွာတွင် တည်ရှိသည့် သမိုင်းဝင်ရွှေမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၉)နာရီတွင် စတင်ကျင်းပပူဇော်မည်ဖြစ်ပါသည်။ ထိုဗုဒ္ဓပူဇနီယပွဲတော်ကြီးတွင် ပင့်သံဃာတော် အပါး(၈၀)ခန့်အား သံဃာဒါနဆွမ်းလောင်းခြင်း၊ စာရေးတံမဲဖောက်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြမည်ဖြစ်ပြီး အမြင့်ဆုံး စာရေးတံမဲမှာ န၀ကမ္မ၀တ္ထုငွေကျပ် (၅၅၀၀၀)နှင့် သင်္ကန်းဒွိစုံတစ်စုံ ဖြစ်ပါသည်။

နတ်လူသာဓုခေါ်စေသော်

6/2/09

ရွာနတ်ပွဲ

တွင်ရွာ ၊နတ်ပွဲဈေး

ဘကြီးပွဲဈေး

အပြန်

နတ်စင်သို့အလာ

နတ်စင်ရှေ့
ပြီးခဲ့သည် နယုန်လဆန်း(၉)ရက်နေ့က ကျင်းပခဲ့တဲ့ ကျုပ်တို့ရွာ နတ်ပွဲသတင်း

အညာဒေသက နတ်ပွဲ တော်တော်ပေါသည်။ ကြည့်ပါဦး၊ အလုံနတ်ပွဲ။ ရတနာ့ဂူပွဲ။တောင်ပြုန်းပွဲစသည် စသည်ဖြင့်။ တိုင်းသိပြည်သိပွဲတွေ ရှိသည်။ ကျုပ်တို့ရွာလို နယ်တွင်းပွဲလေးတွေကလည်း ဟိုတစ သည်တစ်။ ကျုပ်တို့နယ်မှာတော့ ဘကြီးပွဲ။ ယင်မာပင်ဘက်၊ဆားလင်းကြီးဘက်မှာတော့ အမေကြီးပွဲတဲ့။
အခုလည်း ပြီးခဲ့တဲ့ နယုန်လဆန်း(၉)ရက်နေ့က ကျုပ်တို့ရွာမှာ နတ်ပွဲကျင်းဖြစ်သည်။နှစ်စဉ်အတိုင်းပေါ့လေ။ ကျုပ်တို့ရွာကထက် နဘေးနတ်ယုံသူတွေက ပိုသည်းမယ်ထင်တယ်။ ဟိုဟာလေးဖြစ် နတ်စင်တက်။ ဒီဟာလေးဖြစ် နတ်ပူဇော်။ ကြာတော့ မင်္ဂလာဆောင်၊နွားပျောက်တာက အစ နတ်နဲ့ မကင်း။ လင်းမယားကွဲတာ ပြန်ပေါင်းလား၊ ပျောက်တဲ့နွားပြန်တွေ့လားတော့ မသိဘူး။ နတ်ကတော်အိမ်ကတော့ အဆင်ကိုပြေလို့ပဲလေ။
ဘာတဲ့ ကျုပ်တို့ရွာမှာ ကလေးမွေးပြီဆိုရင် နတ်စင်သွားပြီး “ဘကြီးကျွန်တစ်ယောက် တိုးပါပြီတဲ့” ။တိုင်ရ သည် ဆိုပဲ။ ဒါနဲ့ ကျုပ်တို့က ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ အနေများတော့ ဘုန်းကြီးကိုရင်တွေ ပြောတာတွေ ပြောလို့လား၊ ဘာသာရေးအခြေခံ ရှိသွားလို့လားမသိဘူး။ နတ်ပွဲဆို မတက်ဘူး၊ ကန်တော့်ခိုင်းရင် ဝေလာဝေး။ ဒီအတွက် အမေက စိတ်ပူပြီး ကျုပ်အစား ခဏခဏတောင်းပန်ရတာလည်းအမော၊ လဘက်ဆိုင် အော်ဒါမှာလောက်အောင် ဘကြီးနတ်ကို လဘက်တစ်ရိုးဘာညာနဲ့ ပူဇော်။
မှတ်မိသေးတယ်။ သိပ်မကြာသေးဘူး။ ကျုပ်အသိ ဗေဒင်ဆရာ ဟောတယ်။ မိန်းကလေးအရှုပ်ရှိတယ်တဲ့။ အဲဒါလေး အဆင်ပြေအောင် ၀က်သားနဲ့ အရက်ရှောင်ပါတဲ့လေ။ ဘယ်ရမလဲ။ အလိုလို သူပြောတဲ့မိန်းကလေးအရှုပ်က ကိုယ်လိုချင်တဲ့အရှုပ်ကိုး။ ဖြစ်ပလေးစေဆိုပြီး ၀က်သားတွေလှိမ့်စား။ မိန်းကလေးမြင်ရင် စ။ အမေကလည်း နတ်ထွက်လို့ ဆိုပြီး အမေက နတ်စင်သွားပြီး ပူဇော်။ အဲအမေက ပြောသေးတယ်။ ဟဲ့ နင့်ဒီလိုနေနိုင်တာ ဘကြီးကျေးဇူးတဲ့။ ကျုပ်ကို အမေပြောတော့ ကျုပ်ဘယ်ငြိမ်ခံမလဲ။ ဘယ်ရမလဲဗျ။ အမေကလည်းဗျာ နေ့တိုင်း ကျုပ်ရွတ်နေတဲ့ပဌာန်းတန်ခိုးက သွားရောတဲ့လားဗျ။ ဘကြီးဆိုတာ ဟိုး အမေကြီးနဲ့ ကွဲနေလို့ ယင်မားပင်ဘက်လိုက်သွားတာဖြင့် ကြာပေါ့။ မယုံရင် အမေကြီးပွဲ လိုက်သွားကြည့်ဗျာဆိုတော့ အမေလည်း စိတ်တိုရခက်၊ ရယ်ရခက်။ မျက်နှာမတည်မမဲ့နဲ့ “ဘကြီးရယ် ဘကြီးသား ဒီလိုဆော်ကားတာကို ဗွေမယူပါနဲ့။မလိမ်မို မလိမ္မာလေးမို့ပြောမိတာပါ”တဲ့။
ကျုပ်လည်း စိတ်တိုတိုနဲ့ လှည့်ထွက်ခဲ့တယ်။
အဲဒီလောက်ထိ နတ်ကို ကိုးကွယ်ကြတာ။
(Photo by Ye Min)

5/25/09

ထိမှန်ခဲ့သော ဆေးစက်များ (၁)

ဒီနေ့ဆို သူ အမေရိကားသို့ ရောက်ခဲ့သည်မှာ တစ်လတိတိ ပြည့်ပြီ။ အိုဘားမား သမ္မတသက်တမ်း ရက်ပေါင်း (၁၀၀) ပြည့်တော့ မီဒီယာတွေက အမျိုးမျိုးလွှင့်ပေးနေကြသည်ကို ကြည့်ခဲ့ရသည်။ အခု သူ့မှာ .... ကိုယ်ပိုင် မီဒီယာက မရှိတော့၊ ကိုယ်အနိုင်ကျင့်လို့ ရတဲ့ မီဒီယာကနေပဲ ကိုယ့်အကြောင်းကို ကိုယ့်ဘာသာ ဘုရားဒကာ ဖြစ်ကြောင်း ပြောလိုက်ချင်သေးသည်။ ဆိုတော့....

ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့က စင်္ကာပူကနေ အမေရိကသို့ ထွက်လာခဲ့သည်ဆိုတော့ အခုဆို (၁)လတိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ သည်တစ်လအတွင်း ဘ၀အတွက်၊ အများအတွက် သင်ယူစရာ၊ လေ့လာစရာ၊ အတုယူစရာ တွေက ဟိုတစ သည်တစ်စ။ ဘယ်ကနေ စ ကောက်ရမှန်းမသိတော့သော အကြောင်းအရာများကား ပြည့်နှက် နေသည်။ သူတို့ ရွာသားတွေအများစု ထင်နေကြသည်က အမေရိကဆို Sexy ဖြစ်မယ့် မြင်ကွင်းတွေချည်းဟု ထင်နေကြသည့်အထင်နှင့် ယခု မြင်နေရသော မြင်ကွင်းတို့ကား တစ်ခုခုတော့မှားနေသည်ဟု ဦးစွာထင်နေမိ သည်။ ထားတော့၊ အခုတော့ “ဒီတစ်ပါတ်အတွင်း မြင်ကွင်း”လေးကိုပဲ ရေးနေချင်မိပါသည်။

(၁)
သူရောက်ရှိနေထိုင်သည့် မြို့ကလေးမှာကလောမြို့လေးလို အေးချမ်းလှသည်။ သို့သော် ထင်းရှုးပင် တော့မရှိပါ။ အေးတာတစ်ခုနှင့် သာယာသည့်အခြေအနေကိုသာ ကြည့်ပြောခြင်းဖြစ်ပါသည်။ အအေးဓာတ်နှင့် ဆေးလိပ်မပြတ်သော သူသည် ဆေးလိပ်မရှိက မနေတတ်ခဲ့ချေ။ သို့ဖြင့် သူငယ်ချင်း ဈေးသွားသည့်အခါ လိုက်ပါသွားရင်း ဆေးလိပ်ဝယ်ဖို့ ဆိုင်းပြင်းမိသည်။ ပြဿနာက ဆိုင်တိုင်း ဆေးလိပ်မရှိ၊ မရောင်းကြ၊ ရောင်းခွင့်မရှိကြဟု သိရသည်။ သို့ဖြင့် ဆေးလိပ်သောက်ရဖို့ အရေး တော်တော်လေး လမ်းလျှောက်ယူရသည်။ ဆေးလိပ်ရောင်းဖို့ အတွက် အထက်ကို ရောင်းခွင့်တင်ရသေးတယ်ဟု သူငယ်ချင်းက ပြောတော့ ရွှေပြည်ကြီးကို မြင်ယောင်လိုက်မိသည်။ သူတို့ဆီးဆေးလိပ်ရောင်းသည့်ဆိုင်ဆိုတာလည်း တကယ်တော့ ဓာတ်ဆီဆိုင် ဆိုရင်သာ ရဖို့သေချာသည် ထင်၏။ သို့ဖြင့် သူငယ်ချင်းနှင့် ဓာတ်ဆီဆိုင်ရောက်တော့ မာဘိုရိုတစ်ဘူး မှာလိုက်သည်။ သို့သော် အရောင်းဝန်ထမ်းက မပေးသေး။ “မင်း IDကဒ်ကော”တဲ့။ ဒုက္ခတော့ ရောက်ရချည်ရဲ့ ဟုသာ တွေးမိလိုက်သည်။ သူ့မှာက ဘာကဒ်မှ မရှိသေး၊။ သူငယ်ချင်းက သူ့ကဒ်ထုတ်ပြလိုက်မှ အဆင်ပြေသွားသည်။ ဘာကြောင့်လည်းဟု စပ်စုလိုက်တော့ “အသက်ပြည့်မပြည့် ကြည့်တာ”တဲ့။ အသက်မပြည့်ဘဲရောင်းမိရင် ၀ယ်တဲ့သူကိုယ်တိုင်က “ကျွန်တော့်ကို အသက်မပြည့်ပဲရောင်းလိုက်ကြောင်း တိုင်လို့ ရသည်ဟူ၏”တဲ့ ။ ဆေးလိပ်ဝယ်ပြီး ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ရွာက ကိုဖိုးဝဆိုင်မှာ အသက်ရှစ်နှစ်အရွယ် သူ့တူလေး ဆေးလိပ်ပြေးပြေး ၀ယ်နေတဲ့ မြင်ကွင်းက ဆေးလိပ်မီးခိုးလို အမြင်တန်းပြီး ပါလာခဲ့ပါတော့သည်။

(၂)
သူ အမေရိကားကို ရောက်ပြည်ဆိုတော့ အွန်လိုင်းပေါ်တွင် သူငယ်ချင်းတော်တော်များက ဘာထူးလဲဟု မေးလေ့ ရှိကြသည်။ သူကတော့ ဘာမျှ ရေရေလည်လည် မပြောဖြစ်ခဲ့။ အခုတော့ သတိရလို့ ပြောချင် သည့်အကြောင်းလေးရှိပါသည်။ အဲဒါက တိရစ္ဆာန်အခွင့်အရေးပါ။ သူ အမေရိကားသို့ ရောက်တော့ ပထမဆုံး ဆင်းဖြစ်တဲ့လေဆိပ်မှာ ဟူစတန်လေဆိပ်ဖြစ်ပြီး အော်စတင်မြို့တွင် ခဏတည်းခိုနေထိုင်ခဲ့သည်။ သီတဂူဆရာတော်ဘုရား၏ သီတဂူဝိဟာရ(အောင်စတင်)တွင် တည်းခိုခဲ့သည်။ ဆိုတော့ သီတဂူဝိဟာရတွင် နေထိုင်စဉ် သမင်တော်တော်များများက ကျောင်းထဲတွင် တစ်နေကုန်နေထိုင်ကျက်စားနေသည်ကို တွေ့ရသည်။ ထိုစဉ်ကတော့ အော် ငါကိုက တောကြီးထဲရောက်နေလို့ ဒီတိရစ္ဆာန်လေးတွေ မြင်တာ နေမှာလို့ပဲ တွေးဖြစ်ခဲ့ သည်။ ထိုအတွေးက အခုတော့ အစ ပြန်ပေါ်လာသည်။ သူ တလောက သူငယ်ချင်းနှင့်အတူ လမ်းလျှောက်လိုက် သွားတော့ ဘောလုံးကွင်းထဲတွင် သမင်လေးများ ပြေးလွှားနေခြင်းနဲ့အတူ အိမ်နောက်ဘက် က ခြံထဲမှ သစ်ပင်များတွင်း ရှဥ့်အကောင်များစွာ ပြေးလွှားစော့နေကြသည်ကို သတိရမိသည်။

သို့ဖြင့် အသိမိတ်ဆွေများကို မေးမိသောအခါ “ဒီမှာက တိရစ္ဆာန်တွေကို ဘာအနှောက်အယှက်မှ မပေးဘူး။ ပေးရင်လည်း အရေးယူလို့ ရတယ်။ တလောကဆို ၀က်မွေးတဲ့သူတစ်ယောက်က ၀က်တွေကို ၀က်ခြံထဲမှ ပြွတ်ကျပ်နေအောင်ထားတယ်တဲ့။ သူကတော့ ၀က်တွေ ပြွတ်ကျပ်ပြီး ၀လာရင် လမ်းမလျှောက်ဖြစ် တော့ ပိုအသားတိုးအောင်တဲ့။ အခုတော့ အဲဒီလို ၀က်တွေကို ပြွတ်သိပ်အောင်ထားမှုနဲ့ တရားစွဲခံရတယ်တဲ့။”

မိတ်ဆွေပြောတဲ့စကားကို နားထောင်နေဆဲမှာပဲ သမင်လေးတစ်ကောင် ပြေးလွှားနေသည့် မြင်ကွင်းက မျက်စိထဲဝင်လာသည်။ မိတ်ဆွေ ဆက်ပြောနေသည့် စကားလုံးတွေက သူ့နားထဲ မ၀င်တော့။ သူ့ရင်ထဲမှာ ခံစားနေမိသည်က “အော် ကမ္ဘာပေါ်မှာ တိရစ္ဆာန်ချင်းအတူတူ ဖြစ်ခဲ့တာတောင်မှ လူလိုသူလို တိရစ္ဆာန်အခွင့် အရေးရတာခြင်း တယ်ကွာပါလား”ဆိုတဲ့အသိနဲ့ ရွာက ၀က်တွေကို သတိနေမိပါတော့သည်။

5/9/09

တွင်းမအင်းသို့ တစ်ခေါက် (သုတစွယ်စုံမဂ္ဂဇင်း၊ဧပြီ၊၀၉)

Monywa Twin Taung Monywa Twin Taung Daywalker ချင်းတွင်းမြစ်အနောက်ဖက် စပီရူးလိုင်းနားလို့ ခေါ်တဲ့ စိမ်းပြာရေညှိ ထွက်ရှိရာ တွင်းမအင်းအကြောင်း ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။

ကျွန်တော်တို့ ရွာလေးအကြောင်း တခုတ်တရ တင်ပြပေးတဲ့ ဆရာအောင်ဇေယျာမင်း( ကြေးနီ) နဲ့ ဖော်ပြပေးတဲ့ သုတစွယ်စုံမဂ္ဂဇင်းမိသားစု။ အွန်လိုင်းပေါ်မှာတင်ထားပေးတဲ့ ယင်းမာပင်ဆိုဒ်မှ တာဝန်ရှိသူများကို ကျေးဇူးလှိုက်လှိုက်လှဲလှဲ တင်ရှိပါကြောင်း။ (စိမ်းပြာမြေ မိသားစု)

12/22/08

Where is Ngway Thar Twin

ပုံတွင် အစိမ်းရောင် နှစ်ရောင်တွေ့ရမည်ဖြစ်ရာ ချင်းတွင်းမြစ်မြောက်ဘက်မှ အစိမ်းရောင်မှာ တွင်းတောင်ဟု လူများသိသော ဘုတလင် ၀န်ပိုတွင်းတောင်ဖြစ်ပြီး။ နောက်အစိမ်းရောင်မှာ ကျွန်တော်တို့ ရွာပင်ဖြစ်ပါသည်။

ငွေသာတွင်းရွာဆိုတာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ်မှာ ရှိပြီး စပီရူလိုင်းနား စိမ်းပြာရေညှိထွက်တဲ့ နေရာ တွေထဲက တစ်နေရာဖြစ်ပါတယ်။ မုံရွာ ချင်းတွင်းတံတားကနေ နာရီဝက် တစ်နာရီနီးပါးခန့် သွားရင် ရောက်နိုင်ပါ တယ်။ မုံရွာ -ကလေးဝ ကားလမ်းနံဘေးက တရော်ကျင်းရွာကို လွန်ရင်လည်ရှည်လမ်းခွဲကို တွေ့ရပါလိမ့်မယ်။ အဲဒီလမ်းခွဲအတိုင်း သွားရင် လျှိုမြောင်နှစ်ခု ဖြတ်ဖို့လိုပါတယ်။ ပယ်လယ်ရေမျက်နှာပြင်အမြင့် 808ပေ ရှိတဲ့ တောင်ကြီးတစ်ခုနဲ့အတူ အဲဒီတောင်ကြီးရဲ့ မြောက်ဘက်ကပ်ရက်မှာ တောင်ပျောက်တွင်းဆိုတဲ့ တွင်းတစ်တွင်း လည်း ရှိပါတယ်။

နှစ်စဉ် တွင်းကြည့်လေ့လာသူတွေ။ မြစ်ကြီးနား မုံရွာစတဲ့ မြို့တွေက ဘူမိဗေဒကျောင်းသားတွေ နှစ်စဉ် လာ ရောက်လေ့လာရတဲ့ နေရာဒေသတစ်ခုဖြစ်ပြီး ထင်ရှားလူသိများတဲ့ ထွက်ကုန်တွေကတော့ အရီးတောင်လဘက် ထဲမှာ ပါတတ်တဲ့ တွင်းပိုးကောင်လေးတွေနဲ့ စိမ်းပြာရေညှိပါပဲ။

10/23/08

ငွေသာတွင်းရွာ ။သဒ္ဒမ္မနန္ဒိယာရာမကျောင်းတိုက် ဆောက်လုပ်သည့်ရက်


၁၂၄၄ခု တန်ဆောင်မုန်းလပြည့်ကျော် ၄ရက်နေ့ တွင်းရွာ ကျောင်းတကာ ဦးကျူးက ကျောင်းဆောက်လိုပါသည်။ နတ်လာပို့ စီရင်အောင်ချမ်းသာရွာနေ လက်သမားဆရာ ဦစမုံကိုဆိုလျင် ကျောင်းတကာဦးကျူး စဆိုအတိုင်း လက်သမားဆရာ ဦးစမုံက ဆောက်လုပ်ပါမည်ဆို၍ စာချုပ်ထားကြသည်။ပေးရမည့်လက္ခမှာ ၁ိ/သုံးဒင်္ဂါးငွေ ပျားရေ ၂၅ ပျား။ ဆောက်ရမည့်ကျောင်းမှာ အမိုးပျဉ်ထောင် ကဲလား- ဆောက်လုပ်ရမည်။ မဆောက်မလုပ်နေလျှင် ၀င်ငွေစရန်များကို တဘို့တန်ပြန်ပေးပါမည်ဟုဆိုကြ နှစ်ဦးမျက်နှာ စုံညီစာချုပ်ထား ကြသည်။

ကျောင်းတည်ရက် ၁၂၄၄ ခု တန်ဆောင်မုန်းလ္ဆန်း ၁၅ ရက်

ကျောင်းပြီးရက် ၁၂၄၅ ခုနှစ် ကဆုလဆန်း ၅ ရက်နေ့

(စာလုံးသတ်ပုံ မူရင်းပေစာအတိုင်း )

ငွေသာတွင်း (သို့မဟုတ်) ဒဏ်ရာများနဲ့ ရှင်သန်ထမြောက်နေခဲ့ရသူ

ဘ၀မှာ ဂုဏ်ယူစရာများများစားစားမရှိတဲ့ တွင်းပိုးမှာ ထိပ်ဆုံးက ဂုဏ်ယူစရာတစ်ခုက ဒီအမေ ဒီမြေနဲ့ ဆုံဆည်းခွင့်ရခဲ့ခြင်းရယ်ပါ။ ကြည့်လေ။ ကျွန်တော်တို့မေမေဆိုတာ ရှေ့မီ နောက်မီ လူကြီးတစ်ယောက်။ သီပေါင်းလက်ထက်ကိုလည်း မီတယ်။ သီပေါမင်းရဲ့ ချစ်သူ မောင်ဖေငယ် တိတ်တခိုးနဲ့ ပေးဆပ်ချစ်ခဲ့ရတဲ့ ချစ်သူ ဒိုင်းခင်ခင် အပန်းဖြေလာရောက်ဖို့ စီစဉ်ခဲ့ရဖူးတဲ့ မြေ။ အခုဆို အမေဟာ ဇရာအိုဟောင်းမှုနဲ့ ပါးရေနားရေတွေ တွန့်လို့။ အမေ့မှာ အားအားရားရားနေရတယ်လို့ တစ်ခါမှမရှိခဲ့ဖူးဘူး။
တကယ်တော့အမေဟာ သူ့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲခံခဲ့ရဖူးတယ်။ ဒါပေမယ့် အမေ မညည်းငြူခဲ့ဖူးဘူး။ မီးတောင်တဲ့ ။ ဘာကြောင့်များ အမေ့ရင်ဘတ်ကိုမှ ပေါက်ကွဲချင်ရတာလဲ။ အမေကတော့ သားသမီးတွေ ချမ်းသာတာမြင်ရလို့ ကြည်နူးမျက်ရည်တွေ ၀ဲလို့။ ဒီလို မီးတောင်ပေါက်ကွဲခံပြီးမှ ရရှိလာတဲ့ အားတွေနဲ့ သားတွေသမီးတွေကို ရှင်သန်နေထိုင်စေခဲ့တယ်။ စပီရူလိုင်းနား စိမ်းပြာရေညှိလို အားဆေးတွေ ကမ္ဘာပေါ်မှာ အရှားပါးဆုံး သဘာဝအားဆေးတွေနဲ့ သားသမီးတွေကို တိုက်ကျွေးခဲ့တယ်။ အမေ................... အခုဆို အမေ့ရင်ခွင်မှာ သားသမီးပေါင်း မြောက်များစွာ ခိုဝင်အိပ်စက်လို့။ အမေရဲ့မျက်ရည်တွေနဲ့ သားသမီးတွေ ခြေဆေး တာက အစ အနှီးစုတ်လျှော်တာအဆုံး အမေ ဘယ်တုန်းက ညည်းညူခဲ့ဖူးလဲ။ အမေ................ သားတို့သိပ်ချစ်ရတဲ့အမေ၊ အခုဆို အမေ့မျက်ရည်တွေဟာ သားတို့အတွက် ပရိုဗီမင်အားဆေးတွေတဲ့လား။
ကြည့်စမ်းပါဦးအမေ။
ကမ္ဘာပေါ်မှာ သဘာဝစပီရူလိုင်းနား ထုတ်ပေးတဲ့ နိုင်ငံဆိုလို့ ခြောက်နိုင်ငံပဲ ရှိသတဲ့။
၁)မက္ကဆီကို က တစ်ကိုကို (Lake Texcoco)
၂)ချဒ်နိုင်ငံက ချဒ်ရေကန် (Lake Chad)နဲ့ ဘိုဒူရေကန် (Lake Bodou)
ရောင်ဘူရေကန် (Lake Bodou)
၃)ကင်ညာက နာကူရူး (Lake Nakuru) နဲ့ အယ်လမင်တီရှား (Lake Elementeitia)
၎)အီသီယိုးပီးယားက အရာဂွတ်ဒီရေကန် (Lake Arangudiadi) နဲ့ ကီလိုတီးစ်ရေကန် (Lake Kilotes)
၅)တရုတ်နိုင်ငံက ချန်ကိုင်းရေကန် (Chenghai Lake)
၆)မြန်မာနိုင်ငံက တွင်းတောင် (၀န်ပိုတွင်း၊ဘုတလင်) တွင်းမ(ငွေသာတွင်း၊ကနီ) တောင်ပျောက် (ငွေသာတွင်း၊ကနီ) တို့ပဲ ဖြစ်တယ်တဲ့။

အမေရေ...
အမေက သားတို့အတွက် မျက်ရည်စက်လက်နဲ့ ရင်ဘတ်ကြီးအကွဲခံပြီး အားဆေးကောင်းကောင်းတွေ၊ စားစရာတွေ နေစရာတွေ ပေးလို့ ၊ ဒီလောက် အမေ့မျက်ရည်တွေကို ခြေဆေးခေါင်းဆေး အနှီးလျှော်နေတာတောင် အမေ မျက်နှာလေးတစ်ချက်မပျက်ခဲ့ဘူး။ အမေက အမေပီသခဲ့ပေမယ့် သားသမီးတွေက ၀တ္တရားတွေ ချို့ယွင်းလို့။ သမိုင်းနဲ့ ဘ၀မှာ တစ်ခါမှားတဲ့ အမှားဟာ ဘယ်တော့မှ ပြန်ပြင်လို့ မရစကောင်းပါဘူးအမေ။ ဒီတော့ ဒီနှစ်သား တို့ တာဝန်ကျေဖို့အတွက် အမေ့ရင်ခွင်မှာ အမေ့ရဲ့ နောင်လာမယ့် သားသမီးတွေအတွက် ဘ၀ဘဏ်ဆိုတဲ့ စာကြည့်တိုက်လေး ဖွင့်နိုင်အောင် သားကြိုးစားနေပါတယ် အမေ။ အမေ၀မ်းသားနေမှာပါ။ အမေကြည်နူးနေမှာပါလေ။

သားတို့စာကြည့်တိုက်ဖွင့်ပွဲရောက်ရင် နိုင်ငံကျော်စာရေးဆရာတွေ ဖြစ်တဲ့ ဆရာအကယ်ဒမီသုမောင် ဆရာချစ်ဦးညိုတို့ကို ဖိတ်ပြီး အမေ့ သားသမီးတွေကို စာပေအကြောင်းဟောပြောပေးဖို့ မေတ္တာရပ်ခံနိုင်အောင်လည်း သား ကြိုးစားနေတယ် အမေ။။။။။။

အမေ၀မ်းသာနိုင်ပါစေ
အမေ အရင်ကလိုပဲ သားသမီးတွေကို ကျန်းကျန်းမာမာနဲ့ စောင့်ရှောက်နိုင်ပါစေ။

10/22/08

View Art









World's Great Light






http://h1.ripway.com/twinpoe/favicon.ico