Showing posts with label Essay (အတွေး). Show all posts
Showing posts with label Essay (အတွေး). Show all posts

4/3/10

အိမ်အပြန်


(နိဂုံး)
တစ်ရက်လုံးလုံး စီးနင်းလိုက်ပါခဲ့ရသော ဒဏ်ကြောင့် လူတစ်ကိုယ်လုံးလည်း ပင်ပန်းနွမ်ချည့်နေသည်။ လေယဉ်ပေါ်တွင် ပါသော ဂိမ်းများလည်း ကစားရသည်မှာ ငြီးငွေ့လာသည်။ မာမိုရီစတစ်ထဲ ထည့်ထားသော အဆိုတော်စိုးထီးဆိုင်ရဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တယ်ရယ်ဆိုသော သီချင်းလေးခမျာလည်း ဖွင့်နားထောင်ရလွန်းလို့ တော်တော့်ကို ငြီးငွေ့ဖွယ်လို ဖြစ်လာသည်။ သို့ဖြင့် တိုင်ပေကနေ ဘန်ကောက်သို့ အသွား တစ်လမ်းလုံး ပြန်အိပ်ကြည့်သော်လည်း အိပ်မပျော်။ အသင့်ဆောင်ထားသော စာအုပ်ကလေးသာ ကုန်သွားသည်။ မျက်လုံးက စင်းတောင် စင်းမသွား။ ထားတော့။ အပြန်လမ်းတစ်လျှောက်လုံး ပင်ပန်းမှုတွေက အိမ်ပြန်စိတ်ကလေးတစ်ခု ထဲနှင့် သူ့ ပျော်ဝင်နေပုံရသည်။ ဘန်ကောက်ကနေ ရွာဦးက လေဆိပ်ကို ဆက်စီးတော့မည်ဆိုတော့ သူ ဘယ်လိုမှ နေမထိထိုင်မသာခံစားနေရမှုကို မချိုးနိုင်ခဲ့ချေ။



(၁)
“အကို ရန်ကုန်ရောက်တော့မယ်ဗျ။ ”

ဘန်ကောက်ကနေ လိုက်ပါလာသော နံဘေးခုံက မိတ်ဆွေက အသိပေးတော့မှ ပြတင်းဝကို ငေးကြည့်ဖြစ်သည်။ ၁၉ရာစုနှစ်က အတိုင်း၊ ကိုယ်တို့နိုင်ငံက ထိန်းသိမ်းထားသည်မှာ အံ့ဖွယ်သရဲဆန်လွန်းလှသည်။ ကြည့်ပါဦး။ သူ ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ လေယဉ်တက်တော့ ကြည့်လိုက်ရသည့် မြင်ကွင်းတွေ၊ တိုင်ပေ၊ ဘန်ကောက်က ကြည့်ခဲ့ရသည့် မြင်ကွင်းတွေနှင့် လားလားမျှမတူအောင် ရှေးဟောင်းအမွေအနှစ်တွေကို ထိမ်းသိမ်းတတ်သော ကိုယ့်နိုင်ငံကို ဂုဏ်ယူရမလိုလိုပင် စိတ်ထဲ ဖြစ်နေမိသည်။ ဆန်ဖရန်၊ တိုင်ပေ၊ ဘန်ကောက်မှာတော့ တိုက်မြင့်မြင့်ကြီးတွေ ၀ံ့ကြွားနေတာကို မြင်ခဲ့ရသလောက် ကိုယ်တို့ရွာဦးက လေဆိပ်မှာတော့ တဲပုပ်လေးတွေပဲ မြင်နေရသည်။ အထင်းသားမြင်ရတာဆိုလို့ ရွှေတိဂုံစေတီတော်ကြီးသာ ရှိသည်။

နံဘေးက ခရီးဖော်က ကျွန်တော်တို့လေဆိပ်ကတော့ဗျာ ကျွန်တော်လွန်ခဲ့တဲ့ ငါးနှစ်က စထွက်ခဲ့တုန်းက အတိုင်းပဲ ဘာမှ မပြောင်းလဲဘူးဗျတဲ့။ သူက ဘာတွေ ပြောင်းလဲစေချင်တာပါလိမ့်။ ကျွန်တော်မစပ်စုမိ။ ပြောင်းလဲခြင်းဆိုသည်မှာ မပြောင်းလဲသည့် အရာတစ်ခုတဲ့။ တကယ်သာ အဲဒီသဘာဝ မှန်ကန်ပါက ကျွန်တော်တို့ ပြောင်းလဲနေကြရမည်မှာ သေချာသည်။ ကျွန်တော်တို့ ရွာနှင့် ပတ်သက်လျင် အဲဒီသဘာဝအမှန်တရားက လျစ်လျူရှုထားဟန်ရှိသည်။ ဘာမှ မပြောင်းလဲ။ အဲ ...ကျွန်တော်ကတော့...။ ပြောင်းလဲသွားတာ သေချာပါသည်။ ၂၀၀၉၊ခု၊ ဧပြီလ (၄)ရက် နေ့တွင် စင်္ကာပူအဲယားလိုင်းဖြင့် ပြည်ပသို့ ထွက်ခဲ့သည့်နေ့က စတွက်လျင် ၂၀၁၀၊ ဧပြီလ (၄)ရက်နေ့အတွင်း အပြောင်းအလဲတွေ သိပ်များခဲ့သည်။ ပြောင်းလဲလွန်းအားကြီးသဖြင့် ကျွန်တော့်ကို မည်သူကမျှ ရုတ်တရက်မှတ်မိနိုင်ကြမည်မထင်ပေ။

ပြည်ပသို့ စထွက်လာစဉ်က ခေါင်းကို ပြောင်အောင်တုံးထားသည့် ကတုံးကေနှင့်။ အခုတော့ ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေးတွေ ပသိုင်းမွှေးတွေနှင့် လမ်းသရဲဆန်ဆန်ဟု ပြောလိုက ပြောနိုင်လောက်သည်။ ဒါက ပထမ အပြောင်းအလွဲ၊ နောက်တစ်ခုက သည်တစ်နှစ်တာက ကာလအတွက် သင်္ခန်းစာတွေ များစွာရခဲ့သည်။ အသဲလည်း ကွဲခဲ့ရသည်။ (ဆရာစံဇာဏီဘိုကတော့ ကန်ရာသီဖွားများသည် အသဲကွဲသူများမဟုတ်၊ အသဲနာသူများ ဖြစ်သည်ဟု ဟောထားသည်။ ကျွန်တော်ကတော့ ဆရာရယ် အသဲလည်း ကွဲ၊ အသဲလည်း နာပါတယ်ဆရာရယ်။ သေချာတာတော့ ကျွန်တော်အသဲနာလွန်းလို့ စင်္ကာပူကနေ မပြန်ဘဲ တိုင်ပေကနေပဲ ပြန်တာသာ ကြည့်ပါတော့ဆရာ။) ကျွန်တော်တွေ့ခဲ့ရသော အပြောင်းအလဲများကိုသာ ရေးပြနေလျင် တစ်ထောင်တစ်ညပုံပြင်က အရှုံးပေးရလိမ့်မည်ထင်သည်။ သည်အတိုင်းပဲ သည်နားမှာပဲ ထားပါရစေတော့။

(၂)
သူ ရုတ်တရက် အရေးပေါ်ကိစ္စဖြင့် မြန်မာပြည်သို့ ပြန်လာသည်။ ဘယ်သူမျှ မသိ။ မြန်မာကနေ မပြန်တော့ဘဲ ရွာမှာပင် အပြီးအပိုင် နွားကျောင်းတော့မည်ဆိုသည်မှာလည်း ဘယ်သူမျှမသိ။ အမေကကော အရင်လို မျက်ရည်ဝဲနေဦးမှာလား။ တစ်ယောက်ကို တစ်ယောက် သမီးရည်းစားစကား မပြောပါဘဲ နားလည်မှုတွေ၊ သစ္စာသိမှုတွေနဲ့ ရှင်သန်နေတဲ့ ညီမလေးသော်တာသစ်မှူးကကော “ရွာမှာ အပြီးနွားကျောင်းတော့မှာလား အကို”လို့ မေးနေဦးမှာလား။ ဘာမျှ မသေချာ။ မသေချာမှုတွေနဲ့ သေချာခဲ့တဲ့ သူ့အဖို့ မျှော်လင့်ချက်တွေဆိုတာ သူနှင့် ဘာမျှ မဆိုင်သလို ခံစားခဲ့ရသည်မှာ ကြာပြီ။ ရေးဖော်ရေးဖက်၊ သောက်ဖော်သောက်ဖက် သူငယ်ချင်းတွေကကော “ငါတို့တွေ လေထန်ကုန်း ချီတက်ကြစို့”လို့ ခေါ်နေကြဦးမှာလား မပြောတတ်၊။ လွယ်အိပ်ကလေးတစ်လုံးနဲ့ လှည်းတန်း မြေနီကုန်းတစ်ဝိုက်က လဘက်ရည်ဆိုင်လေးတွေကကော အရင်လို ဖန်ချိုတစ်ခွက်နဲ့ မျှော်လင့်ချက်တွေ ထပ်ပေးနေကြဦးမလား။ မရေရာ။ အိမ်အပြန်ခရီးက မသေချာ မရေရာမှုတွေနဲ့ မနွေးထွေးလိုက်တာ အမေရာ။

အရင်က စားနေကျ မြေနီကုန်းသိန်းဇော်ကွမ်းယာဆိုင်လေးကော ရှိမှ ရှိသေးရဲ့လား။ သည်ကောင်က အလောင်းစားဝါသနာပါသူမို့ သူ့အတွက် တခုတ်တရ သတိရမိခြင်းဖြစ်သည်။ ပြီးတော့ ကိုယ်တက်နေကျ ဆရာကြီးဦးမြကြိုင်ရဲ့ အင်္ဂလိပ်စာသင်တန်းကကော အရင်လို စည်ကားသေးရဲ့လား။ နေရာပြောင်းသွား ပီဖြစ်တော့ ကိုယ်ထိုင်နေကျ ဦးရှည်ကြီးလက္ဘက်ရည်ဆိုင်ကလေးကော လိုက်ပြောင်းသေးရဲ့လား။ ကန်းစွန်းရွက် ကြော်နဲ့ ဆွမ်းတော်တင်ခဲ့ရတဲ့ လ တွေကလည်း ရှည်းလျားချေရဲ့ ကိုရန်နောင်ရေ။ ပြီးတော့ နယ်သစ်ဦးမှာ သူများတွေ အတွဲလေးကိုယ်စီထိုင်နေတာ မြင်တော့ ကိုယ်လည်း ထိုင်ချင်တာပေါ့ကွာ။ ဖက်တီးက သွားကို ဖြီးလို့ သူ့နားမှာ ကောင်မလေးတွေ ၀ိုင်းနေရင်။ အခုတော့ ဖက်တီးရော ကိုမင်းသိန်းပါ စင်္ကာပူမှာ ကွမ်းယာလေးတွေ မြုပ်လို့။ ကိုယ့်ရဲ့ အိမ်ထောင်ရေးဖတ်စာ စာအုပ်လေးလုပ်တုန်းက စစ်တမ်းတွေ ၀ိုင်းတွက်ပေးကြတဲ့ သူငယ်ချင်းတွေ (မျိုးမျိုးမော်။ ပန်းအိ။ ထမင်း။ ဇော်လင်းထွေး၊ မေသူ။ ဇော်ကြီးတို့ကော အိမ်ထောင်ရေး စာအုပ်လေးဖတ်ပြီး အိမ်ထောင်တွေ ကျကုန်ကြပြီးလား မသိ။)

(၃)
“အကို ပစ္စည်းတွေ ချဖို့ ပြင်တော့လေ။ ခများကလည်း ရွာနဲ့ ခွဲနေတာ ကြာလို့လား၊ ဒါမှမဟုတ် ကိုယ်တို့အပြည်ပြည်ဆိုင်ရာ ရွာလေဆိပ်ကြီးကိုက ခမ်းနားနေလို့လား။ ဒီလောက် ငေးနေတာ။”

ဟုတ်ပါရဲ့။ လေယဉ်က ရပ်တောင်နေပြီ။ ကိုယ်က အတွေးတွေ မရပ်နိုင်သေး။ ရှိစုမဲ့စု ထည့်လာတဲ့အိပ်ကလေးကို ဆွဲချပြီး လေဆိပ်အဆောက်အဦထဲ ၀င်ဖို့ စောင့်နေကြသည်။ မကြာဘူး။ စက်လှေကားလေးစီးပြီး အောက်ကိုရောက်သွားသည်။ မြန်မာပါတ်စ်ပို့ဆိုတဲ့ နေရာလေးမှာ ၀င်တန်းလိုက်ပြီးတော့ လေယဉ်ဝမ်းဗိုက် ထဲက ပစ္စည်းတွေအလာကို စောင့်နေလိုက်သည်။ ကိုယ့်အိပ်ထွက်လာပီဆိုတော့ ကိုယ့်အိပ်လေးကို ဆွဲ ပြီး လာကြိုသူတွေကို ပြုံးပြနှုတ်ဆက်လိုက်သည်။ ညီမလေးလဲ ပါမလာပါလား။ ဘာကြောင့်ပါလိမ့်..........

“အကို့ အိပ်ကလေး ခဏလောက် စစ်ကြည့်ချင်လို့”

“ ဟာ ရပါတယ် ။စစ်ပါ၊ ဥပဒေနဲ့ မလွတ်တာမပါပါဘူးဗျ၊”

“ ဒီ Appleလက်တော့က သယ်ခွင့်မရှိဘူး။ အခွန်ဆောင်ရမယ်ဗျ။”

“ ဟာ အကိုကလည်း ဒါ ကျွန်တော်သုံးနေကြ အဟောင်းလက်တော့လေးပါ။ အသစ်မှမဟုတ်တာ။ ကျွန်တော့် တစ်ကိုယ်ရေသုံးပစ္စည်လေဗျာ”

“ မရဘူးဗျ။ မဆောင်ရင်တော့ ဗိုလ်မှုးနဲ့ ပေးတွေ့လိုက်ရုံပဲလေ”

သည်လူငွေညစ်နေမှန်းသိသည်။ ကိုယ့်အိမ်ကို ပြန်တာတောင် မလွတ်လပ်၊ မနွေးထွေး။ ရန်သူ သရဲသဘက်တစ်ယောက်လို အစစ်ခံရ၊ အမွှေခံရ။ ဖွတ်ဖွတ်ကျေနေသော ကိုယ့် အိပ်ကလေးကို ပြန်စီထည့်ရင်း စိတ်က တစ်ခါတည်း လေယာဉ်ပေါ်တက် ပြည်ပပြန်ထွက်လိုက်ချင်သည်။

“ အကို ညီမက ဒီမှာလေ”

အသံရာလှမ်းကြည့်လိုက်တော့ ညီမလေး သော်တာသစ်မှူး။ ခုနက ပါမလာဘူးထင်နေတာ။ အခုတော့ ကြည့်စမ်းပါဦး။ ကိုယ့်ညီမလေးက လှလို့။ နည်းနည်းလေးတော့ ပိန်သွားသလိုပဲ။ အမေ့ကို ကြည့်လိုက်တော့ အမေက မျက်ရည်တွေ ရွှဲလို့။ အဖေကတော့ သူ့ပုံစံအတိုင်း အေးတိအေးစက်။ ပစ္စည်းတွေကို ၀ိုင်းသယ်နေတဲ့အချိန် အဖေနဲ့ အမေမသိအောင် ညီမလေးလက်ကို အသာလေး လှမ်းဆွဲလိုက်တာ။ နွေးနွေးနုနု အထိတွေ့လေးကို ရုတ်တရက်ခံစားလိုက်ရသည်။ ကိုယ်တို့ ခံစားချက်တွေကလည်း နွေးနေတုန်းပဲ မဟုတ်လား ညီမလေးရယ်။

(နိဒါန်း)

“မဆုံနိုင်ခင်မှာ မျက်ရည်လဲ ကျရမယ်၊ အချစ်စစ်ရဲ့ သဘော မဖြောင့်ဖြူးဘူးကွယ်။ ဒီလိုချိန်မှာ အားငယ်တိုင်း အရှုံးမပေးနဲ့............”

အဆိုတော် ဆိုင်းထီးစိုင်ရဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်ဆိုသော ဖုံး Ring-toneသံလေးက လူကို တော်တော်ဒုက္ခပေးလိုက်သည်။

“ဟဲလို ပြောပါ။ ကျွန်တော် နေသစ်ပါ”

“ဟဲ့ နေသစ်၊ ငါ နွယ်လေ။ အခု ငါ လေဆိပ်ရောက်နေပီ။ အဲဒါနင့်ကို လှမ်းဖုံးဆက် နှုတ်ဆက်တာ။ နင့်မိဘတွေအတွက် ထည့်ပေးလိုက်တဲ့ ဆေးတွေ ငါသေချာပေးလိုက်ပါ့မယ်။ နင်ကလည်း တစ်ခါတစ်လေ အိပ်ရေးပျက်တာများ။ အခု နင်တို့ဆီမှာ မနက် (၅)နာရီလောက်ရှိပီပေါ့။ ဒီမှာက မနက်စောစော သုံးနာရီဆိုတော့။ ကဲကဲ သေနာ ပြန်အိပ်။ ငါ ဗမာပြည်က ပြန်လာမှ ထပ်နှိပ်စက်တော့မယ်၊ ဒါပဲ။”

ကာလဖိုးနီးယားက သူငယ်ချင်း ဖုံးချသွားတော့မှ ကိုယ့်ကိုယ်ကို ပြန်သေချာ ဆန်းစစ်နေမိသည်။ ခုနက ကိုယ်တ ကယ် ရွာပြန်ရောက်တာ မဟုတ်ဘူးလား။ ဒါဆို အိပ်မက်ပေါ့။ သြော်........အိပ်မက်ထဲမှာတောင် ကိုယ့်ရွာ ကို လွတ်လွတ်လပ်လပ် ပြန်ခွင့်မရှိတဲ့ ဘ၀ပါပဲလားလေ.....။

(ရွှေပြည်ကြီးနှင့် ခွဲခဲ့ရသည့် ကာလတစ်နှစ်ပြည့် အမှတ်တရ)

6/2/09

မာယာဘုံ

သူ အခုတလော ပြည်ပရောက်မှ မြန်မာစာပေကို (အထူးသဖြင့် ကဗျာနှင့် ၀တ္ထုများကို) ဆာလောင်နေသည်။ ပြီးတော့ လိုအပ်တာက အင်္ဂလိပ်စာ၊ ဖတ်ချင်စိတ်ဖြစ်နေတာက မြန်မာစာပေ။ ရန်ကုန်တုန်းက သည်လိုလည်း အေးအေးဆေးဆေးမနေခဲ့ရ။ လွယ်အိပ်တစ် လုံးနှင့် လှည်းတန်း မြေနီကုန်း၊လေထန်ကုန်းသို့ ဥဒဟို သွားလာကျင်လည်ခဲ့ရသည်။ နေစရာ မရှိသည့် နှစ်နှစ်မှာ သူငယ်ချင်းများကို ရှေ့မျက်နှာနောက်ထားပြီး နှိပ်စက်ခဲ့ရသည်။ ယခု တော့….။ ယခုလည်း သူငယ်ချင်းကိုပဲ နှိပ်စက်နေဆဲပင်ဖြစ်သည်။ ထားတော့။ အဲဒါတွေ…

မာယာဘုံဆိုသည့် ဆရာမြသန်းတင့်ရဲ့ ၀တ္ထုကြီးကို စ ကောက်ကိုင်လိုက်တော့ လက် က မချဖြစ်တော့။ စာမျက်နှာ (၄၈၈)မျက်နှာထူပြီး အေဖိုးဆိုဒ်စားအုပ်ကြီးကို လက်ကမချနိုင်။ အရေးကြီးအလုပ်တွေ ရှိတာတောင် ပစ်ထားခဲ့ပြီး တစ်နေ့တည်း ပြီးအောင်ဖတ်ပစ်ခဲ့သည်။ မုံရွာအနီးတစ်ဝိုက်၊ ယမားချောင်းကို အခြေခံထားသည့် ထိုဝတ္ထုကြီး၏ သင်္ခန်းစာသည် များပြားပါဘိ။ ယမားချောင်း အကြောင်းမသိသော ကားသမားသည် ယမားချောင်းတွင် နစ်မြုပ်သွားနိုင်သလို လူ့ဘ၀အကြောင်းကို မသိသော ဘ၀သမားများသည်လည်း လူ့ဘ၀တွင် နစ်မြောပျက်စီးသွားနိုင်သည်။

ပြီးတော့ မှောင်ခိုအလုပ်၊ ဥပဒေနှင့်မလွတ်သော အလုပ် လုံးဝမလုပ်ဟု ကြွေးကျော်ပြီး ထမင်းမငတ်ပြီးရောစိတ်ဓာတ်ဖြင့် နေခဲ့သည့် ဇာတ်လိုက် ကိုမြင့်ကကော… ပြီးတော့ ကိုယ်က သူများမျက်ခုန်းပေါ် မလျှောက်ရင် သူများကို ကိုယ့်မျက်ခုန်းပေါ် လျှောက်သွားမှာပဲဆိုတဲ့ အဘိဓမ္မာနှင့် ဖြူစင်ရာက ညစ်ထေးသွားသည့် လက်တွေ့ကျကျ အဘိဓမ္မာပိုင်ရှင်အေးမ၊ မဟုတ်တာလုပ်ပြီးတော့ ချမ်းသားကြွယ်ဝ၊ အမတ်နေရာရဖို့ သူများကို သတ်ပစ်သည်ထိ ရက်စက်ယုတ်မာခဲ့ပေမယ့် ငွေကြေးရှိတော့ ဘုရားဒကာ၊ ကျောင်းဒကာလုပ်နေသည့် ဘူဇွာ လူတန်းစားများ။ နောက်ဆုံးတော့ “ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကို အိမ်ပြန် ပို့ကြပါတော့”ဆိုတဲ့ ဆရာဦးတင်မိုးရဲ့ ကဗျာလို သက်ဆိုးရှည်လူကြီးမင်းများလည်း ကျဆုံးသွား ရပုံတွေက ဘ၀မာယာကို ထိထိမိမိ ဖော်ကျူးမိသည်။

ဆရာက မာယာဘုံကို ဖော်ကျူးတဲ့နေရာမှာ ယမားချောင်းနှင့်စပြီး ယမားချောင်းနှင့် အဆုံးသတ်ထားသည်။ ပထမစဖော်ကျူးတော့ ယမားချောင်းရေကျချိန်မှာ ချောင်းလည် ရောက်နေသည့် ခရီးသည်တင်ကားတစ်စီး။ ကားသမားက ရှေ့ဆက်မောင်း သင့်၊မသင့် မပြတ်မသား ရှိနေချိန်၊ ကိုမြင့်ဆိုသောကောင်လေးက ဒရိုင်ဘာကို ခွင့်တောင်းပြီး ပြတ်ပြတ် သားသား ၀င်မောင်းပြီး ကူးခတ်လိုက်သည်။ သူ ၀င်မမောင်းလျင် ကားက ချောင်းထဲပါ သွားဖို့ပဲရှိတော့သည်။ ချောင်းလယ်ရောက်မှ ရှေ့တိုးနောက်ဆုတ်လုပ်ဖို့ အချိန်မရှိတော့။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်လုပ်ဖို့က အချိန်နှင့်အမျှ အရေးပါနေသည်။ သည်တော့ ယမားချောင်းတွင်ပဲလား။ ဘ၀မှာလည်း မလိုအပ်ဘူးလား။ အတွေးက ၀င်လာမိသည်။

မာယာဘုံကို အဆုံးသတ်တော့ အေးမနှင့် မကောင်းမှုလုပ်ကြီးပွားနေသည့် နေလင်းအောင်တို့နှစ်ယောက် ယမားချောင်းကို ဂျစ်ကားနှင့် ဖြတ်ကူးသည်။ နေလင်းအောင်က ယမားချောင်းအကြောင်းကို မသိ၊သည်တော့ ရှေ့ဆက်သွားသင့်မသင့် ချိန်နေသည်နှင့် အချိန် ကြာလာသည်။ ထိုစဉ်ချောင်းရေက သူတို့ကားကို ၀ါးမြိုသွားသည်။ နှစ်ယောက်လုံး နေရာတွင် ရေနစ်သေဆုံးသွားသည်။ ဒီလိုပဲ၊ကျွန်တော်တို့ဘ၀မှာ မပိုင်နိုင်သော ဆုံးဖြတ်ချက်များ ကြောင့် သေဆုံးခဲ့ရသည့်၊ ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးတွေကလည်း မနည်းတော့ဟုထင် သည်။

အခုတလော ပြောနေကြသည့် စကားတွေရှိပါသည်။ အများသူငါအပေါ် မိုက်မိုက် ရိုင်းရိုင်း ပြောဆိုပြုလုပ်နေကြပေမယ့် ဘာမှမဖြစ်ကြပါလားတဲ့။ ဟုတ်ပါသည်။ ဘာမှမဖြစ် ကြပါ။ တံငါအလုပ်ဖြင့် ကြီးပွားနေသူများ၊ လူဦးရေ သန်းငါးဆယ်ကျော်ကို အကျဉ်းချထား ပေမယ့် မိသာစု တစ်ကွက်စာ ၀ိုက်ပြီး ကြီးပွားနေတာတွေ ရှိပါသည်။ လောက၏မာယာသည် အလှည့်ဆိုတာရှိပါသည်။ မည်သည့်ယတြာ၊ မည်သည့်အခါတော်ကမျှ မာယာဘုံ၏ ကျော့ ကွင်းမှ လွတ်နိုင်လိမ့်မည်မဟုတ်ပါ။ အားလုံးသည် မာယာဘုံမှ လူသားများသာ ဖြစ်ပါသည်။

အင်း သူးများကို ပြောနေ၊ကိုယ်လည်း ကိုယ့်အခြေနေကို အမြန်သိအောင်လုပ်မှ၊ အချိန်ဆွဲပြီး၊ တုံးနှေးနှေး လုပ်နေ၍ မဖြစ်။

အော်…မာယာဘုံက မလွတ်သေးတဲ့ အဖြစ်များ ပြောပါတယ်………..။

1/21/09

Proof that Girls are Evil:

မောင်တွင်းပိုးမှာ ရင်နှီးခင်မင်သည့် ရင်းနှီးခင်မင်ခဲ့ဖူးသည့် အမျိုးသမီး လုံးဝမရှိခဲ့ပါ။ သို့သော် မောင်တွင်းပိုး ၀ပ်ကျင်းလေးထဲမှာ အမျိုးသမီးကြောင့် အနာဂါတ်ပျောက်သွားသူတွေ အမျိုးသမီးတစ်ဦးရဲ့ လှည့်ဖျားခံရလိုက်သူ တွေ မကြာခဏ ဆုံခဲ့ပါသည်။ အထက်ပါ ပုံလေးကို အင်တာနက်ဆိုင်က ကွန်ပျူတာထဲမှာ တွေ့တာနှင့် ဘော်ဒါကနေ ဘော်ကြော့ဖြစ်သွားသော ရွာသာကြီး နေသစ်ကအစ သူငယ်ချင်းများကို သတိရမိလိုက်သည်။ အမျိုးသမီးတိုင်း မကောင်းမဟုတ်ပါ။ ကောင်းတာတွေ တစ်ပုံတစ်ပင် ရှိနေသည်။ သို့သော် ငါးခုံးမတစ်ကောင် ကြောင့် အများကို ပုတ်ပွသွားစေသည့်တိုင် တစ်ဖက်သားကို စိတ်မနာမိဖို့ လိုပါသည်။ တစ်လောက သူငယ်ချင်း တစ်ယောက်နှင့်တွေ့တော့ မေးမိသည်။

“မင်းအမျိုးသမီးနဲ့ အဆင်ပြေရဲ့လား”
“ဒီလိုပဲပေါ့ကွာ။ ပိုနေမြဲကျားနေမြဲကနေ ဘယ်တက်မှာလဲ”“ ငွေမရှာနိုင်ရင် အိမ်မသာယာဘူးကွ။ မင်းငွေရှာပြီးမှ အိမ်ထောင်ပြု။ ဒီလိုမှ မဟုတ်မဟုတ်ရင် မင် ထောင်ထဲကို ကိုယ့်ကိုယ့်ကို ထည့်လိုက်တာပဲ”တဲ့.။

ကျွန်တော်က ငွေမရှာတတ်ပါ။ ငွေရှာတတ်သည့်သူကိုလည်း တွေ့မထားပါ။ ငွေကိုလည်း လိုအပ်သည့်အခါကလွဲလို့ တမ်းတမ်းဆွဲရှာမနေပါ။ ငွေကို တမ်းတမ်းဆွဲဖြစ်နေသည့် မိန်းမတစ်ယောက်ကိုလည်း ဘယ်တော့မှ မဆုံစည်းလိုပါ။ အခက်အခဲတွေထဲမှာ ရင်ဆိုင်ဖြစ်သန်းရဲသည့် သတ္တိရှိသော လက်တွဲဖော်တစ်ယောက်ကိုသာ မျှော်လင့်နေမိပါသည်။ ဟီး ;D
ပျော်ရွှင်ပြီး ချစ်စရာကောင်းသည့် လက်တွဲဖော်နှင့် ဆုံဆည်းကြပါစေ။
http://h1.ripway.com/twinpoe/favicon.ico