စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာမဟုတ်ရင်
ဆွမ်းခံရင်း ငှက်သင့်တာများ ဖြစ်နေမလား
အတိတ်ကံကိုက ပစ်ချလိုက်တဲ့နေရာတစ်ခု
အဆိပ်မတက်သေးတဲ့အိပ်မက်တွေအတွက်
အကျဉ်းကျခံနေရဆဲ။
ကိုယ်ခေါင်းဆောင်ခဲ့တဲ့တိုက်ပွဲဟာ
ကိုယ်မပါပဲ အောင်ပွဲခံနေကြ
ကိုယ်က အဝေးမှာ လွတ်လပ်စွာ အထီးကျန်နေတယ်။
ညီမလေးအဲမရေ....
ကိုယ့်ကိုယ်စား မင်း သွားမှ သွားရဲ့လား၊
ကိုယ့်ချန်ခဲ့တဲ့ခြေလှမ်းလေးကိုရော ဖွဖွလေး တမ်းတနေရဲ့လား။
ကိုယ်က ညခါးခါးနဲ့ လ ရောင်နှုတ်ခမ်းကို တမ်းတသူ၊
မင်းက အလင်းနုနုနဲ့ နေခြည်လင်းကို မျှော်လင့်သူ၊
အခုဆို ကိုယ်တို့ ထုတ်မကြေငြာရသေးတဲ့ အလွတ်စာမျက်နှာတွေက
ကိုယ်တို့ သမိုင်းတစ်ခုက စာကျက်တွေပဲ။
အဲဒီနေ့က ပြောသွားလိုက်ပုံများ ပြောပါတယ်
လူဆိုတာ ကိုယ့်ကျင့်ဝတ်ကို မသိရင် သူများကျင့်ဝတ်ကို မကြည့်နဲ့တဲ့။

No comments:
Post a Comment