8/24/09

သေတမ်းစာ

တိုးတိုးလေး တိုက်တဲ့ ခြေလှမ်း
ဖွဖွလေး နမ်းတဲ့ လေညှင်း
အပင်မသန်မှတော့ အသီး ဘယ်မှန်ပါ့မလဲ ။

အိမ်နောက်က ပန်းသီးပင်လည်း
ကလေးတွေ စွတ်လို့ကုန်ပြီ။
အိမ်ရှေ့မြက်ခင်းလည်း မရှင်းဖြစ်တာနဲ့ မလှတော့ဘူး။

ဆေးလိပ်ငွေ့တွေ ပျံတက်သွားတိုင်း
ပုံရိပ်ထဲမှာ ညီမလေးပါတယ်။
ကိုကို ဆေးလိပ်မသောက်နဲ့ဆိုတဲ့ ပညတ်တော်တစ်ပါး
သူမရဲ့ နံရိုးကြားမှာ ရှင်သန်ခဲ့ဖူးတယ်။

ခေတ်ဆိုးကြီးထဲ လူဖြစ်လာရတာပဲလေ။
အကိုတို့ ပခုံးတွေ ဘယ်ကောင်းတော့ပါ့မလဲ

အခုဆို သူငယ်ချင်းကလည်း အဝေးတစ်နေရာ...
ည ည ဖုံးအလကားရတိုင်း သူ့ရည်းစားအကြောင်း ပြောပြောနေတဲ့ ကောင်မလေးကလည်း ကျောင်းစာတွေရဲ့နောက်မှာ..
ကိုကို့ကို သိပ်ချစ်ပါတယ်လို့ ပြောပြီး ကိုယ်က သိပ်ချစ်ပါတယ်လို့ ပြောခဲ့ဖူးတဲ့ တစ်ခါက နှိုးစက်ကလေးကလည်း သံပါတ်ကုန်ပြီတဲ့။

လွတ်လပ်စွာအထီးကျန်ခြင်းဟာ တစ်ခုတည်းသော
ဆု

ညီမရေ..
မင်းဖတ်နေတဲ့ ဒီကဗျာဟာ
အပေါးစား စကားလုံးတွေ မဟုတ်ဘူးကွဲ့။

ဟောဒီကဗျာကို ညှစ်ကြည့်..
ရင်ဘက်ဟောက်ပက်ထဲက ထွက်လာမယ့် သွေးစက်တွေနဲ့ ချစ်ခြင်းတရားတွေ.... ။ ။

နေသစ်

No comments:

http://h1.ripway.com/twinpoe/favicon.ico