(၁)
အခုတလော အဆိုးလောကဓံလေးတွေ တွေ့ကြုံနေရသည်မို့ စာအုပ်တွေ တော်တော်ဖတ်ဖြစ်နေသည်။ အခါတိုင်း အဆိုးလေးတွေ ကြုံလာပြီဆိုလျင် ကိုယ်ခင်မင်ရင်းနှီးသံယောဇဉ်ရှိရသူတွေကို ဖုံးဆက်ပြီး ရင်ဖွင့်စမြဲ။ အခုတော့ အခြေအနေက သည်လို မဟုတ်တော့။ သို့ဖြင့် ကိုယ်ဝါသနာပါသည့် စာအုပ်တွေဆီကပဲ စိတ်ခွန်အားယူနေမိသည်။ လောလောဆယ် ဖတ်ဖြစ်သည့်စာအုပ်လေးက ဒေါက်တာ ကေ သိရီ ဓမ္မာနန္ဒ၏ How To Overcome Your Difficulties. ဆိုသော စာအုပ်ကလေးဖြစ်သည်။ သည်တစ်ခေါက် သည်စာအုပ်လေးကို ဖတ်ခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ကိုယ်က အင်္ဂလိပ်စာတော်သူမဟုတ်ပေမင့် ကိုယ့်အတွက် အင်္ဂလိပ်စာလည်း အထောက်အကူရ၊ စိတ်ခွန်အားလည်းဖြစ်အောင်ဆိုပြီး ဖတ်နေမိခြင်း ဖြစ်သည်။ စိတ်ခွန်အားဖြစ်အောင် စာအုပ်ကလေးကို ကြိုးစားဖတ်ပါမှ စာတစ်ကြောင်းကို ဖတ်မိပြီး ပျောက်ဆုံး သွားသော နိဗ္ဗာန်ဘုံကလေးတစ်ခု၊ အိပ်မက်လေးတစ်ခုကြောင့် စိတ်တွေ နောက်ကျိသွားခဲ့ရသည်။ ဖတ်မိသည့် စာကြောင်းကလေးက.. ''Marriage is a bicycle made for two." တဲ့။ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ( အိပ်မက်)ကလေး တစ်ခုက တော့ ဤသို့............။
အဲသည်နေ့က တောင်ပေါ်တွင် နေနည်းနည်းပူသည်။ သို့ပေမင့် အေးစက်သော လေအတွေ့ကြောင့် နေထိုင်ရတာ သိပ်မဆိုးဟု ခံစားလို့ရသည်။ တောင်ကြီးမြို့လေးကို သူရောက်နေသည်မှ ရက်ပိုင်းမျှသာ ရှိသေးသည်။ သို့သော် တောင်ကြီးမြို့သည် သူနှင့်မစိမ်း။ တစ်ချိန်က ရေထွက်ဦးလမ်းသည်လည်းကောင်း၊ မြို့မဈေးသည်လည်းကောင်း၊ မိန်းလီလက်ဘက်ရည်ဆိုင်သည်လည်းကောင်း၊ ညဈေးတန်းသည်လည်းကောင်း၊ နောင်အင်းလေးဆေးခန်းသည်လည်းကောင်း၊ ဖက်ထုပ်ဆိုင်သည်လည်းကောင်း သူနှင့် တရင်းတနှီးရှိလွန်းခဲ့ သည်။ တောင်ကြီးဇာတိမဟုတ်ပေမင့် တောင်ကြီးမြို့သည် သူ့ဘ၀အစိတ်အပိုင်းတွင်း အပိုင်းကြီးတစ်ပိုင်းအဖြစ် ထင်းရှားရှိနေလှသည်။ တောင်ကြီးကို ချစ်လို့ တောင်ကြီးသူကို ချစ်တာလား။ တောင်ကြီးသူကို ချစ်မိလို့ တောင်ကြီးမြို့ကို ချစ်တတ်လာတာလားဆိုတာတော့ သူ သေသေချာချာ မခွဲခြားတတ်။ သေချာသည်က တောင်ကြီးသူသည်လည်းကောင်း တောင်ကြီးမြို့သည်လည်းကောင်း သူ့ဘ၀အတွင် အသေအချာ အရေးပါခဲ့သည်။
အဲသည်နေ့က သူမနှင့် နှစ်ယောက်သား တွေ့ဆုံဖို့ အချစ်ရွာလက်ဘက်ရည်ဆိုင်ကို ချိန်းလိုက်ကြသည်။ သူမက စက်ဘီးလေးစီးပြီး ရောက်လာသည်။ သူကတော့ ဆိုင်ထဲ ရောက်နှင့်နေသည်မို့ သူမ လှုပ်ရှားမှုတွေကို ငြိမ့်ငြိမ့်ကလေး ထိုင်ကြည့်နေလိုက်သည်။ ကိုကို ရောက်နေတာ ကြာပြီလား ဆိုသော နှုတ်ဆက်သံလေးနှင့် အတူ သူမရဲ့ ပါးချိုင့်ပြုံးလေးက ရင်ကို နွေးထိရှစေလိုက်သည်။ မတွေ့ရတာ ကြာလို့လားတော့ သူမ အနည်းငယ်ဝလာတာပဲဟု ဘာသာပင်တွေးနေမိလိုက်သည်။ နှုတ်ကတော့ ထုတ်မပြောဖြစ်။ မိန်းကလေးအများစု ၀လို့လှလို့ဟု ပြောလျင် တစ်ဝက်ပဲ ပျော်တတ်ကြသည်။ လှလို့ဆိုတာလေးကို လက်ခံပေမယ့် ၀လို့ဆိုတာကြီးကိုတော့ ငြင်းပယ်ချင်တတ်ကြသည်ဟု ကြားဖူးသည်။ ထားတော့။ သူမနှင့် အချိန်တော်တော်ကြာအောင် နှစ်ယောက်သား အိပ်မက်တွေကို ဆွေးနွေးဖြစ်ကြသည်။ သူမက တောင်ကြီးတွင် မနေချင်ဟု ဆိုသည်။ ကျွန်တော်က တောင်ကြီးကိုရော တောင်ကြီးသူမကိုရော မခွဲနိုင်သူ။ နောက်ဆုံး ညှိမရသေးသည့်အဆုံး တခြား ပျော်စရာအကြောင်းတွေကိုပဲ ပြောနေဖြစ်သည်။
ဟေး...နေသစ်.။ အသံလာရာလှမ်းကြည့်တော့ ဘော်ဒါတွေရော ဘော်ကြော့တွေပါ ဆိုင်ထဲဝင်လာသည်။ သူတို့ကလည်း ကိုယ်တို့စားပွဲလေးမှာ လာထိုင်တော့ သူမမျက်နှာလေးမှာ ရှက်သွေးဖြာနေသည်။ ကြာတော့ သူမက ပြန်တော့မည်ဟု စကားစသည်။ သူငယ်ချင်းက ဘာနဲ့ပြန်မှာလဲလို့မေးတော့ စက်ဘီးနဲ့ဟု ဖြေသံကြားရသည်။ မကြာပါ။ လဘက်ရည်ဆိုင်က ဖွင့်လိုက်သည့်သီချင်းက ဘီးကလေးကိုစီးဟူသော စိုင်းထီးဆိုင်၏ သီချင်း။ မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူးဆိုသည့် စားသားလေး ကိုယ်တို့ကလေးဘ၀ကတည်းက အော်ခဲ့သည့်စာသား။ သူငယ်ချင်းတစ်ယောက်က သူ့လက်ထဲကိုင်ထား သည့်စာအုပ်လေးကို ဆတ်ကနဲ ဖွင့်လိုက်ရင်း စာကြောင်းလေးတစ်ကြောင်း ရွတ်ပြသည်။Marriage is a bicycle made for two.တဲ့။ ပြီးတော့ သူက ဆက်ပြောသည်။ အတည်လိုလို ပြောင်သလိုလို နောက်သလိုလို။
" အိမ်ထောင်ရေးဆိုတာ စက်ဘီးတစ်စီးလိုတဲ့ကွ။ ကိုယ်က အဲဒီစကားလေးကို ဖြန့်ထွက်တွေးကြည့်တယ်။ ဟုတ်ပြီ။ ဇနီးမောင်နှံနှစ်ဦးဟာ စက်ဘီးလို့ခေါ်တဲ့ အိမ်ထောင်သည်အဖြစ်နဲ့ ဘ၀ခရီးကို စတင်ကြပြီဆိုပါစို့တဲ့။ ရှေ့ဘီးက ယောက်ျာလေးဆိုရင် နောက်ဘီးက မိန်းကလေးပေါ့ကွာ။ စက်ဘီးတစ်ဘီးဆီမှာ ရှိတဲ့ စမုတ်တံတို့ဟာ ဇနီးမောင်နှံနှစ်ဦးကိုယ်စီကျင့်ရမယ့် လင်ကျင့်ဝတ် မယားကျင့်ဝတ်တွေပေါ့။ ဘီးနှစ်ဘီးကို ဆက်စပ်ထားသလိုမျိုး ချိတ်ဆက်ထားတဲ့ ချိန်းကြိုးဟာ အိမ်ထောင်းရေးမှာ အဓိက လိုအပ်တဲ့ နားလည်မှုဆိုတဲ့ ချိန်းကြိုးလေးရဲ့ အမှတ်သင်္ကေတပဲကွ။ တကယ်လို့သာ ကိုယ်တည်ဆောက်လိုက်တဲ့ အိမ်ထောင်ရေးဟာလည်း စက်ဘီးကောင်းတစ်စီးလို ကောင်းမွန်မယ်ဆိုရင် အခု ကိုထီးသီချင်းထဲကလို မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူးဖြစ်သွားလိမ့်မယ်။ အဲဒီတော့ မင်းတို့ နှစ်ယောက်လည်း ကိုယ်စီးတော့မယ့် စက်ဘီး ကောင်းမကောင်း မစီးကြခင် သေချာစစ်ဆေးကြဦး။"
သူငယ်ချင်းစကားဆုံးတော့ သူမခမျာ မျက်နှာကို ဘယ်ထားရမှန်းမသိအောင် ရှက်သွားပုံရသည်။ တစ်ခါတည်း ပြန်တော့မယ်ဟု ပြောကာ အပြေးကလေး ဆိုင်ထဲမှ ထွက်ခွါသွားသည်။ ဒါတောင် သူငယ်ချင်းက မလျှော့သေး။ ဟေး နင်စီးတဲ့ဘီး သေချာစစ်ဦးနော်တဲ့။
ကိုယ်စီ ပျောက်ဆုံးဘူးသော နိဗ္ဗာန်ဘုံလေးများ ပြန်လည် တွေ့ရှိကြပါစေ။
(ဆရာစိုင်းခမ်းလိတ်၏ မူပိုင်စာသားများကို သိသိကြီးနှင့် ကူးယူသုံးစွဲထားကြောင်း ၀န်ခံအပ်ပါသည်။)
(၂)

(၃)
တစ်ခါတုန်းက ဖြစ်ရပ်အချို့သည် အခုတော့ အိပ်မက်တွေအဖြစ် အငွေ့ပျံပျက်စီးသွားကုန်ပြီ ဖြစ်သော်လည်း တိုက်ဆိုင်မှုလေးတွေ ရှိလာပြန်တော့ ပြန်သတိရနေဖြစ်သည်။ သူမ သတင်းသဲ့သဲ့ အချို့ကို ကြားမိသော်လည်း သူ အဝေးကနေပဲ အဆင်ပြေပါစေဟု ဆုတောင်းပေးနေတတ်ခဲ့သည်။ တစ်ခါတစ်ရံ သူငယ်ချင်းအဖြစ် စကားပြောဖို့ ဖုံးခေါ်သည့်အခါ ပြန်မဖြေတော့လည်း အော် သူ အဆင်ပြေနေတော့ ကိုယ်မလိုအပ်တော့ဘူးထင်ပါတယ်ဟု ဖြေသိမ့်တတ်လာခဲ့သည်။ အခုတော့ အချစ်ရွာ လက်ဘက်ရည်ဆိုင်မှ စ တင်မက်ခဲ့သော နိဗ္ဗာန်ဘုံကလေးသည် ကာလတစ်ခု၏တိုက်စားမှု၊ ဒေသတစ်ခု၏ ဝေးကွာမှု၊တို့ကြောင့် ပျောက်ဆုံးသွားသည်ဟု ခံစားရမိသည့်အခါတိုင်း ဘီးကလေးကိုစီး...နှစ်ယောက်စလုံးကို တင်ပြီး ကိုယ်သွားရတာလေ အင်မတန်ပျော်..စသည့် ဘီးကလေးကို စီး သီချင်းကို အမှုမဲ့ အမှတ်မဲ့ ညဉ်းနေမိပါတော့သည်။ကိုယ်စီ ပျောက်ဆုံးဘူးသော နိဗ္ဗာန်ဘုံလေးများ ပြန်လည် တွေ့ရှိကြပါစေ။
(ဆရာစိုင်းခမ်းလိတ်၏ မူပိုင်စာသားများကို သိသိကြီးနှင့် ကူးယူသုံးစွဲထားကြောင်း ၀န်ခံအပ်ပါသည်။)
1 comment:
ဒီနေရာလေးကိုလည်း ကျုပ်ရောက်ခဲ့ပါသေးတယ်ဗျာ။ စာတစ်ပုဒ်ကိုဖတ်မိတိုင်း ခံစားရတယ်ဗျာ။ ကျုပ်ကိုယ်တိုင်လည်း အချစ်ကိုဖက်တွယ်ထားနေမိလို့လား။
မပြောတတ်တော့ပါဘူးဗျာ။ ကိုမှူးလည်း အချစ်ကိုနမ်းရှိုက်မိလို့ အခုလိုခံစားနေရတာလား။ဒါမှမဟုတ် စာဖတ်သူခံစားဖို့ အသုံးတော်ခံတင်ဆက်ပေးတာလား။ ညီမလေးသော်တာဆိုတဲ့ စာသားလေးကိုတွေ့လိုက်ရတော့ အရင်ဇာတ်လမ်းတွေကို ပြန်တမ်းသတိရနေမိတယ်။ အဲဒီဇာတ်လမ်းလေးဆိုရင်တော့ ရုပ်ရှင်ကားတွေထဲကလို ဇာတ်သိမ်းခန်းမှာ ပြန်လည်ပေါင်းစည်းနိုင်ဖို့ဆုတောင်းပါတယ်ဗျာ။
Post a Comment