4/18/13

ရွာအပြန် အမှတ်တရလေးတွေ

 တောင်သမာန် လက်ပံ
 တောင်သမာန်အင်း

 ဗောဓိတစ်ထောင်

 ညီမလေးသော်တာသစ်မှူး လက်ရာ @ ရွှေတိဂုံ
 ဦးပိန်တံတား
Photo by Siha Khwar Neee :) :)  @ ဦးပိန်

9/8/12

Jazz Poetry ပွဲတော်က အပြန် (ဓာတ်ပုံ)







 ဆရာမ မခက်မာ ကဗျာရွတ်နေစဉ်

8/23/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၅)

အဆင်ပြေခြင်းသီအိုရီ


(၁)
သြဂတ်စ်လ ဆယ့်ကိုးရက်နေ့က  လက်ရှိလုပ်နေသည့် လုပ်ငန်းစလုပ်ဖြစ်ခဲ့သည်မှာ တစ်နှစ်တင်း တင်းပြည့် သည့်နေ့ဖြစ်သည်။ တစ်နှစ်သား လုပ်ငန်းတခုဆိုပေမယ့် သည်အလုပ်က ကိုယ့်ဘ၀ရဲ့ ပထမဆုံးသော တင်းပြည့်ကျပ်ပြည့် စီးပွားရေးလုပ်ကြည့်ခြင်းဆိုလျှင်လည်း မမှား။ အစတော့ အိမ်နား မှာရှိသည့် ဘားကို သွားပြီး တစ်ယောက်တည်း အထိမ်းအမှတ်ပွဲလေး လုပ်မလားလို့ စဉ်းစားဖြစ်ခဲ့ သည်။ နောက်တော့ သည်လိုနေ့မျိုးမှာ အနားမှာ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်တော့ ရှိနေသင့် တယ်ဟု တွေးမိပြီး အပေါ်ထပ်က သူငယ်ချင်းနှစ်ယောက်ကို အဖော်စပ်ဖြစ်သည့်။ သို့သော် သကောင့် သားနှစ်ယောက်က အင်တင်တင်။ သူတို့ နက်ဖန် အလုပ်ဆင်းရမယ်ဟု အကြောင်းပြသည်။ ပြီးတော့ ကောင်မလေးက နေ အဲသည်ဘားသွားမနေနဲ့။ ဂျက်စ်တင့်ဘားမှာပဲ အ၀သောက်ဟု ပြောပြီး ၀ိုင်သုံးပုလင်း ချပေးသည်။ ကြိုက်တာ သောက်တဲ့။

8/13/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၄)

ရွေးချယ်ခွင့်

(၁)
အရင်တုန်းက စ ရေးဖြစ်ခဲ့မယ့် အဆုံးမသတ်ဖြစ်ဘဲ သည်အတိုင်းသိမ်းထားမိသည့် စာတွေကို ပြန်လည် ဖတ်နေမိသည်။ အဲသည်စာတွေထဲမှာ အချို့က ရေးဖြစ်ခဲ့တုန်းက အချိန်ကလို ခံစားမှုတွေက မလတ်ဆတ်တော့။ မလတ်ဆတ်တော့တဲ့ စိတ်ခံစားချက်နဲ့ ကိုယ်ကလည်း စာမရေးတတ်။ တခါကတော့ အသိကဗျာဆရာတယောက်က ကိုယ့်ကို ပြောခဲ့ဖူးသည်။ ကဗျာလည်း မဟုတ်၊ ၀တ္ထုလည်း မဟုတ် ရသ စာပေလည်း မဟုတ်ဘဲနဲ့ စာရေးဖို့ ခံစားချက်လိုသေးသလားတဲ့။ ဟုတ် အဲသည်တုန်းကတော့ သည်လို ပဲ ပြန်မပြောနားမထောင် နေဖြစ်ခဲ့သည်။ ကိုယ်က ပရော်ဖယ်ရှင်နယ် စာရေးသူ မဟုတ်တော့ ရေးချင်တဲ့ အချိန် ကောက်ရေးလို့ မရ။ တကယ့်ကို အကြောင်းအရာတခုပေါ် စိတ်ခံစားမှုက ထိထိရှရှဖြစ်မှ သာ ရေးနိုင်တဲ့ သာမာန်စိတ်ခံစားချက်ကို ဖော်ထုတ်တတ်သူ။ 

ထားပါတော့။ ရေးလက်စ ပစ်ထားလိုက်သည့်စာတွေထဲမှာ အချစ်ကြောင့် ရလာတဲ့ဒုက္ခကို ကျေနပ်စွာ လက်ခံသွားသူအချို့၊ အချစ်ကြောင့် မတန်တဆ ပေးဆပ်လိုက်သည့်ဘ၀တွေအချို့ အကြောင်း ရေးထား ဖူးသည့် လက်စစာလေးတွေ ရှိသည်။ အဲသည်ထဲမှာ...........။

8/10/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၃)

ပွဲတော်ညက အပြန်

အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်။ ဘ၀တွေက ပင်ပန်းလွန်းလှသည်။ တခါတလေတော့ အားလုံးကို စိတ်လွတ် ကိုယ်လွတ်  မေ့ထားပြီး စိတ်နှင့်ကိုယ်ကို လန်းဆန်းသွားအောင် လုပ်ပစ်လိုက်ချင်သည်။ လွန်ခဲ့ သည့်လေး လလောက်တုန်းကတော့ လူကလည်း ခြောက်လလောက် နေ့စဉ်ရက်စက်အလုပ်လုပ်ရသည့် ဒဏ်၊ စိတ် ဖိစီးမှု ဒဏ်တွေ ဖြစ်ချင်တိုင်းဖြစ်လာတော့ သူငယ်ချင်းများရှိရာ ကမ်းခြေတနေရာသို့ အားလပ်ရက်ယူပြီး သွားဖြစ်ခဲ့သည်။ အခုလည်း အဲလို ကိုယ်မရောက်ဖူးသေးတဲ့ နေရာလည်းဖြစ်၊ ကိုယ်သုံးနိုင် တဲ့ ငွေပမာဏ လည်းဖြစ်တဲ့ နေရာလည်းဖြစ်တဲ့ တနေရာရာကို စိတ်လွတ်ကိုယ်လွတ် သွားလိုက်ချင်သည်။ ဒါပေသည့် ကိုယ်လုပ်နေသည့် အလုပ်နေရာအတွက် ကူညီပေးမည့်သူက မရှိ။ ရှိစေတော့။ မရနိုင်သည့် အခြေနေတခု အတွက် ၀မ်းနည်းမနေချင်။

8/3/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၂)


 
 ၀ါဆို လပြည့်ညဦး

(၁)
အလုပ်ကအပြန် ညဦးပိုင်းက သူငယ်ချင်းဂျက်စတင်နှင့် အိမ်ရှေ့မှာ ထိုင်ပြီး စကားပြောဖြစ်ခဲ့ကြသည်။ သည်နေ့က သူ့မွေးနေ့။ ဘာလက်ဆောင်ပေးရင် ကောင်းမလဲဟု စဉ်းစားမိတော့ တခါက သူ့ချစ်သူကောင် မလေးက ကျွန်တော့် ဘီးတတ်အ၀တ်လျှော်ပုံးကို မြင်တော့ သဘောကျတယ်လို့ ပြောဖူးတာကို စဉ်းစားမိပြီး သူတို့ နှစ်ဦးအတွက် ဘီးတတ်အ၀တ်လျှော်ပုံးလေး ၀ယ်ပေးလိုက်ရင် ကောင်းမယ်တွေးပြီး ဘီးတတ် အ၀တ် လျှော်ပုံး နှစ်ခု ၀ယ်ပေးဖြစ်လိုက်သည်။ အ၀တ်လျှော်စက်က အိမ်နဲ့ခပ်လှမ်းလှမ်းမှာ ဆိုတော့ ခရီးဆောင် အိပ်ကြီးတခုလို မ စရာမလိုဘဲ လက်နဲ့ ဆွဲသွားရုံဆိုတော့ အဲသည်ပုံးလေးတွေက သူတို့အတွက် အဆင်ပြေလှသည်။ ဆိုတော့ ကျွန်တော်တို့နှစ်ယောက် အ၀တ်လျှော်ပုံးပေါ်မှာ ချိတ်ဆွဲထား သည့် ပျော်ရွှင်စရာ မွေးနေ့ စာတမ်းပါ မိုးပျံပူပေါင်းတွေကို ဆော့ရင်း သူ့ကောင်မလေးပြန် အလာ ကို စောင့်မျှော်နေဖြစ်ကြသည်။ မစောင့်လို့ ကလည်း မဖြစ်၊ ကျွန်တော်တို့မှာ ဗိုက်က ဆာနေပြီ။ စားစရာ မရှိ။ ကျွန်တော့်ဘာသာ ဆိုရင်တော့ ရှိတဲ့ ကန်စွမ်းရွက် ဒါမှမဟုတ် မျှစ်လေး၊ မြင်းခွါရွက်သုပ်လေးနဲ့ ညစာက ပြီးသည်။ အခုတော့ သကောင့်သား ကျေးဇူးရှင်က သူ့ကောင်မလေးကို စောင့်ကြတာပေါ့ကွာ ဆိုသဖြင့် ကျွန်တော် ကြော်ပြီး သိမ်းထားသည့် မြေပဲကြော်လေးနဲ့ပဲ အဆာပြေ လွေးနေရသည်။

7/31/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၁)

ကော်ပီခါးခါး (သို့မဟုတ်) ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၁)

(၁)
မနေ့ညက အဖြစ်အပျက်လေးတခုကို ကျွန်တော် ပြန်တွေးဖြစ်သည်။ ကျွန်တော် အမေရိ ကားကို ရောက်တာ သုံးနှစ်နဲ့ သုံးလရှိပြီ။ မီးပျက်တာ သုံးခါတွေ့ဖူးခဲ့သည်။ မနေ့ညက မိုးသက်လေပြင်းကြောင့် မီးနာရီပိုင်းမျှ ပျက်ခဲ့သည်။ ဆိုတော့.. မီးပျက်တော့ စားဖို့ ချက်လို့မရ။ ဒါနှင့် အပေါ်ထပ်က ကိုယ်ရွှေကျေးဇူးရှင်လေးတွေနှင့် ဟမ်ဘာဂါဝယ်စားဖြစ်ခဲ့ကြသည်။ ထိုစဉ်.. မိတ်ဆွေ တစ်ယောက်က သင်္ကြန်ပွဲကိုလည်း မလာဘူး။ အခုလည်း ၀ါဆိုသင်္ကန်းကပ်ရှိတာလည်း မလာတော့ဘူး မလားလို့ အပြစ်တင်စကားတ၀က်၊ သတိပေးစကားတ၀က် ပြောသွားခဲ့သည်။ သူ ဖုန်းချသွားတော့ ကျွန်တော်က ဟိုးကောင်းကင်ပြာပြာထဲမှာ တဦးတည်းမင်းမူနေသည့် လ မင်းကို မော့ကြည့်တွေးနေဖြစ် သည်။

သူငယ်ချင်းက " နေ မင်း ဘာတွေ တွေးနေတာလဲ"တဲ့။ ကျွန်တော် ပြန်မပြောဖြစ်ခဲ့။ သည်လိုပါပဲကွာဟု သာ အဖြေတိုတိုလေးပဲ ဖြေဖြစ်ခဲ့သည်။ မပြောချင်ခဲ့ပဲ ပြန်မပြောဖြစ်ခဲ့သည့် အကြောင်းတွေက သည်လို။

7/21/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၀)

အညိမ့်တစ်ခုရဲ့ အနှစ်သာရ (သို့မဟုတ်) ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၂၀)

(၁)
မနေ့ညနေက အဖြစ်အပျက်လေးကို ပြန်စဉ်းစားမိတိုင်း ရင်ခုံ ကြည်နူးရတော့မလိုလို၊ ကျေးဇူးတော်အနန္တ တင်ရမလိုလို။ ပြီးတော့ လွမ်းခွင့်လေး တွေးခွင့်လေး နွေးထွေးခွင့်လေး ပေးတဲ့ သူတို့တတွေကို သတိတရ ရှိနေရတော့မလိုလို။ အဲသည်လို လိုလိုတွေ မလိုလိုတွေ ပေးတတ်ကြတဲ့ သူတို့တတွေဆိုတာက ကိုယ့်ရဲ့ သူငယ်ချင်းတွေဆိုလည်း ဟုတ်၊ ကိုယ့်အတွက် အိမ်နီးနားချင်းကောင်းဆိုလည်း ဟုတ်တဲ့ ဂျက်စ်တင်နဲ့ တာရာ ( Justin + Tiara)  ဆိုတဲ့ ချစ်သူနှစ်ဦးရယ်ပါ။ 
(ကိုယ်နဲ့ ကိုယ့်ကျေးဇူးရှင်လေးတွေ တစ်ညသ၌ ဘီယာဘားမှာ)

7/19/12

ပြန်လည် ပြောဖြစ်ခဲ့မယ်ဆိုရင် (၁၉)

ယောနိသော မနသိကာရ (သို့မဟုတ်) ပြန်လည်ပြောဖြစ်ခဲ့မယ်ဆိုရင် (၁၉) 

(၁)
နေ့ခင်းက မိုးသက်လေပြင်းလေး တိုက်ခတ်ပြီး ခပ်ကြာကြာလေး မိုးရွာထားသည်မို့ အခန်းထဲမှာ အအေးပေးစက် ဖွင့်ထားစရာမလိုတော့။ အပူချိန် လျှော့ကြသွားသည်ကိုက ကိုယ့်အတွက် ၀မ်းသာစရာပဲ မလား။ မဟုတ်ရင်.. အအေးပေးစက်ဖွင့်၊ မီတာခတက်၊ ပိုက်ဆံကုန်။ ပြီးတော့ အအေးပေးစက် ဖွင့်ထားချိန်ဆို ကိုယ့်အခန်းကျဉ်းလေးက တကယ့်ကို ဆူညံနေသည်။

အခုတော့ကိုယ့်အခန်းကျဉ်းလေးကတိတ်ဆိတ်လို့။တချက်တချက် လေယာဉ်အတက်ဆင်း လေယာဉ်သံ လေးတွေကလွဲလို့ ဘာဆို ဘာမှမကြားရ။ အပြင်မှာလည်း အပူချိန်လျော့နေသည်ဆိုတော့ နောက်ဘေး ဘက်က မြက်ခင်းပြင်မှာ သွားထိုင်ပြီး စာဖတ်နေရင် ကောင်းမလား။ ဒါမှမဟုတ်.. ကွန်ပျူတာ လေးယူပြီး အပျင်းပြေ မြက်ခင်းပြင်မှာပဲ မြန်မာဗွီဒီယိုဆိုဒ်တွေကနေ မြန်မာကားလေး ကြည့်ရင် ကောင်းမလား။ တကယ်ဆို ကိုယ်က သည်နေ့ည သင်တန်းသွားရမှာ။ ပျင်းတာနဲ့ မသွားရင်ကောင်းမလားလို့ တွေးပြီး အခန်းထဲ ၀င်ခါရှိသေး သင်းတန်းတာဝန်ခံက သည်နေ့ သင်တန်းနားတဲ့အကြောင်း ဖုန်း ဆက်ပြောလိုက်တော့ စူဠလိပ် ရေထဲလွှတ် လိုက်သလို ဘာပြောကောင်းမလဲ၊ကျေးဇူးတင်စကား မွှန်ထူနေအောင်ပြောဖြစ်လိုက်သည်။ အခါတိုင်းဆို ညနေတိုင်းလိုလို သည်မြက်ခင်းလေးက ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေ ဆော့ကစားနေကြ နေရာ။ တခါတလေ Corn Hole Game ကစားတတ်သလို တခါတရံ Beer Pong Game လည်း ကစားတတ်သည်။ တခါတလေတော့ ကိုယ့်ဘာသာ ဘီယာပုလင်းလေးဘေးချပြီး စီးကရက်လေးဖွာရင်း အနားမှာ အစာရှာရင်း လာကစားနေတတ်သည့် ယုန်ကလေးတွေကို ငေးကြည့်နေတတ်သည်။ (သည်လိုနေရတာကိုပဲ ကဗျာဆန်တယ် အထင်နဲ့ နေနေလိုက်တာ ယမကာလုလင်လေး ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။)

6/22/10

ချမ်းမြေ့တဲ့ဘ၀င် ၊ ပျော်ရွှင်တဲ့ ဘ၀ (၁)


ကြောက်စိတ်နဲ့ သောက


Wheresoever fear arises, it arises in the fool, not in the wise man.
(Buddha)

လူမိုက်တွေဆီပဲ ကြောက်စိတ်က မင်းမူချင်တိုင်း မင်းမူလို့ရပေမယ့် ပညာရှိသူတွေဆီမှာတော့ ကြောက်စိတ်က နည်းနည်းလေးမှ လွှမ်းမိုးလို့ ရမယ် မဟုတ်ဘူး၊။။

အောင်မြင့်ဖို့ပဲ ဖြစ်ဖြစ် ကျရှုံးဖို့ပဲ ဖြစ်ဖြစ် လူတိုင်းကို တုတ်နှောင်ထားတဲ့ အရာက ကြောက်စိတ်ပဲဖြစ်တယ်။ အဲဒီကြောက်စိတ်ဆိုတာလည်း လူတိုင်း (သတ္တ၀ါ)တိုင်း မွေးရာပါဗီဇစိတ်ဖြစ်ပြီး ပုထုဇဉ်ပီသတဲ့ အချင်းအရာ တစ်ခုလို့ ဆိုပါတယ်။ ဒါပေမယ့် ကြောက်စိတ်နဲ့ သောကဟာ အမြဲတမ်းပူးတွဲနေတတ်သလို လူတွေကိုလည်း အမြဲတမ်းပူးသတ်နေပြန်ပါတယ်။ ဒေါက်တာ ကေ သိရီ ကတော့ ကြောက်စိတ်အားကြီးတဲ့ လူငယ်တစ်ယောက် ဟာ သက်ကြီးရွယ်အိုတစ်ယောက်လို မသန်မစွမ်းဖြစ် သွားတတ်သလို၊ ကြောက်စိတ် အားကြီးနေတဲ့ လူကြီးတွေအဖို့ လည်း အသက်ရှင်သန်ရခြင်းဟာ တော်တော့်ကို ရှည်လျားတဲ့အရာလို့ ဆိုပါတယ်။ တကယ်တော့ ဘ၀ဆိုတာ မတည်မြဲမှုတွေ၊ ရွေ့လျားပြောင်းလဲလာမှုတွေနဲ့ အမြဲရွေ့လျား သွားလာနေတဲ့ ပန်းချီကား တစ်ချပ်သာသာပါပဲ။ ဒါပေမယ့်.. အဲဒီပြောင်းလဲနေတဲ့ ပန်ချီကားအရှင်ကြီးကို လူသားတွေက တည်မြဲနေ စေချင်တယ်။ တည်မြဲအောင် ဆွဲကိုင်ထားချင်တယ်။

6/11/10

ဖြတ်သွားဖြတ်လာ စကားလုံးများ

မိန်းမတစ်ယောက်ကို ချစ်ဖို့ ဘယ်လောက်လွယ်ပြီး၊ တွေ့ဆုံဖို့ကတော့ ဘယ်လောက်ခက်ခဲပါသလဲ။ ကျွန်တော် မသိပါ။ ကျွန်တော်သိသည်က မိန်းမများသည် အချစ်ထက် သူတို့ဘ၀လုံခြုံစိတ်ချမှုကိုပဲ အားကိုးယုံကြည်ကြ သည်ထင်ပါသည်။ ဆရာဆန်းလွင်ကတော့ ခံစားလွယ်တဲ့ နှလုံးသားနုနုက အသိဥာဏ်ရှိတဲ့ ဥဏှောက်ကို မလွှမ်းမိုးစေသင့်ဘူးမဟုတ်လားဆိုပြီး ချစ်သူ ခရစ်ယာန်ဘာသာဝင်ကောင်မလေးကို စွန့်ခဲ့ပြီး သူရှာနေသည့် ဘာသာတရားကို တွေ့ဖို့ စတေးပစ်နိုင်ခဲ့သည်။ သို့ဆိုလျင် မိန်းမတွေကကော...။ သိပ်ချစ်ပါလျက်နဲ့ ဘ၀လုံခြုံမှု အတွက်ဆိုသည့် အကြောင်းပြချက်တစ်ခုနှင့် ချစ်သူကောင်လေးတွေကို ထားခဲ့ကြတာပဲလား။ ကျွန်တော်ရေရေလည်လည် နားမလည်နိုင်သေးပါ။

5/29/10

ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ



(၁)
အခုတလော အဆိုးလောကဓံလေးတွေ တွေ့ကြုံနေရသည်မို့ စာအုပ်တွေ တော်တော်ဖတ်ဖြစ်နေသည်။ အခါတိုင်း အဆိုးလေးတွေ ကြုံလာပြီဆိုလျင် ကိုယ်ခင်မင်ရင်းနှီးသံယောဇဉ်ရှိရသူတွေကို ဖုံးဆက်ပြီး ရင်ဖွင့်စမြဲ။ အခုတော့ အခြေအနေက သည်လို မဟုတ်တော့။ သို့ဖြင့် ကိုယ်ဝါသနာပါသည့် စာအုပ်တွေဆီကပဲ စိတ်ခွန်အားယူနေမိသည်။ လောလောဆယ် ဖတ်ဖြစ်သည့်စာအုပ်လေးက ဒေါက်တာ ကေ သိရီ ဓမ္မာနန္ဒ How To Overcome Your Difficulties. ဆိုသော စာအုပ်ကလေးဖြစ်သည်။ သည်တစ်ခေါက် သည်စာအုပ်လေးကို ဖတ်ခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ကိုယ်က အင်္ဂလိပ်စာတော်သူမဟုတ်ပေမင့် ကိုယ့်အတွက် အင်္ဂလိပ်စာလည်း အထောက်အကူရ၊ စိတ်ခွန်အားလည်းဖြစ်အောင်ဆိုပြီး ဖတ်နေမိခြင်း ဖြစ်သည်။ စိတ်ခွန်အားဖြစ်အောင် စာအုပ်ကလေးကို ကြိုးစားဖတ်ပါမှ စာတစ်ကြောင်းကို ဖတ်မိပြီး ပျောက်ဆုံး သွားသော နိဗ္ဗာန်ဘုံကလေးတစ်ခု၊ အိပ်မက်လေးတစ်ခုကြောင့် စိတ်တွေ နောက်ကျိသွားခဲ့ရသည်။ ဖတ်မိသည့် စာကြောင်းကလေးက.. ''Marriage is a bicycle made for two." တဲ့။ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ( အိပ်မက်)ကလေး တစ်ခုက တော့ ဤသို့............။

5/25/10

မိုးသက်လေပြင်းကြောင့် စာကြည့်တိုက်အဆောက်အဦ အနည်းငယ်ပျက်စီးသွား


မေလ (၇)ရက်ခန့်က တိုက်ခတ်သွားသော မိုးသက် လေပြင်းကြောင့် ဘ၀ဘဏ်စာကြည့်တိုက်နှင့် စာဖတ် အသင်း အဆောက်အဦ အနည်းငယ်ပျက်စီးသွားပါသည်။ ထို့ပြင် စီမံကိန်းအရ ငွေသာတွင်း (တွင်းထဲ)ကျေးရွာ လူထု ပြောင်းရွေ့နေထိုင်ရန် ဆောက်လုပ်ပေးထားသည့် ရွာသစ်မှ အိမ်များ အားလုံးနီးပါးခန့် (သုံးလုံးသာကျန်) လည်း ပြိုလဲပျက်စီးသွားရာ အသစ်ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေကြပါသည်။ သို့သော် ယခုအသစ် ဆောက်ရမည့် အိမ်များအတွက် စီမံကိန်းမှ အနည်းငယ်သာ တာဝန်ယူကြောင်း သိရပါသည်။

5/21/10

သူတို့ဆီက နာမည်ကိစ္စ

နာမည်တဲ့။ နှစ်လုံးတည်း။ ဒါပေမယ့် အဲဒီ နှစ်လုံးထဲရှိတဲ့ နာမည်ကြောင့်ပဲ ကိုယ်အခုတလော စိတ်ရှုပ်စရာတွေချည်း ကြုံနေရတယ်။ ကိုယ်တို့ ရွှေပြည်ကြီးမှာတော့ နာမည်ဟာ သိပ်ရေးကြီးခွင်ကျယ် မဟုတ်ပါဘူ။ ချစ်စရာ ၀ကစ်ကစ်ကလေးတစ်ယောက်ကို ၀တုတ်လို့ ခေါ်ရင် ၀တုတ်လေးဟာ နာမည်ရင်းဖြစ်သွားတတ်သလို့ ငရုတ်သီးမှုန့်ရောင်းလို့ ဘုတ်ဆုံမလို့ အပြောင်အပျက်ခေါ်ရင်း ဘုတ်ဆုံမလို့ တွင်သွားတာတွေ ရှိပါတယ်။ ပြီးတော့ မျိုးရိုးနာမည်ဆိုတာလည်း မရှိသလောက်ပါဘဲ။ ဦးတို့ ဒေါ်တို့ မောင်တို့ မတို့ဟာ နာမည်အရင်းတွေထဲ ထည့်ရေးလို့ ရပါသလား။ မစ္စတာဆိုတဲ့နာမည် မစ္စစ်ဆိုတဲ့ နာမည်တွေကကော ကိုယ်တို့တတွေသုံးတဲ့ ဦးတို့ မောင်တို့နဲ့ ထပ်တူပဲ မဟုတ်လား။ အခုတော့ ကိုယ်က အဲဒီနာမည်ဆိုတာလေးကြောင့် ဟိုပြေးရ ဒီပြေးရနဲ့ ။

5/14/10

လက်ဖွဲ့


နှစ်ယောက်တစ်အိပ်မက်လှေတစ်စီးနဲ့

ခရီးပင်လယ်ပြင်ကို စတင်။


သူက သူမကို လက်ဖွဲ့

သူမက သူ့ကို လက်ဖွဲ့

အခြမ်းနှစ်ခြမ်းရဲ့ ပေါင်းစည်းခန်းဟာ သိပ်ကို ကဗျာဆန်ဆန်။


အိပ်မက်လှေကလေးမှာ

နားလည်မှုဘီးကလေးတစ်စီးလိုမယ်။

တစ်ခါတစ်လေ ချော့တတ်ဖို့ လေနုအေးကလေး လိုမယ်။

တစ်ခါတစ်လေအားပေးဖို့ ကြင်နာမှုတွေ လိုမယ်။

တစ်ခါတစ်လေ စိတ်အပန်းဖြေဖို့ ဂစ်တာလေး တစ်လက်လိုမယ်။

တစ်ခါတစ်လေ ခရီးသွားဖို့ စာအုပ်တွေ ဖတ်ဖို့လိုမယ်။

တစ်ခါတစ်လေ ကိုယ်စီးနေတဲ့ ဘီးကလေးကို ထိန်းဖို့ ဘာသာတရားတွေ လိုမယ်။

တစ်ခါတလေ ကြည်နူးကြဖို့ ဘီးကလေးကို စီး သီချင်းဆိုတတ်ဖို့လိုမယ်။

အိပ်မက်လှေနဲ့ ခရီးထွက်သူများခများ….


ကျေးဇူးပြု၍ ကျွန်တော့်လက်ဖွဲ့ကို ဖွင့်ဖောက်မဖတ်ကြပါနဲ့။

ခများတို့ လှေအောက်က ရေလေးတွေ နောက်ကုန်တော့မယ်။


(မီးလေး (ခ) မကေသီအောင်က အွန်လိုင်းကနေ ဆီဒိုးနားမှာ ကျင်းပမယ့် သူမရဲ့ မင်္ဂလာပွဲဖိတ်စာလေး ပို့လိုက်ပါတယ်။ ဒီကလည်း လက်ဖွဲ့ထက် ခရီးစရိတ်က ပိုများကြီးနေမလားလို့ တွေးပူမိတာနဲ့ ဒီကဗျာလေးကို လက်ဖွဲ့လိုက်တာပါ။

ဒေါက်တာဝင်းထွန်း+ မကေသီအောင် (ခ) မီးလေးတို့ ဇနီးမောင်နှံ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းသင်းနေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ၁၅ ရက်နေ့ ညနေ (၆)နာရီမှ မင်္ဂလာအချိန်စမှာဆိုတော့ ကျွန်တော့်လက်ဖွဲ့ အချိန်မှီရောက်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း :D )

Photo bye Naythit at U Kyaw Lin + Thiri's House

5/5/10

ကိုယ်မပြောချင်တဲ့အကြောင်းများ



နိစ္စဓူဝ ပြေးလွှားနေတဲ့ ပြက္ခဒိန်တွေအကြောင်း
ကိုယ် မပြောချင်။

ကိုယ့်ဘာသာကိုယ် တူးထားတဲ့ လက်ယက်တွင်းလေး အေးတဲ့အကြောင်း
ကိုယ်မပြောချင်။

သမင်လည်ပြန်အကြည့်တွေ ခေတ်မမီတော့ဘူးလို့
ကိုယ်မပြောချင်။

နံရိုးတစ်ချောင်း အက်သွားရုံနဲ့
ဘ၀တွေက သေဆုံးသွားပြီလား။
ကိုယ်မပြောချင်။

ညီမလေးပေးထားတဲ့ ဆင်မြီးကွင်း လက်စွပ်လေးအကြောင်း
ကိုယ် မပြောချင်။

ညီမလေးဆင်ပေးထားတဲ့ ဦးဂျမ်းပုဆိုးလေးအကြောင်း
ကိုယ်မပြောချင်။

အဆက်ဟောင်းမလေးရဲ့ သစ္စာတရားတွေအကြောင်း
ကိုယ်မပြောချင်။

အဲဒီအဆက်ဟောင်းမလေးရဲ့ ညှင်းသွဲ့သွဲ့စကားလုံးတွေအကြောင်း
ကိုယ်မပြောချင်။

ကိုယ်တို့ရွာမှာ ကျင်းပမယ်ဆိုတဲ့ မဲပြာပုဆိုး ရွေးပဲအကြောင်း
ကိုယ်မပြောချင်။

ဒုက္ခရောက်လို့ ရှင်ကြီးကိုးမှ ကျားထက်ဆိုးနေသူတွေအကြောင်း
ကိုယ်မပြောချင်။

ဂလိုဘယ်လိုက်ဇ်ရွာကြီးမှာ အင်္ဂလိပ်စာမတတ်လို့ ရွားသားမဖြစ်တဲ့အကြောင်း
ကိုယ်မပြောချင်။

စကားလုံးတွေနဲ့ တည်ဆောက်နေတဲ့ ရွှေအိပ်မက်တွေအကြောင်း
ကိုယ်မပြောချင်။

သိတိုင်း မပြော၊ ရောက်တိုင်း မသွား၊ မြင်တိုင်း မကြည့်နဲ့ ဆိုတဲ့ အမေ့မှာတမ်းစကားတွေအကြောင်း
ကိုယ်မပြောချင်။

အားအားရားရား စကားလုံးတွေ ထွေးထုတ်နေတဲ့ သူတွေအကြောင်း
ကိုယ်မပြောချင်။

ကိုယ့်လိပ်ပြာ ကိုယ်ဝှက်ထားတဲ့ မိုးသားတွေအကြောင်း
ကိုယ်မပြောချင်။

အမြဲတမ်းသတိရနေတဲ့ အကို့ရဲ့ ညီမလေးဆိုတဲ့ စာကလေးတစ်စောင်အကြောင်း
ကိုယ်မပြောချင်။

ကမ္ဘာကြီး ပြားတယ်ဆိုတဲ့ အကြောင်း
ကိုယ်မပြောချင်။

ဘာကြောင့် မပြောချင်တာလဲဆိုတဲ့ အကြောင်းတွေကိုလည်း
ဘယ်သူ့မှ ကိုယ်မပြောချင်။

4/22/10

တစ်နှစ်စာ အလွမ်းများ


(၁)

တကယ်ဆိုမေ့ပစ်လိုက် နာကျင်ခြင်းတွေ မေ့ထားလိုက်၊ အမျှော်လင့်ဆုံးကလေးရေ....
ဟန်ထွန်းရဲ့ သီချင်းသံလေးက သူ့ရင်ဘတ်တစ်ခုလုံးကို ဆွဲဖြစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ အရင်တုန်းကဆို အားအားရှိတိုင်း သည်သီချင်းသံလေးကို အမြဲနားထောင်ဖြစ်သည်။ အခုတော့ အလုပ်က ဇိမ်ပြေနပြေထိုင်လုပ်ရသည့် အလုပ်မဟုတ်တော့ ကိုယ်လည်း တစ်နေ့တစ်ခေါက် ၊ ဒါမှမဟုတ် နှစ်ရက်သုံးရက်မှ တစ်ခါသာ နားထောင်ဖြစ်သည်။ သည်နေတော့.... ဟုတ်သည်၊ သည်နေ့။ ဧပြီ (၂၄)ရက်နေ့ရဲ့ မိုးဖွဲဖွဲညလေးတစ်ခုတွင် သည်သီချင်းကို ကောင်မလေးတစ်ယောက်ဆီမှ လက်ခံခဲ့ရသည်။ ပြီးတော့ သည်နေ့သည် ကိုရွှေအမေရိကားသို့ သွားရမည့်နေ့ဖြစ်သည်။ ဆိုတော့ အရင်ဇာတ်လမ်းသီချင်းလေးက သူ့ ကို အရင်ကဇာတ်လမ်းတွေကို မေ့ခိုင်းနေသည်။ သူ သည်တစ်နှစ်တာလုံးလုံး မေ့ထားနိုင်ခဲ့ပြီလား။ မေ့ရက်ခဲ့ပြီလား။ မေ့ဖို့ရော ကြိုးစားမိခဲ့ပြီလား။ သည်နေ့ညမှာပင် အဲဒီအရင်ကဇာတ်လမ်းလေးနှင့် အလွမ်းတွေ၊ သင်္ခန်းစာတွေကို ဥဏှောက်နှင့်ရော နှလုံးသားနှင့်ပါ နုတ်ထုတ်နေမိသည်။

4/15/10

နိုင်ဂရာရေတံခွန်ပုံရိပ်များ


နိုင်ဂရာရေတံခွန်


အမေရိကန်+ ကနေဒါ နယ်စပ်တံတား


နိုင်ဂရာရေတံခွန်အလှ (Panorama ရိုက်ချက်)


ကနေဒါဘက်ခြမ်းက မီးပြတိုက်

တလောက နိုင်ဂရာဖောကို ရောက်တော့ ပုံလေးတွေ ရိုက်ဖြစ်ခဲ့တယ်။ ကိုယ့်ပုံက လွဲရင်ပေါ့ဗျာ။ ဖုံးကင်မရာနဲ့ ရိုက်ထားတာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လို့ သည်းခံကြည့်ပေးတော်မူပါဗျာ။ :D



4/3/10

အိမ်အပြန်


(နိဂုံး)
တစ်ရက်လုံးလုံး စီးနင်းလိုက်ပါခဲ့ရသော ဒဏ်ကြောင့် လူတစ်ကိုယ်လုံးလည်း ပင်ပန်းနွမ်ချည့်နေသည်။ လေယဉ်ပေါ်တွင် ပါသော ဂိမ်းများလည်း ကစားရသည်မှာ ငြီးငွေ့လာသည်။ မာမိုရီစတစ်ထဲ ထည့်ထားသော အဆိုတော်စိုးထီးဆိုင်ရဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တယ်ရယ်ဆိုသော သီချင်းလေးခမျာလည်း ဖွင့်နားထောင်ရလွန်းလို့ တော်တော့်ကို ငြီးငွေ့ဖွယ်လို ဖြစ်လာသည်။ သို့ဖြင့် တိုင်ပေကနေ ဘန်ကောက်သို့ အသွား တစ်လမ်းလုံး ပြန်အိပ်ကြည့်သော်လည်း အိပ်မပျော်။ အသင့်ဆောင်ထားသော စာအုပ်ကလေးသာ ကုန်သွားသည်။ မျက်လုံးက စင်းတောင် စင်းမသွား။ ထားတော့။ အပြန်လမ်းတစ်လျှောက်လုံး ပင်ပန်းမှုတွေက အိမ်ပြန်စိတ်ကလေးတစ်ခု ထဲနှင့် သူ့ ပျော်ဝင်နေပုံရသည်။ ဘန်ကောက်ကနေ ရွာဦးက လေဆိပ်ကို ဆက်စီးတော့မည်ဆိုတော့ သူ ဘယ်လိုမှ နေမထိထိုင်မသာခံစားနေရမှုကို မချိုးနိုင်ခဲ့ချေ။



(၁)
“အကို ရန်ကုန်ရောက်တော့မယ်ဗျ။ ”

ဘန်ကောက်ကနေ လိုက်ပါလာသော နံဘေးခုံက မိတ်ဆွေက အသိပေးတော့မှ ပြတင်းဝကို ငေးကြည့်ဖြစ်သည်။ ၁၉ရာစုနှစ်က အတိုင်း၊ ကိုယ်တို့နိုင်ငံက ထိန်းသိမ်းထားသည်မှာ အံ့ဖွယ်သရဲဆန်လွန်းလှသည်။ ကြည့်ပါဦး။ သူ ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ လေယဉ်တက်တော့ ကြည့်လိုက်ရသည့် မြင်ကွင်းတွေ၊ တိုင်ပေ၊ ဘန်ကောက်က ကြည့်ခဲ့ရသည့် မြင်ကွင်းတွေနှင့် လားလားမျှမတူအောင် ရှေးဟောင်းအမွေအနှစ်တွေကို ထိမ်းသိမ်းတတ်သော ကိုယ့်နိုင်ငံကို ဂုဏ်ယူရမလိုလိုပင် စိတ်ထဲ ဖြစ်နေမိသည်။ ဆန်ဖရန်၊ တိုင်ပေ၊ ဘန်ကောက်မှာတော့ တိုက်မြင့်မြင့်ကြီးတွေ ၀ံ့ကြွားနေတာကို မြင်ခဲ့ရသလောက် ကိုယ်တို့ရွာဦးက လေဆိပ်မှာတော့ တဲပုပ်လေးတွေပဲ မြင်နေရသည်။ အထင်းသားမြင်ရတာဆိုလို့ ရွှေတိဂုံစေတီတော်ကြီးသာ ရှိသည်။

နံဘေးက ခရီးဖော်က ကျွန်တော်တို့လေဆိပ်ကတော့ဗျာ ကျွန်တော်လွန်ခဲ့တဲ့ ငါးနှစ်က စထွက်ခဲ့တုန်းက အတိုင်းပဲ ဘာမှ မပြောင်းလဲဘူးဗျတဲ့။ သူက ဘာတွေ ပြောင်းလဲစေချင်တာပါလိမ့်။ ကျွန်တော်မစပ်စုမိ။ ပြောင်းလဲခြင်းဆိုသည်မှာ မပြောင်းလဲသည့် အရာတစ်ခုတဲ့။ တကယ်သာ အဲဒီသဘာဝ မှန်ကန်ပါက ကျွန်တော်တို့ ပြောင်းလဲနေကြရမည်မှာ သေချာသည်။ ကျွန်တော်တို့ ရွာနှင့် ပတ်သက်လျင် အဲဒီသဘာဝအမှန်တရားက လျစ်လျူရှုထားဟန်ရှိသည်။ ဘာမှ မပြောင်းလဲ။ အဲ ...ကျွန်တော်ကတော့...။ ပြောင်းလဲသွားတာ သေချာပါသည်။ ၂၀၀၉၊ခု၊ ဧပြီလ (၄)ရက် နေ့တွင် စင်္ကာပူအဲယားလိုင်းဖြင့် ပြည်ပသို့ ထွက်ခဲ့သည့်နေ့က စတွက်လျင် ၂၀၁၀၊ ဧပြီလ (၄)ရက်နေ့အတွင်း အပြောင်းအလဲတွေ သိပ်များခဲ့သည်။ ပြောင်းလဲလွန်းအားကြီးသဖြင့် ကျွန်တော့်ကို မည်သူကမျှ ရုတ်တရက်မှတ်မိနိုင်ကြမည်မထင်ပေ။

ပြည်ပသို့ စထွက်လာစဉ်က ခေါင်းကို ပြောင်အောင်တုံးထားသည့် ကတုံးကေနှင့်။ အခုတော့ ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေးတွေ ပသိုင်းမွှေးတွေနှင့် လမ်းသရဲဆန်ဆန်ဟု ပြောလိုက ပြောနိုင်လောက်သည်။ ဒါက ပထမ အပြောင်းအလွဲ၊ နောက်တစ်ခုက သည်တစ်နှစ်တာက ကာလအတွက် သင်္ခန်းစာတွေ များစွာရခဲ့သည်။ အသဲလည်း ကွဲခဲ့ရသည်။ (ဆရာစံဇာဏီဘိုကတော့ ကန်ရာသီဖွားများသည် အသဲကွဲသူများမဟုတ်၊ အသဲနာသူများ ဖြစ်သည်ဟု ဟောထားသည်။ ကျွန်တော်ကတော့ ဆရာရယ် အသဲလည်း ကွဲ၊ အသဲလည်း နာပါတယ်ဆရာရယ်။ သေချာတာတော့ ကျွန်တော်အသဲနာလွန်းလို့ စင်္ကာပူကနေ မပြန်ဘဲ တိုင်ပေကနေပဲ ပြန်တာသာ ကြည့်ပါတော့ဆရာ။) ကျွန်တော်တွေ့ခဲ့ရသော အပြောင်းအလဲများကိုသာ ရေးပြနေလျင် တစ်ထောင်တစ်ညပုံပြင်က အရှုံးပေးရလိမ့်မည်ထင်သည်။ သည်အတိုင်းပဲ သည်နားမှာပဲ ထားပါရစေတော့။

(၂)
သူ ရုတ်တရက် အရေးပေါ်ကိစ္စဖြင့် မြန်မာပြည်သို့ ပြန်လာသည်။ ဘယ်သူမျှ မသိ။ မြန်မာကနေ မပြန်တော့ဘဲ ရွာမှာပင် အပြီးအပိုင် နွားကျောင်းတော့မည်ဆိုသည်မှာလည်း ဘယ်သူမျှမသိ။ အမေကကော အရင်လို မျက်ရည်ဝဲနေဦးမှာလား။ တစ်ယောက်ကို တစ်ယောက် သမီးရည်းစားစကား မပြောပါဘဲ နားလည်မှုတွေ၊ သစ္စာသိမှုတွေနဲ့ ရှင်သန်နေတဲ့ ညီမလေးသော်တာသစ်မှူးကကော “ရွာမှာ အပြီးနွားကျောင်းတော့မှာလား အကို”လို့ မေးနေဦးမှာလား။ ဘာမျှ မသေချာ။ မသေချာမှုတွေနဲ့ သေချာခဲ့တဲ့ သူ့အဖို့ မျှော်လင့်ချက်တွေဆိုတာ သူနှင့် ဘာမျှ မဆိုင်သလို ခံစားခဲ့ရသည်မှာ ကြာပြီ။ ရေးဖော်ရေးဖက်၊ သောက်ဖော်သောက်ဖက် သူငယ်ချင်းတွေကကော “ငါတို့တွေ လေထန်ကုန်း ချီတက်ကြစို့”လို့ ခေါ်နေကြဦးမှာလား မပြောတတ်၊။ လွယ်အိပ်ကလေးတစ်လုံးနဲ့ လှည်းတန်း မြေနီကုန်းတစ်ဝိုက်က လဘက်ရည်ဆိုင်လေးတွေကကော အရင်လို ဖန်ချိုတစ်ခွက်နဲ့ မျှော်လင့်ချက်တွေ ထပ်ပေးနေကြဦးမလား။ မရေရာ။ အိမ်အပြန်ခရီးက မသေချာ မရေရာမှုတွေနဲ့ မနွေးထွေးလိုက်တာ အမေရာ။

အရင်က စားနေကျ မြေနီကုန်းသိန်းဇော်ကွမ်းယာဆိုင်လေးကော ရှိမှ ရှိသေးရဲ့လား။ သည်ကောင်က အလောင်းစားဝါသနာပါသူမို့ သူ့အတွက် တခုတ်တရ သတိရမိခြင်းဖြစ်သည်။ ပြီးတော့ ကိုယ်တက်နေကျ ဆရာကြီးဦးမြကြိုင်ရဲ့ အင်္ဂလိပ်စာသင်တန်းကကော အရင်လို စည်ကားသေးရဲ့လား။ နေရာပြောင်းသွား ပီဖြစ်တော့ ကိုယ်ထိုင်နေကျ ဦးရှည်ကြီးလက္ဘက်ရည်ဆိုင်ကလေးကော လိုက်ပြောင်းသေးရဲ့လား။ ကန်းစွန်းရွက် ကြော်နဲ့ ဆွမ်းတော်တင်ခဲ့ရတဲ့ လ တွေကလည်း ရှည်းလျားချေရဲ့ ကိုရန်နောင်ရေ။ ပြီးတော့ နယ်သစ်ဦးမှာ သူများတွေ အတွဲလေးကိုယ်စီထိုင်နေတာ မြင်တော့ ကိုယ်လည်း ထိုင်ချင်တာပေါ့ကွာ။ ဖက်တီးက သွားကို ဖြီးလို့ သူ့နားမှာ ကောင်မလေးတွေ ၀ိုင်းနေရင်။ အခုတော့ ဖက်တီးရော ကိုမင်းသိန်းပါ စင်္ကာပူမှာ ကွမ်းယာလေးတွေ မြုပ်လို့။ ကိုယ့်ရဲ့ အိမ်ထောင်ရေးဖတ်စာ စာအုပ်လေးလုပ်တုန်းက စစ်တမ်းတွေ ၀ိုင်းတွက်ပေးကြတဲ့ သူငယ်ချင်းတွေ (မျိုးမျိုးမော်။ ပန်းအိ။ ထမင်း။ ဇော်လင်းထွေး၊ မေသူ။ ဇော်ကြီးတို့ကော အိမ်ထောင်ရေး စာအုပ်လေးဖတ်ပြီး အိမ်ထောင်တွေ ကျကုန်ကြပြီးလား မသိ။)

(၃)
“အကို ပစ္စည်းတွေ ချဖို့ ပြင်တော့လေ။ ခများကလည်း ရွာနဲ့ ခွဲနေတာ ကြာလို့လား၊ ဒါမှမဟုတ် ကိုယ်တို့အပြည်ပြည်ဆိုင်ရာ ရွာလေဆိပ်ကြီးကိုက ခမ်းနားနေလို့လား။ ဒီလောက် ငေးနေတာ။”

ဟုတ်ပါရဲ့။ လေယဉ်က ရပ်တောင်နေပြီ။ ကိုယ်က အတွေးတွေ မရပ်နိုင်သေး။ ရှိစုမဲ့စု ထည့်လာတဲ့အိပ်ကလေးကို ဆွဲချပြီး လေဆိပ်အဆောက်အဦထဲ ၀င်ဖို့ စောင့်နေကြသည်။ မကြာဘူး။ စက်လှေကားလေးစီးပြီး အောက်ကိုရောက်သွားသည်။ မြန်မာပါတ်စ်ပို့ဆိုတဲ့ နေရာလေးမှာ ၀င်တန်းလိုက်ပြီးတော့ လေယဉ်ဝမ်းဗိုက် ထဲက ပစ္စည်းတွေအလာကို စောင့်နေလိုက်သည်။ ကိုယ့်အိပ်ထွက်လာပီဆိုတော့ ကိုယ့်အိပ်လေးကို ဆွဲ ပြီး လာကြိုသူတွေကို ပြုံးပြနှုတ်ဆက်လိုက်သည်။ ညီမလေးလဲ ပါမလာပါလား။ ဘာကြောင့်ပါလိမ့်..........

“အကို့ အိပ်ကလေး ခဏလောက် စစ်ကြည့်ချင်လို့”

“ ဟာ ရပါတယ် ။စစ်ပါ၊ ဥပဒေနဲ့ မလွတ်တာမပါပါဘူးဗျ၊”

“ ဒီ Appleလက်တော့က သယ်ခွင့်မရှိဘူး။ အခွန်ဆောင်ရမယ်ဗျ။”

“ ဟာ အကိုကလည်း ဒါ ကျွန်တော်သုံးနေကြ အဟောင်းလက်တော့လေးပါ။ အသစ်မှမဟုတ်တာ။ ကျွန်တော့် တစ်ကိုယ်ရေသုံးပစ္စည်လေဗျာ”

“ မရဘူးဗျ။ မဆောင်ရင်တော့ ဗိုလ်မှုးနဲ့ ပေးတွေ့လိုက်ရုံပဲလေ”

သည်လူငွေညစ်နေမှန်းသိသည်။ ကိုယ့်အိမ်ကို ပြန်တာတောင် မလွတ်လပ်၊ မနွေးထွေး။ ရန်သူ သရဲသဘက်တစ်ယောက်လို အစစ်ခံရ၊ အမွှေခံရ။ ဖွတ်ဖွတ်ကျေနေသော ကိုယ့် အိပ်ကလေးကို ပြန်စီထည့်ရင်း စိတ်က တစ်ခါတည်း လေယာဉ်ပေါ်တက် ပြည်ပပြန်ထွက်လိုက်ချင်သည်။

“ အကို ညီမက ဒီမှာလေ”

အသံရာလှမ်းကြည့်လိုက်တော့ ညီမလေး သော်တာသစ်မှူး။ ခုနက ပါမလာဘူးထင်နေတာ။ အခုတော့ ကြည့်စမ်းပါဦး။ ကိုယ့်ညီမလေးက လှလို့။ နည်းနည်းလေးတော့ ပိန်သွားသလိုပဲ။ အမေ့ကို ကြည့်လိုက်တော့ အမေက မျက်ရည်တွေ ရွှဲလို့။ အဖေကတော့ သူ့ပုံစံအတိုင်း အေးတိအေးစက်။ ပစ္စည်းတွေကို ၀ိုင်းသယ်နေတဲ့အချိန် အဖေနဲ့ အမေမသိအောင် ညီမလေးလက်ကို အသာလေး လှမ်းဆွဲလိုက်တာ။ နွေးနွေးနုနု အထိတွေ့လေးကို ရုတ်တရက်ခံစားလိုက်ရသည်။ ကိုယ်တို့ ခံစားချက်တွေကလည်း နွေးနေတုန်းပဲ မဟုတ်လား ညီမလေးရယ်။

(နိဒါန်း)

“မဆုံနိုင်ခင်မှာ မျက်ရည်လဲ ကျရမယ်၊ အချစ်စစ်ရဲ့ သဘော မဖြောင့်ဖြူးဘူးကွယ်။ ဒီလိုချိန်မှာ အားငယ်တိုင်း အရှုံးမပေးနဲ့............”

အဆိုတော် ဆိုင်းထီးစိုင်ရဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်ဆိုသော ဖုံး Ring-toneသံလေးက လူကို တော်တော်ဒုက္ခပေးလိုက်သည်။

“ဟဲလို ပြောပါ။ ကျွန်တော် နေသစ်ပါ”

“ဟဲ့ နေသစ်၊ ငါ နွယ်လေ။ အခု ငါ လေဆိပ်ရောက်နေပီ။ အဲဒါနင့်ကို လှမ်းဖုံးဆက် နှုတ်ဆက်တာ။ နင့်မိဘတွေအတွက် ထည့်ပေးလိုက်တဲ့ ဆေးတွေ ငါသေချာပေးလိုက်ပါ့မယ်။ နင်ကလည်း တစ်ခါတစ်လေ အိပ်ရေးပျက်တာများ။ အခု နင်တို့ဆီမှာ မနက် (၅)နာရီလောက်ရှိပီပေါ့။ ဒီမှာက မနက်စောစော သုံးနာရီဆိုတော့။ ကဲကဲ သေနာ ပြန်အိပ်။ ငါ ဗမာပြည်က ပြန်လာမှ ထပ်နှိပ်စက်တော့မယ်၊ ဒါပဲ။”

ကာလဖိုးနီးယားက သူငယ်ချင်း ဖုံးချသွားတော့မှ ကိုယ့်ကိုယ်ကို ပြန်သေချာ ဆန်းစစ်နေမိသည်။ ခုနက ကိုယ်တ ကယ် ရွာပြန်ရောက်တာ မဟုတ်ဘူးလား။ ဒါဆို အိပ်မက်ပေါ့။ သြော်........အိပ်မက်ထဲမှာတောင် ကိုယ့်ရွာ ကို လွတ်လွတ်လပ်လပ် ပြန်ခွင့်မရှိတဲ့ ဘ၀ပါပဲလားလေ.....။

(ရွှေပြည်ကြီးနှင့် ခွဲခဲ့ရသည့် ကာလတစ်နှစ်ပြည့် အမှတ်တရ)

3/31/10

ညီမလေးလက်ရေး


စကားလုံးတွေနဲ့ တန်ဆာဆင်ထားတဲ့မြို့ကလေး
အဖိုးတန်တံဆိပ်ခေါင်းတစ်ခု ရင်ဘတ်မှာ ထိုးလို့။

ညီမလေးရဲ့ စာထဲမှာ....

အကိုက လ ကိုကြည့်စကားပြောရင်
ညီမက နေကို ငေးပြီး စကားပြောမယ့်အကြောင်း၊

အကိုက ကောင်ကင်ကို မှီနေချိန်မှာ
ညီမက ကြယ်ကလေးတွေကို ခူးဆွတ်မယ့်အကြောင်း၊

အကိုက နေ၀င်ချိန်ကို ရစ်မူးနေချိန်မှာ
ညီမက ဆည်းဆာနဲ့ ရေချိုးမယ့်အကြောင်း၊

အကိုက လ တစ်ခြမ်းပဲ့လေးကို လွမ်းရင်
ညီမက နေတစ်ခြမ်းပဲ့ကို သတိရနေမယ့်အကြောင်း၊

အကိုက ကြယ်ကြွေကောက်နေချိန်မှာ
ညီမက ခရေတွေ ကောက်နေမယ့်အကြောင်း၊

အကိုက နှင်းတွေကြား ကစားနေချိန်မှာ
ညီမ နေခြည်နုနုမှာ ဆော့နေမယ့်အကြောင်း၊

အကိုက ကဗျာတွေ ရေးနေချိန်မှာ
ညီမက အကို့စာတွေ ဖတ်နေမယ့်အကြောင်း၊

အကိုက မိသားစုကို မေတ္တာပို့နေချိန်မှာ
ညီမက မိသားစုထမင်းဝိုင်း ပြင်နေမယ့်အကြောင်း၊

အကိုက ကွန်ပျူတာကိုင်နေချိန်မှာ
ညီမ ဂဏန်းပေါင်းစက်ကိုင်နေမယ့်အကြောင်း၊

အကိုရေ...
အဝေးမှာ နေရတာ ပျော်ရဲ့လား၊
ညညမှာ ထ ထ ငိုနေတုန်းပဲလား၊
ချစ်သော သုဿာန်အဟောင်းမလေးရေလို့ အော်ခေါ်နေတုန်းပဲလား၊
ရန်ကုန်မှာ လိုင်းကားစီးရသလိုပဲ လွမ်းပါတယ်လို့ ပြောချင်တုန်းပဲလား၊
မကြားရတော့တဲ့ အကို့ညာဘက်နားကလေးလိုပဲ တမ်းတတုန်းပဲလား၊
အိပ်မပျော်တဲ့ ညတွေမှာ ကော်ဖီ ထ သောက်တုန်းပဲလား၊
....................................................................လား၊
..........................................................လား၊

တကယ်ဆို
ယုံကြည်ရာမြစ်တစ်ဆင်းနဲ့ စီးဆင်းနေရသူဆိုတာ ကိုယ်ပါ။
အကို့ရဲ့ ညီမလေး






http://h1.ripway.com/twinpoe/favicon.ico